ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ စံပြုဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (SFC) ကို ဖက်ဒရယ်ဥပဒေပြုအကယ်ဒမီက ၂၀၂၅ ခုနှစ် ဇန်နဝါရီလဆန်းမှာ အများပြည်သူသိရှိအောင် ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အပြည့်အဝရရှိတဲ့ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး တိုက်ပွဲ အမြင့်မားဆုံး အောင်မြင်မှုတွေ ဆက်တိုက်ရရှိနေချိန်မှာ ထွက်ပေါ်လာတာလို့ ပြောရမှာပါ။ ဒီ SFC ပေါ်ပေါက်ဖို့အတွက် ၁၉၉၀ ပြည့်လွန်နှစ်တွေကစလို့ တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ အစုအဖွဲ့ အလွှာအသီးသီးက အထပ်ထပ်အခါခါ စုဝေးတိုင်ပင် ငြင်းခုံ ညှိနှိုင်းတိုင်ပင် ဆုံးဖြတ်ထားခဲ့ကြတဲ့ ကျယ်ပြန့်လေးနက်တဲ့ သဘောထားအမြင်တွေ၊ အမြော်အမြင်တွေကို စုစည်းထားတာ ဖြစ်ပါတယ်။
SFC ကို နိုင်ငံရေးအရ စုပေါင်းပိုင်ဆိုင်သူတွေဟာ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB)၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရေးနဲ့ ညှိနှိုင်းရေးကော်မတီ (FCDCC)၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များကော်မတီ (PRCF) တို့ ဖြစ်ကြတယ်လို့ အကယ်ဒမီက ထုတ်ပြန်ပါတယ်။
စံပြုဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ နိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံအဖြစ် ခေါ်တွင်စေမှာဖြစ်ပြီး ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက အမြင့်ဆုံးဥပဒေ ဖြစ်သလို ဥပဒေစိုးမိုးရေးကို အခြေခံတဲ့ ပါတီစုံဒီမိုကရေစီစနစ်တို့ ကျင့်သုံးမယ့်အကြောင်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစုအသီးသီးရဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြဿနာကို မဖြေရှင်းနိုင်လို့ ပြည်တွင်းစစ်သက် ရှည်ကြာနေတယ်ဆိုတာ လေ့လာသူတိုင်းက လက်ခံနေကြပါတယ်။ သယံဇာတ ပေါကြွယ်ဝပြီး ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာကောင်းတွေ အများအပြားရှိနေတဲ့ မြန်မာနိုင်ငံဟာ အဓိကအားဖြင့် ဖွဲ့စည်းပုံအခြေခံဆိုင်ရာပြဿနာကို ရင်ဆိုင်နေရတာပါ။
ဒီအရင်းခံပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ထောင်ရမယ် ဆိုတာကိုလည်း ပြည်တွင်းစစ် သက်တမ်း နှစ် ၇၀ ကျော် လက်ရှိကာလမှာ ဘက်အားလုံးလိုလိုက လက်ခံလာကြပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကာလနောက်ပိုင်း ဖက်ဒရယ်ကိုလက်ခံမှု အတိုင်းအဆဟာ ဒီမတိုင်ခင်ကာလတွေကထက် ပိုမိုမြင့်မားလာတာကို ထင်ထင်ရှားရှား မြင်တွေ့ရပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံရှိ လူမျိုးစုတွေထဲမှာ အများစုဖြစ်တဲ့ ဗမာတိုင်းရင်းသားတွေက လူနည်းစု တိုင်းရင်းသားတွေရဲ့ အမျိုးသားတန်းတူမှု မရှိတာတွေကို ပိုမိုပြီး မျက်ဝါးထင်ထင် သဘောပေါက်လာကြတာ၊ လက်ခံလာကြတာလို့ ဆိုနိုင်ပါတယ်။
