Home
နိုင်ငံတကာ
ထရမ့်ပ် ခြိမ်းခြောက်ပြီးနောက် ရွှေ့ပြောင်းပြန်ပို့လေယာဉ်ကို လက်ခံရန် ကိုလံဘီယာ သဘောတူ
DVB
·
January 27, 2025
Photo : REUTERS / DVIDS

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကိုလံဘီယာနိုင်ငံကို စည်းကြပ်ခွန်တိုးကောက်မယ်၊ အရေးယူပိတ်ဆို့မှုတွေ လုပ်မယ်လို့ ကြေညာခဲ့အပြီးမှာ ရွှေ့ပြောင်းပြန်ပို့လေယာဉ်တွေကို ကန့်သတ်ချက်မထားဘဲ လက်ခံဖို့ ကိုလံဘီယာဘက်က သဘောတူလိုက်ပြီလို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

တနင်္ဂနွေနေ့က ရွှေ့ပြောင်းတွေပြန်ပို့တဲ့ အမေရိကန်စစ်လေယာဉ် ၂ စင်းကို ကိုလံဘီယာက လက်မခံခဲ့တဲ့အတွက် ကိုလံဘီယာကုန်စည်အားလုံးအပေါ် အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်ဖို့ ထရမ့်ပ်က အမိန့်ထုတ်ခဲ့ပါတယ်။

ထရမ့်ပ်ရဲ့ လက်တုံ့ပြန်မှု အစီအစဉ်မှာ အမေရိကန်ထဲကို ဝင်ရောက်တဲ့ ကိုလံဘီယာကုန်စည် အားလုံးအပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း ချမှတ်ဖို့အပြင် တပတ်အတွင်း ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ဖို့၊ ကိုလံဘီယာအစိုးရ တာဝန်ရှိသူတွေကို ခရီးသွားလာခွင့်ပိတ်ဖို့၊ ဗီဇာပယ်ဖျက်ဖို့တွေလည်း ပါဝင်ပါတယ်။

အရေးပေါ် ဘဏ္ဍာရေး၊ ဘဏ်လုပ်ငန်းနဲ့ ငွေရေးကြေးရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုတွေ လုပ်ဖို့ပါ ပါဝင်ပါတယ်။

ဒါ့အပြင် ကိုလံဘီယာနိုင်ငံသားတွေနဲ့ ကုန်စည်တွေအပေါ် နယ်စပ်မှာ စစ်ဆေးမှုတိုးမြှင့်ဖို့လည်း ပါဝင်ပါတယ်။

လက်တင်အမေရိကမှာ အမေရိကန်ရဲ့ တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်တဲ့ ကိုလံဘီယာကလည်း ချက်ချင်းတုံ့ပြန်ခဲ့ပြီး အမေရိကန်သွင်းကုန်ကို ၂၅ ရာခိုင်နှုန်း စည်းကြပ်ခွန်တိုးဖို့ ညွှန်ကြားထားတယ်လို့ ကိုလံဘီယာသမ္မတ ဂူစတာဗို ပေဒရိုက  အစောပိုင်းမှာ တုံ့ပြန်ခဲ့ပါတယ်။

ရွှေ့ပြောင်းတွေကို အရပ်ဘက်လေယာဉ်နဲ့ ပြန်ပို့ရင် ကြိုဆိုသွားမှာဖြစ်ပြီး ရာဇဝတ်ကောင်တွေလို လက်ထိပ်ခတ် ပို့တာကိုတော့ လက်မခံဘူးလို့ ကိုလံဘီယာသမ္မတက ဖြေရှင်းခဲ့ပါတယ်။

ဒါပေမဲ့ တရက်တောင်မကြာဘဲ အမေရိကန်စစ်လေယာဉ်နဲ့ ပြန်ပို့တာကို အကန့်အသတ်မရှိ၊ မနှောင့်နှေးဘဲ လက်ခံဖို့ ကိုလံဘီယာဘက်က သဘောတူလိုက်တာဖြစ်တယ်လို့ အိမ်ဖြူတော်က ကြေညာပါတယ်။

အခွန်စည်းကြပ်ဖို့မူကြမ်းက အပြည့်အဝ ပြင်ဆင်ပြီးသားဖြစ်တာကြောင့် ကိုလံဘီယာဘက်က မလိုက်နာရင် အကောင်အထည်ဖော်ဖို့ အသင့်ရှိတယ်လို့ပါ အိမ်ဖြူတော်က သတိပေးထားပါတယ်။

ဒီလို လေယာဉ်ခရီးစဉ်တွေကို ကိုလံဘီယာသမ္မတက လက်မခံတာဟာ အမေရိကန် အမျိုးသားလုံခြုံရေးကို ထိခိုက်စေနိုင်တယ်လို့ ထရမ့်ပ်က သူ့လူမှုကွန်ရက် Truth Social မှာ ရေးသားခဲ့ပါတယ်။

ကိုလံဘီယာသမ္မတ ပက်ထရိုကတော့ ရွှေ့ပြောင်းတွေကို အရပ်ဘက်လေယာဉ်နဲ့ ပြန်ပို့ရင် ကြိုဆိုသွားမှာဖြစ်ပြီး ရာဇဝတ်ကောင်တွေလို လက်ထိပ်ခတ်ပို့တာကိုတော့ လက်မခံဘူးလို့ ဖြေရှင်းပါတယ်။

ကိုလံဘီယာဟာ အမေရိကန်ရဲ့ ရွှေ့ပြောင်းနှင်တဲ့ စစ်လေယာဉ်တွေကို လက်ခံဖို့ ငြင်းဆန်တဲ့ ဒုတိယမြောက် လက်တင်အမေရိကနိုင်ငံ ဖြစ်ပါတယ်။

မက္ကဆီကိုကလည်း ပြီးခဲ့တဲ့အပတ်က ရွှေ့ပြောင်းသယ်လာတဲ့ အမေရိကန်စစ်လေယာဉ်ကို လက်မခံခဲ့ပါဘူး။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013