ကလေးငယ်ဘဝမှာ နှိပ်စက်ညှဉ်းပန်းခံခဲ့ရတာတွေကနေ သက်သာပျောက်ကင်းမှုမရှိခဲ့ရင် ဘာဆက်ဖြစ်နိုင်မလဲ။ ကလေးဘဝ စိတ်ဒဏ်ရာကြောင့် ‘ရင်ဆိုင်ခြင်း သို့မဟုတ် ရှောင်ပြေးခြင်း’ အဆင့်ထဲမှာ တုံ့ဆိုင်းနေစေတတ်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိနေပါတယ်။
သုတေသနမှတ်တမ်းတွေအရ နာတာရှည် အလိုအလျောက် အာရုံကြောလှုပ်ရှားမှုစနစ် ယိုယွင်းခြင်း နဲ့ နာတာရှည် ကိုယ်စိတ် မကျန်းမာမှုတွေဟာ ငယ်ဘဝ အနိုင်ကျင့်ခံရတာတွေနဲ့ ဆက်စပ်နေတာပါ။
နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်လိုမျိုး အထိန်းအကွပ်မဲ့စနစ်တွေ ချို့ယွင်းရာကနေ ‘အလိုအလျောက် အာရုံကြောလှုပ်ရှားမှုစနစ်’ မူမမှန်တာတွေ ဖြစ်လာပါတယ်။ အကြောင်းအကျိုး အကောင်းအဆိုးကို လက်သင့်ခံတာ၊ မြဲမြံစွာ သတိကပ်ပြီးနေတာ၊ ကုထုံးခံယူတာနဲ့ လေ့ကျင့်ခန်းလုပ်တာတွေဟာ အလိုအလျောက် အာရုံကြောလှုပ်ရှားမှုစနစ် ယိုယွင်းခြင်းအတွက် အထောက်အကူ ဖြစ်စေပါတယ်။
ငယ်ဘဝမှာ နှိပ်စက်ညှဉ်းပန်းခံရတာကြောင့် နက်နဲတဲ့စိတ်ဒဏ်ရာတွေ ကျန်ခဲ့နိုင်ပြီး တကယ်က စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာထက် ပိုတဲ့ သက်ရောက်မှုတွေ ရှိပါတယ်။ ကိုယ်ထိလက်ရောက် ညှဉ်းပန်းခံရတာနဲ့ လိင်ပိုင်းဆိုင်ရာ ပြုကျင့်ခံရတာတွေအကြား ရုန်းကန်ရှင်သန်လာတဲ့ ကျမအနေနဲ့ စိတ်ဒဏ်ရာတွေဟာ စိတ်ကျန်းမာရေးအပြင် ခန္ဓာကိုယ်ရဲ့ စနစ်တွေကိုပါ ထိခိုက်စေကြောင်း သိခဲ့ရပါတယ်။
နာတာရှည် ပင်ပန်းနွမ်းနယ်တာတွေ၊ အစာခြေစနစ် ပြဿနာတွေ၊ ဆက်တိုက်ဖြစ်တဲ့ နာကျင်ကိုက်ခဲမှုတွေ၊ နှလုံးခုန်မြန်တာတွေနဲ့ ခေါင်းမူးတာတွေကို ကျမဘဝတလျှောက်လုံး ရင်ဆိုင်ဖြတ်သန်းခဲ့ရပါတယ်။
ဆရာဝန်တော်တော်များများနဲ့ တွေ့ခဲ့ပြီးပေမဲ့ အဲဒီလို လက္ခဏာတွေဟာ အတိတ်က စိတ်ဒဏ်ရာနဲ့ ဆက်စပ်နေကြောင်းကို ဘယ်ဆရာဝန်မှ မဖော်ထုတ်နိုင်ခဲ့ပါဘူး။ ကျမရဲ့ ကိုယ်ခံအားစနစ် အားနည်းနေတယ်လို့ ပြောကြပြီး လက္ခဏာတခုစီအတွက် ရောဂါရှာဖွေချက်မျိုးစုံ လုပ်ခဲ့ရပါတယ်။
