ကျားဖြန့် အွန်လိုင်းငွေလိမ်ရာဇဝတ်ဂိုဏ်းတွေထဲ ပိတ်မိနေတဲ့ လုပ်သား ၅၅,၀၀၀ ကျော်ကို နယ်စပ်ဒေသတွေကနေ သက်ဆိုင်ရာ နိုင်ငံတွေကို ပြန်လည်လွှဲပြောင်းပေးပို့ခဲ့တယ်လို့ မြန်မာစစ်ကောင်စီပြန်ကြားရေးက ဇန်နဝါရီ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။
အိမ်နီးချင်းနိုင်ငံတွေကကပါ ကျားဖြန့် အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေကို တိုက်ဖျက်ရာမှာ ပါဝင်ဖို့ တောင်းဆိုနေချိန်မှာ ဒီသတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှုလုပ်ဆောင်တဲ့ ရာဇဝတ်ဂိုဏ်းတွေနဲ့ ဆက်စပ်တဲ့ အဆောက်အဦတွေ မြန်မာနယ်စပ်တလျှောက်မှာ ပေါများလာနေပြီး နိုင်ငံခြားသားတွေဟာလည်း အဲဒီနေရာတွေမှာ အလုပ်လုပ်ဖို့အတွက် ကိုယ့်နိုင်ငံသားအချင်းချင်း ဖျားယောင်းသွေးဆောင်ပြီး လူကုန်ကူးခံရတာတွေ ရှိနေပြီး အဆိုပါလုပ်ငန်းတွေကနေ နှစ်စဉ် ဒေါ်လာ ဘီလီယံနဲ့ချီ ရရှိနေကြတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။
မြန်မာနိုင်ငံထဲမှာ ရွှေကုက္ကိုလ်နဲ့ KK Park အပါအဝင် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ လောင်းကစားရုံတွေ အများအပြား ရှိနေတဲ့အကြောင်း စစ်ကောင်စီက ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၅ ရက်ကနေ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်အထိ နယ်စပ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံခြားသား စုစုပေါင်း ၅၅,၇၁၁ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးခဲ့တာဖြစ်ပြီး အဲဒီထဲက ၅၃,၀၀၀ ကျော်ကိုတော့ တရုတ်နိုင်ငံကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ကျားဖြန့် အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေထဲ (တရုတ်နိုင်ငံပြီးရင်) ဗီယက်နမ်နိုင်ငံက လူ ၁,၁၀၀ ကျော်နဲ့ ဒုတိယအများဆုံးဖြစ်ပြီး သူ့နောက်မှာတော့ ထိုင်းနိုင်ငံက ၆၀၀ ကျော်နဲ့ ရှိနေသလို ကျန်တဲ့သူတွေကတော့ ဖိလစ်ပိုင်၊ မလေးရှား၊ တရုတ်(တိုင်ပေ)၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ နီပေါ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ရုရှား၊ ယူဂန်ဒါ၊ အီဂျစ်၊ မော်ရိုကို၊ အီသီယိုးပီးယား စတဲ့ နိုင်ငံပေါင်း ၂၅ နိုင်ငံကလာသူတွေဖြစ်တယ်လို့ စစ်ကောင်စီသတင်းမှာ ဖော်ပြပါတယ်။
ဒါ့အပြင် ဒီကိစ္စမှာ တာဝန်ရှိသူတွေက မြန်မာနိုင်ငံသားတွေ၊ ဒါမှမဟုတ် သာမန် နိုင်ငံခြားသား အရပ်သားတွေ မဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံတွေဆီကနေ မြန်မာနိုင်ငံဘက်ကို တရားမဝင် ဝင်ရောက်လာတဲ့ “ဝရမ်းပြေး ပြစ်မှုကျူးလွန်သူတွေ” ဖြစ်တယ်လို့ ထည့်သွင်းဖော်ပြထားသလို အွန်လိုင်းလိမ်လည်မှုတွေနဲ့ အွန်လိုင်းလောင်းကစားတွေကို တိုက်ဖျက်ရာမှာ ပူးပေါင်းပါဝင်ပေးကြဖို့လည်း အိမ်နီးချင်းနိုင်ငံတွေကို တောင်းဆိုထားတာပါ။
အလားတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း တရားဥပဒေစိုးမိုးရေးနဲ့ အွန်လိုင်းလိမ်လည်မှုတွေအတွက် ဖွဲ့စည်းလိုက်တဲ့ ဇင်ယော် စစ်ဆင်ရေးအတွင်း ဆက်သွယ်ရေး လိမ်လည်မှုဆိုင်ရာ လူပေါင်း ၇၀,၀၀၀ ကျော်ကို ဖမ်းမိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဇင်ယော် တရားဥပဒေစိုးမိုးရေး ပူးပေါင်းလှုပ်ရှားမှုဟာ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံ ၆ နိုင်ငံပေါင်းပြီး ဆက်သွယ်ရေးလိမ်လည်မှု၊ ကွင်းဆက်ရာဇ၀တ်မှုတွေနဲ့ လက်နက်ခဲယမ်းမှောင်ခိုမှုတွေအတွက် ဖွဲ့စည်းခဲ့ကြတာလို့ ဆိုပါတယ်။
အဲဒီလှုပ်ရှားမှုကနေ ရာဇဝတ်မှုပေါင်း ၁၆၀ ကို စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး လူပေါင်း ၇၀,၀၀၀ ကျော် ဖမ်းဆီးခဲ့ကာ ပြည်သူ အယောက် ၁၆၀ ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုစင်တာက ဇန်နဝါရီ ၂၁ ရက်က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမှာ “ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှု ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကို ကျင်းပခဲ့ပြီးနောက် အခုလို သတင်းထုတ်ပြန်လာတာ ဖြစ်ပါတယ်။
အခုနှစ်ထဲမှာလည်း “ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှု ဒုတိယအပိုင်းကို စတင်သွားမှာဖြစ်ပြီး ဆက်သွယ်ရေးလိမ်လည်မှုနဲ့ ကွင်းဆက်ရာဇ၀တ်မှုတွေကို အဆက်မပြတ် တိုက်ဖျက်သွားမယ်လို့ တရုတ်သံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီအစည်းအဝေးကိုတော့ ကမ္ဘောဒီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန၊ လာအိုနိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနနဲ့ ကာကွယ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ တော်ဝင်ရဲတပ်ဖွဲ့၊ ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့က ကိုယ်စားလှယ်အဖွဲ့တွေ တက်ရောက်ကြပြီး ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC)၊ အာဆီယံရဲတပ်ဖွဲ့ စတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကိုလည်း ဖိတ်ကြားခဲ့တယ်လို့ ဆိုပါတယ်။
ဟောင်ကောင်အာဏာပိုင်တွေကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ ဟောင်ကောင်ဒေသခံတယောက် ပြန်လွတ်လာပေမဲ့ ၁၀ ယောက် ကျန်နေသေးတဲ့အတွက် ပြန်လွတ်လာရေး ပိုမိုအားစိုက်ဆောင်ရွက်သွားမယ်လို့ ဟောင်ကောင် ခေါင်းဆောင် ဂျွန်လီးက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