အာဏာသိမ်းပြီး ပေါ်ထွန်းလာတဲ့ နွေဦးတော်လှန်ရေး ၄ နှစ်လောက်အတွင်းမှာ မြေပြန့်က ဗမာတိုင်းရင်းသားတွေဟာ လူနည်းစု တိုင်းရင်းသားတွေနဲ့ တသားတည်းရပ်တည်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးမှာ အတူတကွ (ယခင်ကာလများကထက်ပိုမိုပြီး) လက်တွဲတိုက်ပွဲဝင်ရင်း ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေရဲ့ ခံစားမှု၊ နစ်နာမှု၊ စေတနာ၊ အနာဂတ်မျှော်မှန်းချက်တွေကို လက်ပွန်းတတီး ရင်းနှီးရယူနိုင်ခဲ့ပါတယ်။ အကျိုးဆက်အဖြစ် နိုင်ငံကို အာဏာသိမ်း၍တဖုံ၊ ပါတီထောင်၍တနည်း အုပ်ချုပ်ခဲ့ကြတဲ့ အရင်းခံအာဏာရှင်စနစ်ကို အမြစ်ကနေ တူးဆွဖြိုဖျက်ဖို့ ပိုင်းဖြတ်ပြီး စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ဖို့ ဘုံသဘောတူ ပူးပေါင်းတိုက်ပွဲဝင်ကြပါတော့တယ်။
နွေဦးတော်လှန်ရေးမှာ လူငယ်မျိုးဆက်သစ်တွေရဲ့ နိုင်ငံရေးနိုးကြားမှုတွေနဲ့အတူ CDM အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု အားကောင်းကြီးထွားမှု၊ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ရဲ့ စွမ်းဆောင်မှုတွေကလည်း ယခင်တော်လှန်ရေး ကာလတွေကနဲ့ မတူဘဲ နယ်ပယ်စုံမှာ ပိုမိုအားကောင်းစေခဲ့ပါတယ်။
အကျိုးဆက်အဖြစ် စစ်အုပ်စုနဲ့ တပ်မတော်ဟာ သမိုင်းတလျှောက် မကြုံဘူးတဲ့ တိုင်းစစ်ဌာနချုပ်တွေကျတာ၊ မြို့နယ် ၁၀၀ လောက် လက်လွှတ်ခဲ့ရသလို ကျန်ရှိမြို့နယ်တွေကိုလည်း တိုက်ခိုက်ခံနေရတာ၊ နယ်ပယ်စုံ၊ ဒေသစုံက တပြိုင်နက်တည်း တိုက်ခိုက်နေကြတာကြောင့်ခက်ခက်ခဲခဲ ခုခံ ရင်ဆိုင်နေရပါတယ်။
နိုင်ငံတကာရဲ့ ဖယ်ကြဥ်ခံရမှု၊ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ခံရမှု၊ သံတမန်ရေးအရလည်း အရေးနိမ့်မှုတွေ ကြုံရသလို စစ်အုပ်စုခေါင်းဆောင်ကိုယ်တိုင်က နိုင်ငံတကာ စစ်ရာဇဝတ်ကောင်အဖြစ် ဖမ်းဝရမ်းထုတ်ခံရဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) မှာ လျှောက်ထားခံနေရတဲ့ အကျပ်တည်းဆုံး အခြေအနေနဲ့ ကြုံနေရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဟာ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးလို အထင်ကရ အရေးပါတဲ့ မြို့ကြီးတွေကိုပါ သိမ်းပိုက်ဖို့ ခြိမ်းခြောက်နေတဲ့အပြင် မသိမ်းပိုက်သေးတဲ့ မြို့တွေ အတော်များများ ဝိုင်းရံပိတ်ဆို့ထားကြပါတယ်။ ဒါ့အပြင် စစ်အုပ်စုထိန်းချုပ်ပါတယ်ဆိုတဲ့ မြို့တွေမှာလည်း အုပ်ချုပ်ရေးယန္တရားကို မလည်ပတ်နိုင်အောင် နှစ်နဲ့ချီပြီး လုပ်ထားသလို နိုင်ငံရဲ့ အဓိက လမ်းပန်းဆက်သွယ်ရေး လမ်းကြောင်းတွေကိုပါ ဖြတ်တောက်ဖို့ ကြိုးပမ်းနေကြတဲ့ အခြေအနေ ဖြစ်ပါတယ်။
တော်လှန်ရေးအဖွဲ့တွေဟာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ၊ သယံဇာတထွက်ရှိတဲ့ ဒေသတွေကိုပါ စိုးမိုးထားနိုင်ကြသလို စစ်အုပ်စု ချည့်နဲ့စေမယ့် နည်းလမ်းမှန်သမျှကို ကြိုးပမ်းလုပ်ဆောင်ချက်တွေဟာလည်း အောင်မြင်နေကြပြီး သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့တွေမှာ အုပ်ချုပ်ရေးတွေကို စတင်နေကြပါတယ်။ နယ်မြေသိမ်းပိုက်နိုင်ကြတဲ့ အဖွဲ့အစည်းတွေအဖို့ ကိုယ့်နေရာဌာနနဲ့ ကိုက်ညီတဲ့ အုပ်ချုပ်ရေးစနစ်တွေနဲ့ လည်ပတ်နေကြပါတယ်။
