
ဇန်နဝါရီ ၅ ရက်က ကျင်းပခဲ့တဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ “The Brutalist” နဲ့ “Emilia Perez” ရုပ်ရှင်တွေက အဓိကဆုကြီးတွေကို အသီးသီး ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။
“The Brutalist” က အကောင်းဆုံး ဒရာမာရုပ်ရှင်ဆုကို ရရှိသွားပြီး နာဇီတွေရဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုမှာ အသက်ရှင်ကျန်ရစ်ခဲ့သူတယောက်အကြောင်း ရိုက်ကူးထားတာပါ။
အဓိကသရုပ်ဆောင်ဖြစ်တဲ့ အေဒရီယန် ဘရိုဒီ (AdrienBrody) ဟာ အကောင်းဆုံးဒရာမာ အမျိုးသားဇာတ်ဆောင်ဆု သိမ်းပိုက်နိုင်ခဲ့သလို “Emilia Perez” ရုပ်ရှင်ကလည်း အကောင်းဆုံး ဂီတဇာတ်မြူးဆုကို ရရှိသွားပါတယ်။
အသက် ၆၂ နှစ် ရှိပြီဖြစ်တဲ့ မင်းသမီးကြီး ဒမ်မီ-မော (Demi Moore) ကတော့ နုပျိုမှုကို လိုက်လံရှာဖွေရင်း လမ်းမှားရောက်သွားတဲ့ “The Substance” ရုပ်ရှင်နဲ့အတူ အကောင်းဆုံး ဂီတဇာတ်မြူး အမျိုးသမီးသရုပ်ဆောင်ဆုကို အရယူနိုင်ခဲ့ပါတယ်။
ဆီဘတ်ရှန် စတန်း ကလည်း မျက်နှာပုံပျက်နေတဲ့ လူတယောက်အကြောင်း ရိုက်ကူးထားတဲ့ “A Different Man” ဇာတ်ကားနဲ့အတူ အကောင်းဆုံး ဂီတဇာတ်မြူး အမျိုးသားသရုပ်ဆောင်ဆုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။
“Emilia Perez” ရုပ်ရှင်မှာ ရှေ့နေတယောက် အဖြစ် ပုံဖော်ခဲ့တဲ့ ဇိုဝီ ဆယ်ဒါးနား (Zoe Saldana) က အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို ရရှိသွားချိန်မှာတော့ မျက်ရည်တွေ ဝဲနေခဲ့တာ တွေ့ရပါတယ်။
ကီရန် ကော်လ်ကင် (Kieran Culkin) ကလည်း ဒရာမာနဲ့ဟာသ ရောနှောထားတဲ့ “A Real Pain” ဇာတ်ကားနဲ့အတူ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အခုတခေါက် ရွှေကမ္ဘာလုံးဆုရှင်တွေကို နိုင်ငံပေါင်း ၈၅ နိုင်ငံရဲ့ အနုပညာသတင်းထောက် ၃၃၄ ယောက်က မဲပေးရွေးချယ်ခဲ့ကြတာပါ။
ဒီရွှေကမ္ဘာလုံးဆုဟာ မတ်လထဲ ကျင်းပဖို့ရှိနေတဲ့ အော်စကာဆုပေးပွဲအတွက် အလားအလာကောင်းတဲ့ ရှေ့ပြေးအဖြစ်လည်း ရှုမြင်ထားကြပါတယ်။
Source : Reuters


