Home
မြန်မာသတင်း
ဆိုက်ဘာရာဇဝတ်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မည်ဟု ဖက်ဒရယ်ဒီမိုကရေစီ အင်အားစု ကြေညာ  
DVB
·
January 21, 2025
Photo: ထိုင်း-မြန်မာနယ်စပ်မှာ ပျောက်ဆုံးသွားခဲ့သည့် တရုတ်ဆယ်လီသရုပ်ဆောင် ဝန်ဇင်းကို ထိုင်းအာဏာပိုင်များနှင့် တွေ့ရှိစဉ်။

ဆိုက်ဘာရာဇ၀တ်မှုနဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ တိုက်ဖျက်ဖို့အတွက် အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုး (NUG) အပါအဝင် ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုတွေက  ထုတ်ပြန်ချက် ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံရှိ ကြီးထွားလာနေတဲ့ ဆိုက်ဘာရာဇ၀တ်မှု အကျပ်အတည်းအပေါ် ဖက်ဒရယ်ဒီမိုကရေစီအင်အားစုတွေက  ဇန်နဝါရီလ ၂ဝ ရက်မှာ သဘောထား  ထုတ်ပြန်လိုက်တာပါ။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၄ နှစ်အတွင်း ဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ပဋိပက္ခတွေ အပေါ် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေရဲ့ အမြတ်ထုတ်မှုကြောင့် လူကုန်ကူးမှု၊ အလွဲသုံးစားလုပ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ လူသတ်မှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှုနဲ့ ဆိုက်ဘာ လိမ်လည်မှုတွေ များပြားလာကြောင်း၊ စစ်အစိုးရအဆက်ဆက်ကြောင့် မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းဝယ်ဖောက်ကားမှု အမြစ်တွယ်လာကြောင်း၊ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်တွေဟာ လိမ်လည်လှည့်စား တရားမဝင် ရာဇဝတ်လုပ်ငန်းတွေမှာ ထဲထဲဝင်ဝင် မပါဝင်တောင် လုံခြုံရေးပေးတာနဲ့ အထောက်အကူပေးတာတွေမှာ တိုက်ရိုက်ပါဝင်နေ ကြောင်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့အနာဂတ်နဲ့ အတူ ဒေသတွင်းရှိ လူငယ်တွေနဲ့ နိုင်ငံတကာရှိ အပြစ်မဲ့ပြည်သူတွေ အတွက် များစွာစိုးရိမ်မှု မြှင့်တက်နေပြီး နိုင်ငံဖြတ်ကျော်မှုခင်းတွေကို ထိရောက်စွာ တိုက်ဖျက်ဖို့ မြန်မာ့အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့အား ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် မျှဝေခြင်းဆိုင်ရာ ထိရောက်တဲ့ လမ်းကြောင်းတွေ တည်ထောင်သွားဖို့ ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုက တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံအတွင်းရှိ နယ်မြေအသီးသီးကို ထိန်းချုပ်ထားတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ နှစ်နိုင်ငံချင်း ထိတွေ့ဆက်ဆံမှုသာမက အာဆီယံ ဒေသတွင်းနဲ့ ကုလသမဂ္ဂ အေဂျင်စီတွေကနေ တဆင့်  နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိတယ် ဒီလို အတူတကွလုပ်ဆောင်ခြင်းဖြင့် ဆိုက်ဘာရာဇ၀တ်မှုနဲ့ လူသားအပေါ် အမြတ်ထုတ်ခြင်းဆိုင်ရာ ရာဇဝတ်မှုတွေကို အမြစ်ပြတ်တိုက်ဖျက်နိုင်ပြီး တရားမျှတမှုနဲ့ တည်ငြိမ်အေးချမ်းတဲ့ အုပ်ချုပ်ရေး ပြန်လည် ထူထောင်နိုင်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုတွေထဲမှာ NUG (အမျိုးသားညီညွတ်ရေးအစိုးရ)၊ KNPP (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ)၊ KNU (ကရင်အမျိုးသားအစည်းအရုံး)၊ CNF (ချင်းအမျိုးသားတပ်ဦး)၊ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား ဒီမိုကရက်တစ်တပ်ဦး)၊ NMSP –AD (မွန်ပြည်သစ်ပါတီ - စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး)၊ WLB (အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ) စတဲ့ အဖွဲ့အစည်းတွေ ပါဝင်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းမှာ လူကုန်ကူးခံရတဲ့ တရုတ်သရုပ်ဆောင် ဝန်ဇင်းရဲ့ အမှုကိစ္စ အပါအဝင် ကျားဖြန့်လုပ်ငန်းတွေမှာ အဓမ္မခိုင်းစေခံရတဲ့ သတင်းတွေ ဆက်တိုက်ထွက်ပေါ်ခဲ့ပြီးနောက်မှာ ဒေသတွင်းအစိုးရတွေအကြား ဒီကိစ္စ အာရုံစိုက်လာပြီး အရေးယူ ကိုင်တွယ်ဖြေရှင်းဖို့ ဆွေးနွေးနေချိန်မှာ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုတွေက အခုလို ထုတ်ပြန်လိုက်တာပါ။

ကျားဖြန့်ဂိုဏ်းတွေရဲ့ အန္တရာယ်တွေကြောင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေကို ခရီးမသွားဖို့ အနီရောင်အဆင့်အဖြစ် ဒေသတွင်းနိုင်ငံတွေက သတ်မှတ်သတိပေး ထုတ်ပြန်ထားသလို ထိုင်းအစိုးရကလည်း မြန်မာနယ်စပ်မှာ လုံခြုံရေးတင်းကျပ်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013