Home
အာရှဒေသ
ကြံ့ကြံ့ခိုင်ခိုင်ရပ်တည်ဆဲဖြစ်တဲ့ နှုတ်ခမ်းမွေးပိုင်ရှင်များ
DVB
·
October 24, 2014
India_Moustache_web_672
နှုတ်ခမ်းမွှေးထူထူထားတာဟာ အိန္ဒိယအမျိုးသားတွေအဖို့ ယောက်ျားပီသတဲ့ လက္ခဏာအဖြစ် သတ်မှတ်ခဲ့တာ ကြာပါပြီ။ ဒါဟာ တချိန်က ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားတဲ့ သင်္ကေတတခုပါ။ အမျိုးဇာတ်အနိမ့်ဆုံးသူတွေကတော့ လုံးဝနှုတ်ခမ်းမွှေးထားခွင့် မရှိပါဘူး။ တခြားဇာတ်တွေကတော့ နှုတ်ခမ်းမွေးကို လေးကိုင်းချပြီး ထားခွင့်ရှိပါတယ်။ အခုခေတ်မှာတောင် အိန္ဒိယနိုင်ငံမှာ နှစ်တိုင်းပဲ အကောင်းဆုံးနှုတ်ခမ်းမွှေးပိုင်ရှင်ကို ရွေးချယ်တဲ့ပြိုင်ပွဲတွေ ကျင်းပကြပါတယ်။ အသက် ၆၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရမ်ဆင်းချော်ဟန်ဟာ သူနှုတ်ခမ်းမွေးကို တသက်လုံး "သ" လာခဲ့သူပါ။ သူ့နှုတ်ခမ်းမွေးအတွက် တနေ့ကို အနည်းဆုံး ၂ နာရီလောက် အချိန်ပေးတယ်လို့ ပြောပါတယ်။ "ကျုပ်က အုန်းဆီ၊ သဘာဝထောပတ်နဲ့ မက်မွန်ဆီသုံးပြီး နှုတ်ခမ်းမွေးသတယ်။ တခါတရံတော့ သံလွင်ဆီ သုံးတယ်။ ဒီလောက်ရှည်တဲ့ နှုတ်ခမ်းမွေးထားနိုင်တဲ့ လျှို့ဝှက်ချက်ကတော့ ကျုပ်က ဘယ်တော့မှ ဆပ်ပြာမသုံးဘူး။ အဲဒီအစား ရွှံ့ပဲသုံးတယ်။" သူ့နှုတ်ခမ်းမွေးက သူတန်ဖိုးအထားရဆုံးပိုင်ဆိုင်မှုပါပဲလို့ ဆိုပါတယ်။ "ကျုပ်က ကျောင်းမှာကတည်းက နှုတ်ခမ်းမွေး စထားခဲ့တာ။ လုံးဝ မရိတ်ဘူး" လို့ ရမ်က ပြောပါတယ်။ ၂၀၁၀ ခုနှစ်မှာတော့ ကမ္ဘာ့အရှည်ဆုံးနှုတ်ခမ်းမွေးပိုင်အဖြစ် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းဝင်ဆုကို ချီးမြှင့်ခံရပါတယ်။ "အဲ့တုန်းက ကျုပ်နှုတ်ခမ်းမွေးက 14 ပေ (4.29 မီတာ) ရှည်နေပြီ။ ခုကျတော့ ပိုရှည်နေပြီ။ ၁၈ ပေကျော် ကျော်တော့ ရှိမှာပေါ့" လို့ ရမ်က ဆိုပါတယ်။ သူ့နှုတ်ခမ်းမွေးက ၅ မီတာခွဲ ရှိပါတယ်။ ရမ်ရဲ့ဇနီး အရှာချော်ဟန်ဟာ သူနဲ့လက်ထပ်ခါစက သူ့နှုတ်ခမ်းမွေးကို ဖြတ်ပစ်စေချင်ခဲ့ပါတယ်။ ဒါပေမယ့် ခုတော့ ခင်ပွန်းကြောင့် သူလည်း ဂုဏ်တက်ခဲ့ရပြီလို့ ပြောပါတယ်။ "ကျမခင်ပွန်းရဲ့ နှုတ်ခမ်းမွေးကြောင့် ကျမတို့တမိသားစုလုံး နာမည်ကျော်ခဲ့ပါတယ်။ ကျမရော ကျမကလေးတွေပါ သူ့နှုတ်ခမ်းမွေးအရှည်ကြီးကို ကူပြီးဖြီးသင်ပေးခဲ့ရတာ။ တပတ်ကို တခါလောက် ကူလျှော်ပေးရတယ်။ သိပ်ရှည်လွန်းတော့ တယောက်လောက်က 'မ' ပေးထားရတယ်" လို့ အရှာက ပြောပါတယ်။ ရမ်ရဲ့မျက်နှာပေါ်ကအမွေးအမှင်တွေကြောင့် ဘောလီးဝုဒ်နဲ့ ဟောလီဝုဒ်ရုပ်ရှင်တွေမှာ ၀င်ရောက်သရုပ်ဆောင်ခွင့် ရခဲ့ပါတယ်။ “Octopussy” ဆိုတဲ့ ဂျိမ်းစ်ဘွန်းဇာတ်ကားထဲမှာပါ။ ဒီကနေ့ခေတ်မှာတော့ သူတို့ ဇနီးမောင်နှံဟာ ဒေသတွင်း နှုတ်ခမ်းမွေးပြိုင်ပွဲတွေမှာ အခြားသော နှုတ်ခမ်းမွေးချစ်သူတွေကို အားပေးနေပါပြီ။ ကိုတာမြို့ထဲက နှုတ်ခမ်းမွေးပြိုင်ပွဲတခုဖြစ်တဲ့ ဒူဆယ်ဟရာပြိုင်ပွဲမှာ ၀င်ပြိုင်ဖို့ အသက် ၅၈ နှစ်အရွယ် ပရာကက်ရှ်ရမ်ဟာ မိုင် ၁၀၀ ကို ခရီးနှင်လာခဲ့ရပါတယ်။ သူ့နှုတ်ခမ်းမွေးရဲ့ကြံ့ခိုင်မှုကို အကဲဖြတ်ဒိုင်တွေကို ပြချင်နေတာလို့ ပရာကက်ရှ်က ပြောပါတယ်။ "ကျနော်က လူတွေကို ကျနော့်နှုတ်ခမ်းမွေးရဲ့သန်စွမ်းမှုကို ပြချင်တာပါ။ ဒီနေ့မှာ ကျနော့်နှုတ်ခမ်းမွေးနဲ့ ၁၅ ကီလိုဂရမ် လေးတဲ့ မြေးမလေးကို ချိတ်ဆွဲပြီး သရုပ်ပြသွားမှာပါ။ ကျနော်က နှုတ်ခမ်းမွေးကို ခြောက်နေအောင်ထားတယ်။ ဘာဆီမှမလိမ်းဘူး။" ဒါပေမယ့် ပြိုင်ပွဲမှာ အနိုင်ရသွားသူကတော့ အသက် ၅၈ နှစ်အရွယ် ဒက်ဗ်ကာရန်ဂူအာဂျာ ဖြစ်ပါတယ်။ နက်မှောင်ပြီး ထူထဲတဲ့အတွက် သူ့နှုတ်ခမ်းမွေးဟာ အကောင်းဆုံးပဲလို့ ဒိုင်တွေက ဆိုပါတယ်။ နှုတ်ခမ်းမွေးထားတဲ့ ဓလေ့ဟာ အိန္ဒိယနိုင်ငံမှာ လျော့နည်းစပြုလာပါပြီ။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အမျိုးသမီးတွေက သူတို့ရဲ့ အမျိုးသားတွေ နှုတ်ခမ်းမွေးရိတ်ထားတာကို ပိုပြီးနှစ်လာကြပါတယ်။ ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်နေသူအားလုံးဟာ အသက် ၅၀ ကျော်တွေပါ။ ဒက်ဗ်ကာရန်ကတော့ နောက်မျိုးဆက်တွေလည်း နှုတ်ခမ်းမွေးထားတာကို မြတ်နိုးကြလိမ့်မယ်လို့ မျှော်လင့်ထားသလို ဒါဟာ ကျန်းမာခြင်းရဲ့ သင်္ကေတပဲလို့ ယုံကြည်ထားကြောင်း ပြောပါတယ်။ "ကျနော်က လူတိုင်းကို ပြောပါတယ်။ ကျန်းမာရေးအတွက် ကျနော့်ဆီမှာ အခမဲ့ အကြံဉာဏ်တောင်းနိုင်ပါတယ်လို့" လို့ ဒက်ဗ်ကဆိုပါတယ်။ အေးရှားကောလင်း အစီအစဉ်အတွက် အိန္ဒိယနိုင်ငံ ကိုတာမြို့နယ်မှ ဂျက်စဗင်ဒါဆက်ဂဲလ်က သတင်းပေးပို့တာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013