၂၀၁၇ ခုနှစ်မှာ ပိုဆိုးရွားလာတဲ့ လက္ခဏာတွေကြောင့် အာရုံကြောဆေးခန်းကို သွားပြခဲ့ပါတယ်။ ကျမခန္ဓာကိုယ်ရဲ့ ‘အလိုအလျောက် အာရုံကြောလှုပ်ရှားမှုစနစ်’ ယိုယွင်းနေတာဟာ နှလုံးသွေးကြောလမ်းနဲ့ သွေးလည်ပတ်မှုစနစ်တွေကိုပါ ထိခိုက်စေတယ်လို့ သိရပါတယ်။
ရုတ်တရက် မတ်တတ်ရပ်တဲ့အခါဆိုရင် ကျမခန္ဓာကိုယ်က သွေးပေါင်ချိန်ကို သင့်လျော်အောင် ထိန်းညှိမပေးနိုင်တာကြောင့် သွေးပေါင်ချိန်အတက်အကျကို ညှိဖို့အတွက် နှလုံးခုန်နှုန်း မြန်လာတာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ အဲဒီဆေးခန်းက ဆရာဝန်နဲ့ ဆွေးနွေးခဲ့တာကို ကျမ အခုထိ အမှတ်ရနေတုန်းပါပဲ။ ကျမ ခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာက စိတ်ကျန်းမာရေးကိုသာမက ခန္ဓာကိုယ် ကျန်းမာရေးကိုပါ ထိခိုက်စေတာကို ပထမဆုံး သဘောပေါက်ခဲ့ပါတယ်။
ခန္ဓာကိုယ်တွင်း ‘အလိုအလျောက် အာရုံကြောလှုပ်ရှားမှုစနစ်’ (ANS) ဟာ ပါကင်ဆန်ရောဂါ (ခေါ်) အကြောအားနည်းပြီး ခြေလက်တုန်တဲ့ရောဂါ၊ ကိုယ်ခံအားစနစ် ချို့ယွင်းမှုရောဂါ၊ ဆီးချိုရောဂါတွေနဲ့လည်း ယေဘုယျအားဖြင့် ဆက်စပ်နေတတ်ပါတယ်။ ကျမရဲ့ ရောဂါအခြေအနေတွေကတော့ စိတ်ဒဏ်ရာကြောင့် ဖြစ်နိုင်ပါတယ်။
ဆရာဝန်ပြောပုံအရ ခန္ဓာကိုယ်ရဲ့ ‘အလိုအလျောက် အာရုံကြောလှုပ်ရှားမှုစနစ်’ မူမမှန်ခြင်းဟာ အကြောင်းအရင်းမသိရတဲ့ လက္ခဏာလို့ ထင်ရပေမဲ့ ကျမကြုံတွေ့ခဲ့ရတဲ့ ညှဉ်းပန်းနှိပ်စက်ခံရတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကျမအတွက် အရေးပေါ်အခြေအနေ ဖြစ်ခဲ့တဲ့ မီးလောင်ဒဏ်ဟာ အာရုံကြောတွေကို ပျက်စီးစေခဲ့ပြီး ‘အလိုအလျောက် အာရုံကြောလှုပ်ရှားမှုစနစ်’ ယိုယွင်းလာတဲ့အကြောင်းရင်း ဖြစ်နိုင်ပါတယ်။
ဒီအပိုင်းမှာတော့ ‘ကလေးဘဝ နှိပ်စက်ညှဉ်းပန်းခံရခြင်းက အလိုအလျောက် အာရုံကြောလှုပ်ရှားမှုစနစ်’ အပေါ် သက်ရောက်မှုရှိခြင်းနဲ့ စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း လျော့ကျစေခြင်း အကြောင်းကို ဆက်လိုက်ရအောင်ပါ။