သိမ်းပိုက်ထားတဲ့ နယ်မြေမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပျက်သုဥ်းသွားပြီဖြစ်တဲ့အတွက် လစ်ဟာသွားတဲ့နေရာမှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတွေကို ဆောင်ရွက်ဖို့ ဒေသဆိုင်ရာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတရပ် မဖြစ်မနေ လိုအပ်လာပါတယ်။ (လတ်တလော နယ်မြေတွေ သိမ်းယူထားကြတဲ့ အာရက္ခတပ်တော်က ရခိုင်နိုင်ငံအစိုးရ ဖွဲ့စည်းအုပ်ချုပ်နေပြီး တအာင်းတပ်မတော်ကလည်း တအာင်းနိုင်ငံထူထောင်ဖို့ ပြင်ဆင်နေကြောင်း ထုတ်ပြန်ထားပါတယ်။)
လက်ရှိ မြန်မာနိုင်ငံကို ပြည်နယ် ၇ ပြည်နယ်၊ တိုင်းဒေသကြီး ၇ တိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေနဲ့ ဖွဲ့စည်းထားပါတယ်။ အချို့သော တိုင်းရင်းသားမျိုးနွယ်စုတွေက သီးခြားပြည်နယ် တောင်းဆိုမှုတွေ ရှိသလို လူဦးရေအများဆုံး ဗမာလူမျိုးစုကလည်း ဗမာပြည်နယ်ဖွဲ့သင့်တယ်လို့ အဆိုပြုတာတွေ ရှိပါတယ်။
လူမျိုးစုနာမည်ကို အစွဲပြု အမည်ပေးမယ့်အစား ဒေသကိုအစွဲပြု အမည်ပေးဖို့ အဆိုပြုတာလည်း ရှိပါတယ်။ တူညီတာတခုကတော့ ဘယ်အုပ်စုကမှ သီးခြားခွဲထွက်ပြီး နိုင်ငံသစ် ခွဲထွက်ထူထောင်မယ်လို့ မပြောကြတာဘဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိကာလမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) စစ်အုပ်စုဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုင်စွဲထားပါတယ်။ စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးအဖွဲ့တွေမှာတော့ လက်ဆုပ်လက်ကိုင်ပြုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် လက်ဆုပ်လက်ကိုင်ပြုစရာ မရှိသေးပါဘူး။ ဒီအချက်ကို ထောက်ပြပြီး စစ်ကောင်စီ ပြိုလဲခဲ့သည်ရှိသော် ဥပဒေမဲ့ မင်းမဲ့စရိုက်တွေ ဖြစ်ပေါ်နိုင်တယ်ဆိုပြီး စိုးရိမ်ချက်တွေ ရှိပါတယ်။
၂၀၂၅ လို နိုင်ငံရေးအခင်းအကျင်းမှာ မြန်မာပြည်အတွက် အသစ်ရေးဆွဲထားတဲ့၊ အများသဘောတူညီထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် မရှိမဖြစ် လိုအပ်ချက် ဖြစ်လာပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီအခြေအနေကို မျှော်မှန်းတွက်ဆပြီး လက်နက်ကိုင်တော်လှန်ရုံသာမက အနာဂတ်ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်တရပ် ပေါ်ပေါက်ဖို့ အကြိမ်ကြိမ်အလီလီ ညှိနှိုင်းတိုင်ပင်ပြီး ခေတ်ကာလနဲ့ကိုက်ညီတဲ့ မူကြမ်းတွေ ရေးဆွဲ ဖြည့်စွက် ပြင်ဆင်ခဲ့ကြပါတယ်။ အလားတူ ၂၁ ရာစု ပင်လုံညီလာခံမှာလည်း အစုအဖွဲ့အသီးသီးရဲ့ ပါဝင်ဆွေးနွေး ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်တာတွေ့ရပြီး စစ်အာဏာသိမ်းမှုကြောင့် ညီလာခံလည်း တပိုင်းတစနဲ့ ရပ်နားခဲ့ရသလို ညီလာခံကို ဦးဆောင်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေလည်း နှစ်ရှည် ထောင်သွင်းအကျဥ်းချခံကြရပါတယ်။
