စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ဓားမဆိုင်းတပ်ရင်း ၂၈ မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင်တွေထဲက ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်အတွက် မြန်မာကျပ်ငွေ ၄၅ သိန်း တန်ဖိုးရှိတဲ့ ရွှေဆွဲကြိုးနဲ့ ရွှေကျောက်နီနားကပ်ကို ဂုဏ်ပြုပေးအပ်ခဲ့တယ်လို့ ဓားမဆိုင်း ၂၈ တပ်ရင်း တာဝန်ရှိသူဆီက သိရပါတယ်။
တော်လှန်ရေးမှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရင်း အသက်ပေးလှူခဲ့တဲ့ ရဲဘော်အောင်ပိုင်စိုးရဲ့ မိခင်ကို ကိုယ်ချင်းစာနာတဲ့အပြင် သားဖြစ်သူက တော်လှန်ရေးအတွက် ပေးဆပ်ခဲ့တာကြောင့် အခုလို ဂုဏ်ပြုချီးမြင့်ခဲ့တာလို့ ဆိုပါတယ်။
ဓားမဆိုင်းတပ်ရင်း ၂၈ တပ်ရင်းမှူး ဗိုလ်စွမ်းသူမောင်က “ကျဆုံးရဲဘော်ရဲ့ မိခင်ဆိုတော့ ကျနော့်ရဲ့မိခင်ပေါ့။ တော်လှန်ရေးကာလမှာ သံယောဇဉ်ကင်းအောင် အမြဲနေပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်လာရင် နေလို့မရဘူး။ သားအရင်းတယောက် ပေးဆပ်လိုက်ရတဲ့ မိခင်ရဲ့ ပူဆွေးသောကတွေကို ဖြေသိမ့်ပေးချင်တဲ့သဘောပါ” လို့ DVB ကို ပြောပါတယ်။
ဓားမဆိုင်းတပ်ရင်း ၂၈ တပ်ရင်းဟာ လက်ရှိမှာ ရှေ့တန်းတာဝန်တွေနားထားပြီး အခုလို အနားယူခိုက် ကျဆုံးရဲဘော်ရဲ့ မိခင်ကို ဂုဏ်ပြုချီးမြှင့်ခဲ့တာလို့ သိရပါတယ်။