ကလေးဘဝ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုကြောင့် နောက်ဆက်တွဲ စိတ်ဒဏ်ရာခံစားနေရတဲ့ လူနာတဦးက သူ့ဘဝတလျှောက်လုံး “ရင်ဆိုင်ခြင်းနဲ့ ရှောင်ပြေးခြင်း” အခြေအနေထဲမှာပဲ အချိန်ကုန်နေသလို ခံစားရတယ်လို့ ကျမကို ပြောပါတယ်။
စိတ်ဖိစီးစရာ အခြေအနေတွေက နှလုံးခုန်နှုန်းမြန်စေပြီး ‘ရင်ဆိုင်ခြင်း သို့မဟုတ် ရှောင်ပြေးခြင်း တုံ့ပြန်မှု’ ကို လှုံ့ဆော်ရာမှာ အရှိန်မြင့်စေပါတယ်။ စိတ်ဖိစီးစရာ အခြေအနေကို ကျော်လွန်ပြီးတာနဲ့ ‘ပြန်လည်ထိန်းညှိမှုအာရုံကြောစနစ် (PNS)’ ဟာ နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်ကို ပုံမှန်ပြန်ဖြစ်စေပြီး အစာခြေတာကို မြှင့်တင်ပေးသလို ခန္ဓာကိုယ်နဲ့ စိတ်ဖိစီးမှုတွေကို သက်သာစေပါတယ်။
ဒါပေမဲ့ ကလေးဘဝ အနိုင်ကျင့်ခံရတာကြောင့် ဖြစ်လာတဲ့ နာတာရှည်စိတ်ဖိစီးမှုဟာ ကျမတို့ရဲ့ ‘တုံ့ပြန်မှုအာရုံကြောစနစ် (SNS)’ ကို အလွန်အကျွံ တုံ့ပြန်စေတာမျိုး ဖြစ်စေပြီး PNS စနစ်ကိုတော့ ဟန်ချက်ညီအောင် ပြန်လည်ထိန်းညှိရာမှာ ခက်ခဲစေပါတယ်။ အဲဒီစနစ်တွေ မူမမှန်တာက ‘အလိုအလျောက် အာရုံကြောလှုပ်ရှားမှုစနစ်’ ယိုယွင်းခြင်းကို ဖြစ်စေပါတယ် (Dale.L.P 2022)။
‘တုံ့ပြန်မှုအာရုံကြောစနစ်’ ပုံမှန်အလုပ်မလုပ်တဲ့အခါ စိတ်ပိုင်းဆိုင်ရာနဲ့ ခန္ဓာကိုယ်ကို ဆိုးကျိုးသက်ရောက်နိုင်ပါတယ် (Van der Kolk, 2014)။
လေ့လာတွေ့ရှိချက်တွေအရ ကလေးဘဝ ညှဉ်းပန်းခံရခြင်းနဲ့ နာတာရှည် အလိုအလျောက် အာရုံကြောလှုပ်ရှားမှုစနစ် ချို့ယွင်းခြင်းတို့အကြား ခိုင်မာတဲ့ ဆက်နွှယ်မှုကို တွေ့ရပါတယ်။
၁။ နာတာရှည် ‘Cortisol ဟော်မုန်း’ ထုတ်လွှတ်ခြင်း
Cortisol ဟော်မုန်းဆိုတာ ခန္ဓာကိုယ်က စိတ်ဖိစီးမှုကို တုံ့ပြန်တဲ့အခါမှာ လိုအပ်တဲ့ ဟော်မုန်းတမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ အနိုင်ကျင့် နှိပ်စက်ခံရတဲ့အချိန် ကြာလာတဲ့အခါ Cortisol ဟော်မုန်းတွေ ဆက်တိုက်ထွက်ပြီး ‘တုံ့ပြန်မှုအာရုံကြောစနစ်’ ကို ပျက်စီးစေပါတယ်။ အဲဒီလို ဖြစ်လာတဲ့အခါ ခန္ဓာကိုယ်က “ရင်ဆိုင်ခြင်းနဲ့ ရှောင်ပြေးခြင်း“ အဆင့်မှာ ပိတ်မိနေတတ်ပြီး ဟန်ချက်ညီတဲ့ အခြေအနေကို ပြန်ရဖို့ ခက်ခဲပါတယ်။
