Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် ART နှင့် TB ဆေးများကို AA ဖြန့်ဝေပေး
DVB
·
January 8, 2025
Photo-APM

ရခိုင်ပြည်နယ်ရှိ အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားတဲ့ မြို့နယ် ၁၅ ခု အပါအဝင် ကျောက်ဖြူနဲ့ ပလက်ဝမြို့နယ်တို့မှာ အာရက္ခတပ်တော်က HIV တန့်ဆေး ART နဲ့  TB ဆေးတွေကို ဇန်နဝါရီ ၆ ရက်ကစပြီး အခမဲ့ဖြန့်ဝေနေတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပြတ်လပ်နေတဲ့ ART ဆေးနဲ့ TB ဆေးတွေကို AA သိမ်းပိုက်ထားတဲ့ ပလက်ဝနဲ့ ရခိုင်က မြို့နယ် ၁၄ ခုအပြင် ကျောက်ဖြူမြို့နယ်တို့မှာ ဖြန့်ဝေသွားမှာဖြစ်တယ်လို့ အာရက္ခပြည်သူ့အစိုးရရဲ့ ကျန်းမာရေးဝန်ထမ်းတယောက်က ပြောပါတယ်။

“ရခိုင်မှာ ART နဲ့ TB ဆေး ပြတ်တောက်နေတာ နှစ်နဲ့ချီရှိနေပြီ။ အဲဒါကြောင့် ကျန်းမားရေးဌာနက လူကြီးတွေနဲ့ အာရက္ခတပ်တော်ရဲ့ လူကြီးတွေက ဒီဆေးတွေကို ဝယ်ယူပြီး အခမဲ့ ဖြန့်ဝေးနေကြတာ။ ဆေးဖြန့်မှုကတော့ AA သိမ်းပိုက်ထားတဲ့ မြို့နယ် ၁၅ ခုနဲ့ ကျောက်ဖြူမြို့နယ်လည်း ပါဝင်တယ်။ ဆေးကတော့ ဇန်နဝါရီ ၆ ရက်နေ့ကတည်းက တချို့မြို့နယ်တွေ အခမဲ့ စပြီးဖြန့်ဝေနေပြီ။”

ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက စစ်ကောင်စီက ဆေးဝါးနဲ့ ကုန်သွယ်ခွင့် ပိတ်ဆို့ထားတာကြောင့် HIV နဲ့ TB ရောဂါ ဖြစ်ပွားနေသူတွေဟာ သေဆုံးမှုတွေ ရှိလာကြပြီးတော့ ရောဂါကူးစက်သူလည်း မြင့်တက်လာတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။

ပြည်သူ့ကျန်းမာရေးဌာနက ဆေးထောက်ပံ့ပေးမယ်လို့ သတင်းတွေကြားရပြီး ဆေးပြန်သောက်ခွင့်ရမယ်ဆိုရင် ရောဂါသက်သာမှု ရှိလာမယ်လို့ မြောက်ဦးမြို့နယ်က TB ရောဂါ ဖြစ်ပွားနေသူတယောက်က ပြောပါတယ်။

“ကျနော်တို့ ဆေးမသောက်ရတာ လအတန်ကြာနေပြီ။ ရောဂါပြင်းထန်လာရင် တခြားပိုးသတ်ဆေးတွေပဲ အစားထိုး သောက်နေကြရတယ်။ အခု ပြန်ပြီး ဆေးသောက်ခွင့်ရမယ်ဆိုရင် လက်ရှိခံစားနေရတဲ့ ဝေဒနာတွေ သက်သာပြီး ပြန်ကောင်းလာနိုင်တယ်။”

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့ မြို့တော် စစ်တွေနဲ့ မာန်အောင်မြို့နယ်တို့မှာ ART ဆေးနဲ့ TB ဆေးတွေ ပြတ်လပ်နေတာကြောင့် သေဆုံးမှုတချို့ ရှိလာကြတယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ်အတွင်းက ကျန်းမာရေးအဖွဲ့အစည်းတွေရဲ့ ကောက်ယူထားတဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်အတွင်း HIV/AIDS ဖြစ်ပွားသူနဲ့ TB ရောဂါဖြစ်ပွားသူ ၄၂,၅၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024