၂၀၂၄ ခု နှစ်လယ်ပိုင်းလောက်ကစပြီး မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ဟောင်ကောင်ဒေသခံ ၂၈ ယောက်ရဲ့ မိသားစုတွေရဲ့ အကူအညီတောင်းခံမှု ရရှိထားပြီး ၁၈ ယောက်ကတော့ ပြန်လည် ကယ်ထုတ်နိုင်ခဲ့ကာ ၁၀ ယောက် ကျန်နေသေးတာလို့ ဆိုပါတယ်။
ထိုင်း-မြန်မာနယ်စပ် ကျားဖြန့် အွန်လိုင်းငွေလိမ်ရာဇဝတ်ဂိုဏ်းတွေထဲ လူကုန်ကူးခံရတဲ့ ဟောင်ကောင်ဒေသခံတွေ လွတ်မြောက်ရေးအတွက် ထိုင်းအစိုးရက မြန်မာကို ဖိအားပေးနေတယ်လို့ ဟောင်ကောင် The Standard HK သတင်းတပုဒ်မှာ ဇန်နဝါရီ ၂၁ ရက်က ဖော်ပြပါတယ်။
မိသားစုတွေအရေး ကူညီဆောင်ရွက်ပေးနေသူ ဟောင်ကောင် ခရိုင်ကောင်စီဝင်ဟောင်း အန်ဒီယု တာ့ခ်ပိုက နောက်ထပ် ဟောင်ကောင်ဒေသခံတယောက် လွတ်မြောက်လာတာက မြန်မာစစ်တပ်အပေါ် ထိုင်းအစိုးရရဲ့ တိုက်ရိုက်ဖိအားပေးမှုကြောင့်ဖြစ်တယ်လို့ ယူဆကြောင်း ပြောလိုက်တာပါ။
မြန်မာကျားဖြန့်ဂိုဏ်းကနေ လွတ်မြောက်လာသူရဲ့ ဆွေမျိုးတွေက ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ဆီ ဆက်သွယ်ဖို့ ဒေသခံ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အကူအညီကို ဦးစွာရယူခဲ့ပြီး ဟောင်ကောင်အစိုးရဆီ အကူအညီ တောင်းခံခဲ့ကြောင်းလည်း သူက ပြောပါတယ်။
အဆိုပါ အသက် ၂၉ နှစ်အရွယ် အမျိုးသားဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ “KK Park” လို့ လူသိများတဲ့ ကျားဖြန့်ဂိုဏ်းထဲ ပိတ်မိနေခဲ့ကာ ဇန်နဝါရီ ၁၉ ရက်မှာမှ ပြန်လည်လွတ်မြောက်လာပြီး ထိုင်းနိုင်ငံမှာရှိနေကာ ဟောင်ကောင်ကို ပြန်လည်ရောက်ရှိမယ့် ရက်ကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
သူဟာ မိသားစုနဲ့ ခဏတာ ဖုန်းအဆက်အသွယ် ရရှိခဲ့ပြီး ရက်လွန်နေထိုင်ခကို ပေးဆောင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စုံစမ်းစစ်ဆေးမှုတွေကြောင့် ဟောင်ကောင်ကို ချက်ချင်းပြန်ဖို့ မဖြစ်နိုင်သေးဘဲ သူ့ရဲ့ ကျန်းမာရေး အလုံးစုံ ကောင်းမွန်တယ်လို့ ယုံကြည်ရကြောင်းလည်း မစ္စတာ ယုက ပြောပါတယ်။
ဒါ့အပြင် ထိုင်းနဲ့ မြန်မာနိုင်ငံအပေါ် ဗဟိုအစိုးရတွေရဲ့ ဖိအားတွေ တိုးမြင့်လာတာကြောင့် ကျားဖြန့်ဂိုဏ်းတွေထဲ ပိတ်မိနေတဲ့ ဟောင်ကောင်ဒေသခံတွေ ပိုမိုလွတ်မြောက်လာနိုင်တယ်လို့ ယုံကြည်ကြောင်း ဆိုပါတယ်။
ဒါပေမဲ့ မကြာသေးခင်က ကျားဖြန့်ဂိုဏ်းတွေထဲ ပိတ်မိနေသူတွေရဲ့ တချို့သော မိသားစုဝင်တွေက သူတို့နဲ့ အဆက်အသွယ်ပြတ်တောက်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ရှုပ်ထွေးစေမယ့် အလားအလာရှိတဲ့ လွှဲပြောင်းမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း စိုးရိမ်မှုတွေ မြင့်တက်လာနိုင်တယ်လို့ သူက သတိပေးထားပါတယ်။
