ပြည်တွင်းပဋိပက္ခအတွင်း မြန်မာနိုင်ငံအနှံ့ကနေ နေရပ်ပြောင်းရွှေ့လာတဲ့ လူငယ်တွေဟာ ရန်ကုန်မြို့မှာ လုပ်ခလစာ နည်းနည်းနဲ့ပဲ အလုပ်လုပ်ကိုင်နေကြရပါတယ်။
ရန်ကုန်မြို့က လက်လီလက်ကားရောင်းဝယ်နေတဲ့ ကုန်တိုက်၊ ပလာဇာ၊ Shopping Mall၊ ဈေးကြီးတွေမှာတော့ မနက် ၈ နာရီကနေ ညနေ ၆ နာရီအထိ တနေ့အလုပ်ချိန် ၁၀ နာရီလောက် လုပ်ကိုင်ရပေမဲ့ တနေ့ ၄,၀၀၀ ကျပ်ဝန်းကျင်နဲ့ တလကို အခြေခံလစာ ၁၂၀,၀၀၀ ကျပ်လောက်ပဲ ရရှိနေကြပါတယ်။
အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ၈ နာရီကြာလုပ်ငန်းခွင်တခုမှာ တနေ့လုပ်အားခ အနည်းဆုံး ၄,၈၀၀ ကျပ်နဲ့ တလစာ အနည်းဆုံး ကျပ် ၁၅၀,၀၀၀ ဝန်းကျင် ရရှိရမှာ ဖြစ်ပါတယ်။
အထည်အရောင်းဆိုင်မှာ ၃ လလောက် လုပ်ကိုင်နေပေမဲ့ လတိုင်းငွေကြေးလိုအပ်နေတဲ့အပြင် ရတဲ့လစာကို အသွားအပြန်စရိတ်၊ ထမင်းချိုင့်စရိတ်လောက်ငအောင် သုံးစွဲနေရတယ်လို့ အတန်းပညာမပြီးသေးတဲ့ ရွှေ့ပြောင်းလူငယ်တယောက်က ပြောပါတယ်။
“ကျနော်က ပစ္စည်းပို့ပေးတာ။ မင်္ဂလာဈေးကနေ ဒီဘက်ပလာဇာကို။ အခုလစာ ၁ သိန်း ၂ သောင်း၊ ဖုန်းဘေလ်ဖိုးက ၁ သောင်းခွဲပေးတယ်။ ရွှေပြည်သာကနေဆို လမ်းစရိတ်ချည်းပဲ အသွားအပြန် ၁၆၀၀။ ဒါတောင် ထမင်းချိုင့်ပါလာလို့။ လောက်တာတော့ ဘယ်လိုမှ မလောက်ဘူး။ ၆ လတခါ လစာတိုးမယ်ပြောတယ်။ နေတာကတော့ လက်ရှိ အဒေါ်တွေအဆောင်မှာ။ အားလုံး ၁ သိန်း ၂ သောင်းတော့ မဟုတ်ဘူး။ ဘွဲ့ရ မာကတ်တင်းကဆို ၂ သိန်း ကျော်၊ ၃ သိန်းရတဲ့သူတွေလည်း ရှိတယ်” လို့ ပြောပါတယ်။
ယုဇနပလာဇာအနီးတဝိုက်က မြန်မာထမင်းဟင်းဆိုင်တွေမှာတော့ တခါပြင် ၃,၀၀၀၊ ကော်ဖီပလိန်း ၁ ခွက် ၁,၀၀၀ ကျပ် ဖြစ်တာကြောင့် ဈေးတွေမှာ ရရာအလုပ် လုပ်နေရသူ ရွှေ့ပြောင်းလူငယ်တွေရဲ့ တနေ့လုပ်အားခ ၄,၀၀၀ ကျပ်ဟာ ထမင်းတနပ်စာလောက်ပဲ ဖြစ်နေပါတယ်။
ပလာဇာထဲက ကလေးပစ္စည်းအရောင်းဆိုင်ပိုင်ရှင်တယောက်ကတော့ အရောင်းအဝယ် သိသိသာသာ ပါးလာတာရယ်၊ ဝယ်ရင်းတန်ဖိုးကြီးလာတာရယ်ကြောင့် ဝန်ထမ်းလျှော့ချနေရပြီး ပလာဇာအတွင်း တခြားဆိုင်တွေက ရွှေ့ပြောင်းလူငယ်တွေကို အလုပ်ပေးတာဟာ ဝန်ထမ်းလိုအပ်ချက်ရှိလို့ မဟုတ်ဘဲ အလုပ်ပေးချင်တာကြောင့်ပဲ ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးပါတယ်။