၂။ ဟန်ချက်မညီတဲ့ အလိုအလျောက်တုံ့ပြန်ခြင်း
‘SNS (ခေါ်) တုံ့ပြန်မှုအာရုံကြောစနစ်’ အပြင်းအထန်တုံ့ပြန်ပြီး ‘PNS (ခေါ်) ပြန်လည်ထိန်းညှိမှု အာရုံကြောစနစ်’ က လိုအပ်တာထက် ပိုလှုပ်ရှားရတာတွေကြောင့် စိတ်ဖိစီးရာကနေ ပြန်ကောင်းလာနိုင်စွမ်းကို ထိခိုက်စေပါတယ်။ နောက်ဆက်တွဲအနေနဲ့ နာတာရှည် ကိုက်ခဲတဲ့ ဝေဒနာတွေ၊ နှလုံးခုန်နှုန်း မမှန်တာတွေ၊ ခန္ဓာကိုယ်အပူချိန် ထိန်းညှိတဲ့အခါနဲ့ အစာခြေတဲ့အခါ အခက်အခဲတွေ ဖြစ်စေပါတယ်။
၃။ HRV (ခေါ်) နှလုံးခုန်နှုန်းပြောင်းလဲခြင်း
HRV မြင့်ရင် စိတ်ဖိစီးရာကနေ ပြန်လည်သက်သာအောင် လုပ်တဲ့အခါ သက်ရောက်မှု ရှိစေပါတယ်။ တဖက်မှာလည်း HRV နိမ့်တဲ့အခါ ခန္ဓာကိုယ်ရဲ့ အလိုအလျောက်စနစ်တွေကို ထိခိုက်စေပြီး စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း မရှိတော့တာမျိုး ဖြစ်စေပါတယ်။
ခန္ဓာကိုယ်တွင်း အလိုအလျောက် အာရုံကြောလှုပ်ရှားမှုစနစ် ယိုယွင်းခြင်းရဲ့ လက္ခဏာရပ်တွေက ဒါတွေပါ။
နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန် အတက်အကျများခြင်း ။ ။ နှလုံးခုန်နှုန်း မူမမှန်ဘဲ မြန်လွန်းတာမျိုး ဒါမှမဟုတ် နှေးကွေးတာမျိုး ဖြစ်တတ်ပါတယ်။
ခေါင်းမူးခြင်းနဲ့ မူးဝေခြင်း ။ ။ အထူးသဖြင့် ရုတ်တရက် မတ်တပ်ထရပ်တဲ့အခါ ခန္ဓာကိုယ်က သွေးပေါင်ချိန်ထိန်းညှိဖို့ လှုပ်ရှားရုန်းကန်ရတာကြောင့် မူးနောက်ပြီး မျက်လုံးထဲပြာဝေသွားတာမျိုး ဖြစ်တတ်ပါတယ်။
အစာခြေခြင်းပြဿနာ ။ ။ ခန္ဓာကိုယ်က အစာခြေဖို့ အပြင်းအထန် လှုပ်ရှားရတဲ့အခါမှာ ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှော၊ ဝမ်းဖောဝမ်းရောင်နဲ့ ပျို့အန်ခြင်းတို့လို အစာခြေပြဿနာတွေ ဖြစ်စေပါတယ်။
အပူချိန်ထိန်းညှိဖို့ အခက်အခဲ ။ ။ ခန္ဓာကိုယ်မှာ အပူများလွန်းတာမျိုး ဒါမှမဟုတ် အေးလွန်းတာမျိုးနဲ့ ချွေးထွက်လွန်တာမျိုးတွေ ဖြစ်တတ်ပြီး ခန္ဓာကိုယ်အပူချိန်ကို မျှတအောင် ထိန်းညှိဖို့ ခက်ခဲစေပါတယ်။