ဇန်နဝါရီ ၁၂ ရက်မှာတော့ မြန်မာနယ်စပ် ကျားဖြန့် အွန်လိုင်းလိမ်လည် ရာဇဝတ်ဂိုဏ်းတွေထဲ ပျောက်ဆုံးနေသူတွေ လွတ်မြောက်ရေးအတွက် ထိုင်းနိုင်ငံ လုံခြုံရေးတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ဟောင်ကောင် လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့တဖွဲ့ စေလွှတ်ထားပါတယ်။
အဆိုပါအဖွဲ့ဟာ ထိုင်းနိုင်ငံက တရုတ်သံရုံးအာဏာပိုင်တွေ၊ သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေနဲ့ တွေ့ဆုံပြီးတော့ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ပိတ်မိနေသူတွေကို ရှာဖွေရာမှာ စုံစမ်းထောက်လှမ်းရေးဆိုင်ရာ ကိစ္စတွေအတွက် အကူအညီတွေ လဲလှယ်တောင်းဆိုကြမယ်လို့ ဆိုပါတယ်။
ဟောင်ကောင်လုံခြုံရေးဗျူရိုကတော့ ၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ်ကာလတွေ ကတည်းက ဟောင်ကောင်သားတွေဟာ အရှေ့တောင်အာရှဒေသတွေ အတွင်းက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေထဲ ကျွန်တွေလို အခြေအနေမျိုးနဲ့ အလုပ်လုပ်ဖို့ ဖြားယောင်း သွေးဆောင်ခံရတယ်လို့ သံသယရှိတဲ့အကြောင်းလည်း ထုတ်ပြန်ပါတယ်။
ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်က ခုလိုကိစ္စတွေက ထိုင်းနိုင်ငံရဲ့ ခရီးသွား လုပ်ငန်းကဏ္ဍကို ထိခိုက်စေပြီး အစိုးရအနေနဲ့ တရုတ်နဲ့ နိုင်ငံတကာ ခရီးသွားတွေအကြား ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့ လုပ်ဆောင်နေတယ်လို့ ပြောထားပါတယ်။
မြဝတီ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းမှာ လူကုန်ကူးခံရတဲ့ တရုတ်သရုပ်ဆောင် ဝန်ဇင်းရဲ့ အမှုကိစ္စ အပါအဝင် သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက်မှာ ဟောင်ကောင်အဆိုတော် အီဆန်ချန်းရဲ့ ဘန်ကောက်ဖျော်ဖြေပွဲခရီးစဉ်ကို ဖျက်သိမ်းလိုက်သလို ကျားဖြန့်ဂိုဏ်းတွေရဲ့ အန္တရာယ်တွေကြောင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသတွေကို ခရီးမသွားဖို့ အနီရောင်အဆင့်အဖြစ် ဟောင်ကောင်အာဏာပိုင်တွေက သတ်မှတ်ထားပါတယ်။
ကရင်ပြည်နယ်၊ မြဝတီ၊ ဖာပွန်၊ ဘားအံနဲ့ ကော့ကရိတ်မြို့တို့ကို မလိုအပ်ဘဲ ခရီးမသွားဖို့၊ ခရီးသွားခဲ့ရင် သတိထားနေထိုင်ဖို့ကို ထုတ်ပြန်ထားတာဖြစ်ပြီး မြန်မာနိုင်ငံက ကျန်တဲ့ ဒေသတွေကိုလည်း အန္တရာယ်အလယ်အလတ်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီ ၂၁ ရက်က ထိုင်းဘုရင့်ကြည်းတပ် ဦးစီးချုပ်ရုံး၊ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒီရစ်ဘွန်းကန်နဲ့အဖွဲ့က မြန်မာဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ နေပြည်တော်မှာ တွေ့ဆုံရာမှာ နယ်စပ်ဒေသ တရားမဝင်လူကုန်ကူးမှုတွေနဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုတွေ ပပျောက်ရေး နှစ်နိုင်ငံအစိုးရနဲ့ တပ်မတော်အကြား ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ပါတယ်။