အဲဒီလို သမိုင်းလိုအပ်ချက်အရ အချိန်ကိုက် ပေါ်ထွက်လာတဲ့ စံပြုဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ ဖက်ဒရယ်ပြည်ထောင်စုမှာ ပါဝင်ကြမယ့် ဗဟိုအစိုးရနဲ့ ဒေသအသီးသီးက ဖက်ဒရယ်ယူနစ် အသီးသီးအတွက် ထုတ်နုတ်သုံးစွဲလိုက သုံးစွဲနိုင်အောင် စုစည်းထားတာ ဖြစ်ပါတယ်။
တနည်းအားဖြင့် SFC ဟာ တရားဝင် ဥပဒေစည်းမျဉ်းမဟုတ်ဘဲ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတခုအတွက် စံပြုလုပ်ဆောင်သင့်တဲ့ သဘောတရား လမ်းညွှန်ချက်တွေနဲ့ စံနှုန်းတွေကိုသာ ပေးစွမ်းပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုမှာ ပါဝင်ကြမယ့် ယူနစ်တခုချင်းက ကိုယ့်ဒေသရဲ့ ကိုယ်ပိုင်လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုစုရာမှာ အထောက်အပံ့ ဖြစ်စေမှာပါ။
နိုင်ငံတခုရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ သက်ဆိုင်ရာနိုင်ငံရဲ့ ပင်မကျောရိုး ဥပဒေစည်းကမ်း ဖြစ်ပြီး လိုက်နာအားကောင်းရင် အဲဒီနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ရစေနိုင်ပါတယ်။
အခုစုစည်းထုတ်ပြန်တဲ့ စံပြုဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ…
* အခြေခံမူများ
* အာဏာခွဲဝေရေး
* အခွင့်အရေးများနှင့် တာဝန်များ
* ဖက်ဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရများ ဆက်ဆံရေးတွေ အပါအဝင် အခန်း ၁၅ ခန်း ပါရှိပါတယ်။
တိုင်းရင်းသားအဖွဲ့တွေရဲ့ လိုလားချက်ဖြစ်တဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဗဟိုအစိုးရအာဏာ လျှော့ချရေးအပြင် ဘာသာရေးနဲ့ နိုင်ငံရေး မရောယှက်ဖို့၊ မတူကွဲပြားမှုနဲ့ အားလုံးပါဝင်မှု၊ လူ့အခွင့်အရေးနဲ့ အမျိုးသမီးစွမ်းဆောင်ရည် မြှင့်တင်ဖို့တွေလည်း ပါဝင်ပါတယ်။
မြန်မာနိုင်ငံနဲ့သင့်တော်မယ့် ဖွဲ့စည်းပုံအခြခံဥပဒေမှာ ထည့်သွင်းစဉ်းစားသင့်တာတွေဖြစ်တဲ့ လူမျိုးစုအားလုံး တန်းတူညီမျှဖြစ်ရန်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရန်၊ လွတ်လပ်ပွင့်လင်းတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ရန်၊ အာဏာခွဲဝေမှုကို အလေးထားရန်၊ ဥပဒေအရ အားလုံး တန်းတူညီမျှဖြစ်ရန်၊ ပြည်သူ့အသံကို နားထောင်ရန်၊ ဗဟိုအစိုးရနဲ့ ဒေသအစိုးရများအကြား အာဏာခွဲဝေမှုကို အလေးထားရန်၊ ပြည်သူ့ဘဝ ပိုမိုမြင့်မားလာစေရေးအတွက် စီးပွားရေးဖွံ့ဖြိုးမှုကို အားပေးရန်၊ ပြည်သူအားလုံး ပညာရေးအခွင့်အရေး ရရှိစေရန်၊ ပြည်သူအားလုံး ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရန်၊ အင်အားကြီးနိုင်ငံများနဲ့ အိမ်နီးချင်းနိုင်ငံများ၏ လွှမ်းမိုးမှုမှ လွတ်ကင်းရန်၊ မြန်မာနိုင်ငံ၏ သမိုင်းနှင့် ယဉ်ကျေးမှုကို အခြေခံရန် စတာတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းထားပါတယ်။
စံပြုဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ နဲ့ ပတ်သက်ပြီး ထပ်မံ ပြင်ဆင်ဖြည့်စွက် အကြံပြု ဆွေးနွေးလိုသူတွေကိုလည်း ဖက်ဒရယ်ဥပဒေပြုအကယ်ဒမီက ဖိတ်ခေါ်ထားပါတယ်။