ဆီးလမ်းကြောင်း ပြဿနာ ။ ။ ဆီး မကြာခဏသွားချင်တာမျိုး၊ ဆီးမထိန်းနိုင်တာမျိုးတွေ ဖြစ်ပါတယ်။
ပင်ပန်းနွမ်းနယ်မှု ။ ။ စိတ်ဖိစီးမှု ရှည်ကြာပြီး တုံ့ပြန်မှုအာရုံကြောစနစ် အလွန်အကျွံ အလုပ်လုပ်တဲ့အခါ ခန္ဓာကိုယ်က အမြဲနိုးကြားနေပြီး ပင်ပန်းနွမ်းနယ်တာတွေ ဖြစ်လာပါတယ်။
စိတ်ခံစားချက် အတက်အကျမြန်ခြင်းနဲ့ စိုးရိမ်ပူပန်ခြင်း ။ ။ ခန္ဓာကိုယ်အတွင်း အလိုအလျောက် အာရုံကြောလှုပ်ရှားမှုစနစ် ယိုယွင်းလာခြင်းဟာ စိတ်ခံစားချက်တွေကို သင့်လျော်အောင် ထိန်းညှိဖို့ ခက်ခဲစေပြီး စိတ်ခံစားချက် မတည်ငြိမ်တာ၊ စိုးရိမ်စိတ်လွန်ကဲတာနဲ့ စိတ်တိုလွယ်တဲ့ ပြဿနာတွေ ဖြစ်စေပါတယ်။
အခြားလက္ခဏာတွေအနေနဲ့ ခေါင်းကိုက်တာ၊ အားနည်းတာ၊ မောဟိုက်လွယ်တာ၊ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် မလုပ်နိုင်တာ၊ အမြင်အာရုံပြဿနာတွေနဲ့ နောက်ကျော၊ ပခုံး၊ ရင်ဘတ် နာကျင်တာတွေ ဖြစ်တတ်ပါတယ်။
အလိုအလျောက် အာရုံကြောလှုပ်ရှားမှုစနစ် ပျက်စီးခြင်းကို ကိုင်တွယ်ဖြေရှင်းနည်းတွေ ရှိပါသေးတယ်။
၂၀၁၇ ခုနှစ်တုန်းက ကျမရဲ့ အာရုံကြောစနစ် ယိုယွင်းနေတာကို သိတဲ့အချိန်မှာ ဒီလက္ခဏာတွေက သိပ်မဆိုးရွားသေးပါဘူး။ ၇ နှစ်ကြာပြီးအခါမှာတော့ အဲဒီလက္ခဏာတွေက သိသိသာသာ ဆိုးရွားနေခဲ့ပြီး ကျမရဲ့ စွမ်းရည်တွေနဲ့ နေ့စဉ်ဘဝကို ထိခိုက်စေပါတယ်။ ကျမအနေနဲ့ အဲဒီလိုအခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့တာ ဘာကြောင့်များပါလဲ။
လက်ခံခြင်း ။ ။ လက်ခံလိုက်တာဟာ ကျမဖြစ်နေတဲ့ အခြေအနေတွေကို ကြိုက်တယ်လို့ မဆိုလိုပါဘူး။ အဲဒီလို နှိပ်စက်ညှဉ်းပန်းခံခဲ့ရတာဟာ ကျမခန္ဓာကိုယ်ရဲ့ ‘အလိုအလျောက် လှုပ်ရှားမှုစနစ်’ ကို ထိခိုက်စေတယ်လို့ နားလည်လက်ခံလိုက်တာပဲ ဖြစ်ပါတယ်။ ကျမရဲ့ခန္ဓာကိုယ် သက်တောင့်သက်သာရှိဖို့ လိုအပ်တာကြောင့် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်စောင့်ရှောက်ဖို့အတွက်ပဲ အာရုံထားလိုက်ပါတယ်။
