Home
ရုပ်သံ
ထိုင်းနိုင်ငံတွင် လိင်တူထိမ်းမြားခွင့် စတင်အသက်ဝင်
DVB
·
January 23, 2025
Photo-Reuters
Photo-Reuters

ထိုင်းနိုင်ငံမှာ လိင်တူချစ်သူတွေအတွက် သမိုင်းဝင်ထိမ်းမြားလက်ထပ်ခွင့်ဥပဒေ ဇန်နဝါရီ ၂၃ ရက်က စတင်အသက်ဝင်ပြီး အာရှအရှေ့တောင်ပိုင်းမှာ ပထမဆုံး လိင်တူလက်ထပ်ခွင့် အသိအမှတ်ပြုတဲ့ နိုင်ငံဖြစ်လာပါပြီ။

ဒီဥပဒေအရ လိင်တူချစ်သူတွေဟာ မိသားစုထူထောင်ခွင့်၊ ဥပဒေကြောင်းအရ အခွင့်အရေးတွေ၊ ငွေကြေးဆိုင်ရာနဲ့ ဆေးဝါးကုသခွင့်တွေ၊ ကလေးမွေးစားခွင့်နဲ့ အမွေဆက်ခံခွင့်တွေ အပါအဝင် အခွင့်အရေးတွေကို ရရှိမှာ ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ဖဲထောင်ထန်းရှင်နာဝပ်က "ထိုင်းနိုင်ငံဟာ မတူကွဲပြားမှုတွေကို ထွေးပွေ့ကြိုဆိုပြီး ချစ်ချင်းတရားရဲ့ ပုံစံအမျိုးမျိုးကို လက်ခံဖို့ အဆင်သင့်ဖြစ်နေကြောင်း ပြသနေပါတယ်" လို့ ပြောပါတယ်။

ဘန်ကောက်မြို့လယ်မှာဆိုရင် စုံတွဲ ၂၀၀ လောက် အစုလိုက်လက်ထပ်ပွဲမှာ ပါဝင်ဖို့ စာရင်းပေးထားကြပါတယ်။

မြို့တော်တဝန်းမှာ သက်တန့်ရောင်အလံတွေ လွှင့်ထူထားပြီး အနုပညာရှင်တွေနဲ့ drag queen တွေရဲ့ ဖျော်ဖြေမှုတွေနဲ့အတူ အခမ်းအနားကို ကျင်းပနေကြပါတယ်။

နီနာ ချက်နီဖက် ချွာဒ်ခွန်သွတ်လို Transgender အမျိုးသမီးတယောက်အတွက်တော့ ဒီနေ့ဟာ အိပ်မက်တွေ အကောင်အထည်ပေါ်တဲ့နေ့ပါ။ သူနဲ့ သူရဲ့ ရည်းစားဖြစ်သူတို့ နှစ်ပေါင်း ၂၂ နှစ်ကြာ စောင့်ဆိုင်းခဲ့ရပြီးနောက် အခုမှ တရားဝင်လက်ထပ်ခွင့်ရတာပါ။

ဒါပေမဲ့ လူ့အခွင့်အရေး ကာကွယ်သူတွေကတော့  ထိုင်းအပြင် အာရှမှာ နောက်ထပ် လိင်တူချစ်သူတွေရဲ့ အခွင့်အရေးကို အသိအမှတ်ပြုဖို့ အလားအလာရှိတဲ့ နိုင်ငံမရှိသေးဘူးလို့ သုံးသပ်နေကြပါတယ်။

ထိုင်းနိုင်ငံမှာလည်း Transgender လူ့အဖွဲ့အစည်းအတွက် တိုက်ပွဲက ဆက်လက်ရှိနေပါသေးတယ်။

လူဦးရေ သုံးသိန်းကျော်ရှိတဲ့ Transgender လူထုအတွက် လိင်ဝိသေသခံယူချက် ပြောင်းလဲခွင့်ကို ဥပဒေအရ အသိအမှတ်ပြုဖို့ ဆက်လက်တိုက်ပွဲဝင်နေရဆဲ ဖြစ်ပါတယ်။ 

ကမ္ဘာတဝန်း လိင်တူလက်ထပ်ခွင့်ကို အသိအမှတ်ပြုထားတဲ့ နိုင်ငံနဲ့ နယ်မြေ ၃၀ ကျော်ပဲ ရှိပါသေးတယ်။ အာရှမှာတော့ ထိုင်းက ထိုင်ဝမ်နဲ့  နီပေါပြီးရင် တတိယမြောက်ဖြစ်ပါတယ်။

Photo: Reuters 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024