
ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းနယ်စပ်က စစ်ရှောင်စခန်းတွေကို စစ်ကောင်စီတပ်က ၂၀၂၅ ခုနှစ်အစ ဇန်နဝါရီ ၁ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ လေကြောင်းကနေဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့် ပြည်သူ ၈ ယောက်သေဆုံးပြီး ၁၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆို အနောက်ဘက်ခြမ်းနဲ့ အရှေ့ဘက်ခြမ်း၊ ဖယ်ခုံအနောက်ဘက်ခြမ်းနဲ့ အရှေ့ဘက်ခြမ်း၊ မိုးဗြဲ စတဲ့နေရာတွေကို လေကြောင်းကနေ ဗုံး ၁၅ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးနဲ့လည်း အဆမတန်ပစ်ခတ်တာကြောင့် အသက် ၁၈ နှစ်အောက် ယောကျာ်းလေး ၂ ယောက်၊ မိန်းကလေး ၁ ယောက်နဲ့ လူလတ်ပိုင်း အမျိုးသား ၁ ယောက်၊ အမျိုးသမီး ၄ ယောက်တို့ သေဆုံး၊ ၁၇ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
KNDF ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက “အဓိကတော့ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တယ်၊ သတ်ဖြတ်တယ်။ ကရင်နီပြည်နယ်မှာ ပြည်သူတွေ ထိခိုက်သေဆုံးနေပါစေ စစ်ကောင်စီကတော့ သူတို့ အာဏာတည်မြဲရေးအတွက် ဘာမဆိုလုပ်မယ်ဆိုတဲ့ လုပ်ရပ်မျိုးကို တွေ့ရတယ်ပေါ့နော်။ စစ်ကောင်စီက ပြည်သူတွေအတွက် သေကြေပျက်စီးမှုတွေ ထိခိုက်မှုတွေကိုပဲ ယူလာတဲ့ စစ်မိစ္ဆာတွေဆိုတာ ပေါ်လွင်နေတာဖြစ်ပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ၂၀၂၅ ခုနှစ်အတွင်း လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာတွေကို အရင်ကထက် ပိုလုပ်လာပြီး ကရင်နီနဲ့ မိုးဗြဲအနီးတဝိုက်မှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေ မကြာခဏ ထိတွေ့တိုက်ပွဲတွေဖြစ်နေပါတယ်။
ထိတွေ့တိုက်ပွဲဖြစ်တဲ့နေရာတွေကို ဗုံးကြဲတိုက်ခိုက်တာအပြင် ထိတွေ့တိုက်ပွဲမရှိဘဲ စစ်ဘေးရှောင်ပြည်သူတွေ သီးသန့်နေထိုင်တဲ့ နေရာတွေကိုလည်း ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးနေတာပါ။
စစ်ကောင်စီအာဏာသိမ်းပြီးချိန်ကစပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ စစ်ကောင်စီတပ်က သတ်ဖြတ်တာ၊ လေကြောင်းကနေဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတို့ကြောင့် ပြည်သူ ၇၀၉ ယောက် သေဆုံးပြီး နေအိမ်ပေါင်း ၂၈၆၆ လုံး၊ ဘာသာရေးအဆောက်အအုံ ၅၄ လုံး၊ ဆေးရုံဆေးခန်း ၁၆ ခု၊ စာသင်ကျောင်း ၂၆ ကျောင်းတို့ ပျက်စီးသွားခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က ဇန်နဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။