ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ဇန်နဝါရီ ၁၂ ရက်က ပြုလုပ်တဲ့ ဘောင်းဘီရှည်မပါဘဲ မြေအောက်ရထားစီးတဲ့ လှုပ်ရှားမှုမှာ လူ ၂၀၀ လောက် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
ဒီနှစ်ပတ်လည် ‘ဘောင်းဘီရှည်မပါ မြေအောက်ရထားစီးပွဲ’ ကို ရာသီဥတု အရမ်းအေးနေပေမဲ့ ကျင်းပနိုင်ခဲ့ပါတယ်။
အမျိုးသား၊ အမျိုးသမီးတွေဟာ ဘောင်းဘီတိုနဲ့ အတွင်းခံအမျိုးမျိုးဝတ်ဆင်ပြီး မြေအောက်ရထားပေါ် တက်စီးခဲ့ကြတာကြောင့် ခရီးသည်တွေ အံ့အားသင့်ခဲ့ရပါတယ်။
ဝက်စ်မင်စတာ၊ ဝါတာလူး၊ တောင်ပိုင်း ကင်ဆင်တန် စတဲ့ လန်ဒန် မြေအောက်ရထားဘူတာရုံတွေမှာ ဘောင်းဘီမပါသူတွေကို တွေ့ခဲ့ရပါတယ်။
ဒီပွဲတော်ကို ၂၀၀၂ ခုနှစ် ဇန်နဝါရီလက နယူးယောက်မြို့မှာ လူ ၇ ယောက်နဲ့ စတင်ခဲ့တာဖြစ်ပြီး အခုဆိုရင် ကမ္ဘာတဝန်း ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ်။
အခုအခါမှာတော့ လန်ဒန်မြို့မှာပါ ဆင်နွှဲနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပွဲတော်ဖန်တီးသူ ချာလီ တော့ဒ်က “ဒီပွဲရဲ့ အဓိကရည်ရွယ်ချက်က မမျှော်လင့်ထားတဲ့ ပျော်ရွှင်မှု၊ ရယ်မောမှု၊ အံ့အားသင့်မှုတွေကို ဖန်တီးဖို့ပါပဲ” လို့ ဘီဘီစီကို ပြောပါတယ်။
Source : Reuters