စိတ်ကုထုံးခံယူခြင်း ။ ။ စိတ်ကုထုံး ခံယူနေစဉ်အတွင်းမှာ စိတ်ပညာရှင်တွေက အထောက်အကူဖြစ်စေဖို့ ကူညီပေးကြပါတယ်။ ကျမရဲ့လက္ခဏာတွေ သိသိသာသာ ဆိုးရွားလာပြီး အလုပ်နဲ့ မိသားစုအပေါ် အာရုံထားနိုင်စွမ်းကို ထိခိုက်လာတဲ့အခါ ကျမရဲ့ စိတ်ပညာရှင်ဆီကို ပြန်သွားခဲ့ရပါတယ်။
သတိဖြင့်နေထိုင်ခြင်း ။ ။ အသက်ဝဝရှူရတဲ့ လေ့ကျင့်ခန်းတွေနဲ့ စိတ်ဖိစီးမှုဒဏ်ကို ခံနိုင်ရည်ရှိစေတဲ့ အလေ့အကျင့်တွေကို ပုံမှန်လုပ်ပါတယ်။ နေ့စဉ် ကျမရဲ့မျက်နှာပေါ် ရေခဲကပ်တာဟာ နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေပြီး အာရုံမကောင်းတာမျိုး ခံစားရတဲ့အခါ စိုးရိမ်မှုလွန်ကဲတာကို သက်သာစေပါတယ်။
လေ့ကျင့်ခန်းလုပ်ခြင်း ။ ။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေအစား လမ်းလျှောက်ခြင်းနဲ့ အကြောဆန့် လေ့ကျင့်ခန်းတွေလုပ်ဖို့ သတ်မှတ်ထားပါတယ်။ ညင်သာတဲ့လှုပ်ရှားမှုတွေကတောင် စိတ်ဖိစီးမှုကို လျော့ကျစေပြီး ကျမခန္ဓာကိုယ်အတွင်းက အလိုအလျောက် လှုပ်ရှားမှုစနစ်ကို အထောက်အကူ ဖြစ်စေရုံသာမက စိတ်နဲ့ခန္ဓာ အလုံးစုံကျန်းမာမှုနဲ့ ခံနိုင်ရည်စွမ်းကို မြင့်စေပါတယ်။
မတူညီတဲ့ ညှဉ်းပန်းနှိပ်စက်မှု ပုံစံမျိုးစုံကို ခံရတဲ့သူတွေဟာ မတူညီကြတဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေမျိုးစုံ ရှိတာကြောင့် အနိုင်ကျင့်ခံရမှုပုံစံ၊ တဦးချင်းစီရဲ့ ခံနိုင်ရည်စွမ်း၊ ဇီဝအာရုံကြောဆိုင်ရာ သက်ရောက်မှု၊ လူမှုပတ်ဝန်းကျင်နဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေပေါ် မူတည်ပြီး အခြေအနေတွေ ကွဲပြားနိုင်ပါတယ်။
အပေါ်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်းတွေကတော့ အဲဒီလိုဖြစ်ရပ်တွေကနေ လွတ်မြောက်ဖို့အတွက် အကျိုးရှိစေမယ်လို့ မျှော်လင့်ပါတယ်။
စတေစီ အာရ် ပင်နတယ်လီ
ဘာသာပြန်-ယမင်း
Ref: Psychology Today
“When the Body Doesn’t Heal After Childhood Abuse” By Stacey R. Pinatelli, PsyD