တိုင်းရင်းသားလူမျိုးတွေ ပေါင်းစုံနေထိုင်တဲ့ မြန်မာနိုင်ငံမှာ ပြည်ထောင်စုစနစ်နဲ့သာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ပြည်ထောင်တွေစု ပေါင်းထားတဲ့ ပြည်ထောင်စုနိုင်ငံတခုကို တည်ဆောက်ဖို့ ဖက်ဒရယ်စနစ်ကို ကျင့်သုံးကြပါတယ်။ (ဥပမာအားဖြင့် အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံတို့ဟာ ဖက်ဒရယ်နိုင်ငံကြီးတွေ ဖြစ်ကြပါတယ်။)
ဖက်ဒရယ်ဆိုတာ နိုင်ငံတခုလုံးကို ဗဟိုအစိုးရနဲ့ ဒေသအစိုးရတွေအကြား ခွဲဝေအုပ်ချုပ်တဲ့စနစ် ဖြစ်ပါတယ်။ ဒေသအစိုးရတွေက ကိုယ့်ဒေသဆိုင်ရာကိစ္စကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိမှာဖြစ်ပြီး ဗဟိုအစိုးရက တနိုင်ငံလုံးနဲ့သက်ဆိုင်တဲ့ အရေးကြီးကိစ္စတွေကို ဆုံးဖြတ်ခွင့်ရှိမှာ ဖြစ်ပါတယ်။ နိုင်ငံတွင်းရှိ ကွဲပြားတဲ့ယဉ်ကျေးမှု၊ ဘာသာစကားနဲ့ လူမျိုးစုတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဖက်ဒရယ်က အသိအမှတ်ပြုပါတယ်။
ဖက်ဒရယ်မှာ အားသာချက်ရှိသလို အားနည်းချက် ရှိတာကိုလည်း သတိပြုကြရပါမယ်။ ဖယ်ဒရယ်မှာ လူထုကိုယ်တိုင် ဒေသအစိုးရတွေဆီကတဆင့် ကိုယ်တိုင်ပါဝင် ဆောင်ရွက်နိုင်တာကြောင့် ဒီမိုကရေစီစနစ်ကို အားကောင်းစေမှု၊ အရေးပေါ်အခြေအနေမှာ ဒေသအစိုးရက မြန်မြန်ဆန်ဆန် ကိုင်တွယ်နိုင်မှု၊ နိုင်ငံတွင်းယဉ်ကျေးမှု၊ ဘာသာစကားနဲ့ လူမျိုးစုတွေရဲ့ တန်ဖိုးတွေကို ထိန်းသိမ်းပေးမှုတွေဟာ ဖက်ဒရယ်ရဲ့ အားသာချက်တွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ အာဏာခွဲဝေမှုကြောင့် ဆုံးဖြတ်ချက်ချတဲ့အခါ နှေးကွေးနိုင်မှု၊ ဒေသအစိုးရတွေအကြား ဖွံ့ဖြိုးတိုးတက်မှု မညီမျှမှု ဖြစ်ပေါ်ခြေ၊ ဗဟိုအစိုးရနဲ့ ဒေသအစိုးရတွေကြား သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်နိုင်မှုတွေကြောင့် အလေးဂရုထားပြီး ကျင့်သုံးကြဖို့ လိုပါတယ်။
ဒါ့အပြင် ခေတ်စနစ် ပြောင်းလဲမှုနဲ့အတူ လိုက်ပါပြောင်းလဲနိုင်အောင် အဆင်ပြေချောမွေ့တဲ့ အခြေခံပဒေ ပြင်ဆင်နိုင်ခွင့်ကိုလည်း ထည့်သွင်းပြဋ္ဌာန်းထားဖို့ လိုအပ်ပါတယ်။
ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ကမ္ဘာကြီးမှာ နိုင်ငံငယ်ပြီး ဖွံ့ဖြိုးမှုနိမ့်ကျပြီး ပထဝီနိုင်ငံရေးမှာ အချက်အခြာကျနေတဲ့ နိုင်ငံအတွက် အနာဂတ်ကိုတွက်ဆတဲ့ ပြဋ္ဌာန်းချက်တွေကိုလည်း ဂရုစိုက်သင့်ပါတယ်။
လူမျိုး၊ ဘာသာ၊ ယဥ်ကျေးမှု၊ နောက်ခံသမိုင်းကြောင်း စုံလင်လှတဲ့ မြန်မာနိုင်ငံအတွက် သင့်တော်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးဟာ လွယ်ကူရိုးရှင်းတဲ့အလုပ် မဟုတ်ပါဘူး။
အရေးကြီးတာကတော့ ပြည်သူအားလုံး ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မှာဖြစ်တယ်။ တပါတီအာဏာရှင်စနစ်၊ တပြည်ထောင်စနစ်၊ စစ်အာဏာရှင်စနစ်နဲ့သာ ကြုံတွေ့ချိန်များခဲ့တဲ့ ပြည်သူတွေအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ်ကို ထဲထဲဝင်ဝင် လေ့လာ၊ လိုက်နာကျင့်သုံးနိုင်ဖို့ လိုအပ်လှပါတယ်။
စိုင်းနွန်း