Home
ဆောင်းပါး
၂၀၂၄ တနှစ်တာ မြန်မာသတင်းမှတ်တမ်း 
DVB
·
December 31, 2024

၂၀၂၄ ခုနှစ်ကုန်ဆုံးလို့ နှစ်သစ်တခုကို ကူးပြောင်းတော့မယ့်အချိန် စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ  တနှစ်တာကာလအတွင်းဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေး၊ တိုင်းရင်းသားအရေး၊  စစ်ရေး၊ သာဘာဝဘေးစတဲ့ ထူးခြားသတင်းဖြစ်စဉ်တွေကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။ 

ဇန်နဝါရီ

-တော်လှန်ရေးအင်အားစုတွေအကြား ဘုံနိုင်ငံရေးသဘောတူညီချက်တရပ် အမြန်ဆုံး ရရှိရေးနဲ့ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပေါ်ပေါက်ရေးအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ဇန်နဝါရီ ၁ ရက်နေ့မှာ ၂၀၂၄ နှစ်သစ်ကူး ကြေညာချက်ကို ပူးတွဲထုတ်ပြန်ပါတယ်။ အဆုံးသတ်အောင်ပွဲရဖို့ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ဘုံရန်သူကို တညီတညွတ်တွန်းလှန်ကြဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက နှစ်သစ်မိန့်ခွန်းမှာ ပြောပါတယ်။

-ကချင်ပြည်နယ်၊ လိုင်ဇာအထက်နားက ပါဂျောင်၊ နာဖော့တပ်စခန်းကို လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ လာရောက်ပို့ဆောင်တဲ့ စစ်ကောင်စီ ရဟတ်ယာဉ်တစီးကို ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)က  ဇန်နဝါရီ ၃ ရက် မနက် ၁၁ နာရီခွဲလောက်မှာ ပစ်ချခဲ့ပါတယ်။ ပစ်ချခဲ့တဲ့ စစ်ရဟတ်ယာဉ်က ဗိုလ်မှူးတယောက်ကို အရှင်ဖမ်းမိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက် သေဆုံးခဲ့တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ပါတယ်။

-ဇန်နဝါရီ ၄ ရက်မှာကျရောက်တဲ့  ၇၆  နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၉၀၀၀ ကျော်ကို စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ရာမှာ အင်းစိန်ထောင်ကနေ အကျဉ်းသားထောင်ချီ ပြန်လွှတ်ပေးခဲ့ပြီး ပုဒ်  ၅၀၅-ကနဲ့  အကျဉ်းကျနေသူတချို့လည်း ပါဝင်လာပါတယ်။

-စည်းစနစ်ကျတဲ့ အထွေထွေရွေးကောက်ပွဲတရပ် ဖြစ်စေရေးနဲ့ ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ အစိုးရကို နိုင်ငံတော်တာဝန် လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ စစ်ခေါင်းဆောင်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ 

-ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့အခြေစိုက် လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) နဲ့  လက်ကျန် ခလရ -၂၃၉ တပ်ဖွဲ့ဝင် အားလုံး ဇန်နဝါရီ ၄ ရက်က  MNDAA ထံ လက်နက်ချပါတယ်။ လောက်ကိုင်မြို့အခြေစိုက် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ)က ဗိုလ်မှူးချုပ်အဆင့်ရှိသူ ၆ ယောက်နဲ့ အရာရှိတွေအပါအဝင် ရဲဘော်နဲ့တခြားအဆင့် ၂၀၀၀ ကျော်ဟာ ကိုးကန့်တပ်ဖွဲ့ (MNDAA) ဆီလက်နက်ချခဲ့ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ဇန်နဝါရီ ၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

-ရေတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမိုးအောင်ကို စစ်ခေါင်းဆောင်က ရာထူးကဖယ်ရှားပြီး အမျိုးသားလုံခြုံရေး အကြံပေးအဖြစ် ဇန်နဝါရီ ၈ ရက်က ခေတ္တပြောင်းရွှေ့ခန့်ထားလိုက်ပါတယ်။

-ပြည်သူချစ်သောအနုပညာရှင် မြန်မာဂန္ထဝင် အဆိုတော်ကြီး ဒေါ်မာမာအေး (အသက် ၈၁ နှစ်) ဟာ အမေရိကန်ပြည်ထောင်စု၊ အင်ဒီးယားနားပြည်နယ်၊ ဖို့တ်ဝိန်းမြို့ရှိ သူ့ရဲ့ နေအိမ်မှာ ဒေသစံတော်ချိန် ဇန်နဝါရီ ၈ ရက် ညနေ ၆ နာရီ ၂၈ မိနစ်၊  မြန်မာစံတော်ချိန် ဇန်နဝါရီ ၉ ရက် မနက် ၅ နာရီ ၅၈ မိနစ်က  ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့ပါတယ်။  ဒေါ်မာမာအေး ကွယ်လွန်သွားတဲ့အတွက် မြန်မာ့ဂီတလောကအတွက် အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှုကြီးအဖြစ် ဝမ်းနည်းကြေကွဲ နှမြောတသဖြစ်ရကြောင်း အနုပညာရှင်အသိုက်အဝန်းက ထုတ်ဖော် ပြောဆိုကြပါတယ်။

-အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး အပါအဝင် ဗိုလ်ချုပ် ၂ ဦးနဲ့ ဗိုလ်မှူးချုပ် ၂ ဦးကို အရန်အင်အားကို ပြောင်းရွှေ့လိုက်ပြီး ပြည်ထောင်စုဝန်ကြီးသစ် ၃ ဦးကို စစ်ကောင်စီက ခန့်အပ် လိုက်ပါတယ်။ ရပခတိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ခင်မောင်တင့်၊ တပ်မ ၅၅ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်း၊ တပ်မ ၆၆ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဝင်းသူလင်းတို့ကို အရန်အင်အားကို ဇန်နဝါရီလ ၈ ရက် ပြောင်းရွှေ့လိုက်ပါတယ်။

ဒါ့အပြင် ဦးကိုကိုလှိုင်ကို စစ်ကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်နိုင်ဦးကို  စစ်ကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး၊ ဗိုလ်ချုပ်ကြီး မိုးအောင်ကို စစ်ကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၄) ပြည်ထောင်စုဝန်ကြီး အဖြစ် အသီးသီး ခန့်အပ်တာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီ အတွင်းရေးမှူး အောင်လင်းဒွေး အမိန့်နဲ့ ဇန်နဝါရီ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

-အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်  အာလွန်ကဲအိုကစ်တီကွန်ဟာ ဇန်နဝါရီ ၁၀ ရက်က နေပြည်တော်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။  အာဆီယံအထူးကိုယ်စားလှယ်နဲ့အဖွဲ့ဟာ အန်စီအေ အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က ခေါင်းဆောင်တွေနဲ့လည်းမနေ့က နေပြည်တော်မှာ  တွေ့ဆုံခဲ့ပါတယ်။

-အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီကို မြောက်ဥက္ကလာပမြို့နယ် စစ်ခုံရုံးကနေ ဇန်နဝါရီ ၁၁ ရက်မှာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ ထောင်ဒဏ်တသက်တကျွန်းချမှတ်လိုက်ပါတယ်။

-ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့နဲ့ စစ်ကောင်စီ တပ်တွေ ရောက်တဲ့နေရာမှာ ရပ်ပြီး ယာယီအပစ်ရပ်ကြဖို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တွေ့ဆုံ ဆွေးနွေးမှုအရ သဘောတူခဲ့ကြပါတယ်။ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဇန်နဝါရီ ၁၀ ရက်ကနေ ၁၁ ရက်အထိ နှစ်ရက်ကြာ  ဆွေးနွေးပြီးနောက် ဇန်နဝါရီ ၁၁  ရက်၊ ည ၉ နာရီလောက်ကစပြီး နှစ်ဖက်တပ်တွေ ချက်ချင်း အပစ်ရပ်စဲဖို့   “ဟိုင်ဂင်သဘောတူညီမှု” ဆိုပြီး ကြေညာခဲ့တာပါ။

-မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီကြား ယာယီအပစ်ရပ်စဲဖို့ သဘောတူညီမှု ရရှိခဲ့ပေမဲ့ စစ်ကောင်စီဘက်က အရပ်သားပြည်သူတွေရဲ့ ရပ်ရွာတွေကို လေကြောင်းကနေရော လက်နက်ကြီးတွေနဲ့ပါ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေတယ်လို့   ညီနောင် မဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။  ရှမ်းပြည်နယ်မြောက်ပိုင်း  နမ့်ဆန်မြို့နယ်က ကွယ်ဟယ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ၅ ကြိမ် တိုက်ခိုက်ခဲ့ပြီး နမ္မတူမြို့နယ်၊ မန်လီကျေးရွာကိုလည်း ဂျက်တိုက်လေယာဉ်နဲ့  ဗုံးကြဲခဲ့ပါတယ်။

-ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ပလက်ဝဒေသတစ်ခုလုံးရှိ စစ်ကောင်စီတပ်စခန်းတွေအားလုံး တစ်ခုမကျန်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တယောက်မကျန်အောင် ထိုးစစ်ဆင် တိုက်ခိုက်ပြီး နောက် ပလက်ဝဒေသတစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့  AA က ဇန်နဝါရီ ၁၄ မှာ ကြေညာပါတယ်။

-ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအနီးမှာ စစ်ကောင်စီ ဂျက်လေယာဉ်တစီးကို ဇန်နဝါရီ ၁၆ ရက် မှာ  ကေအိုင်အေက ပစ်ချလိုက်ပါတယ်။ ပစ်ချလိုက်တဲ့ FTC-2000G  စစ်‌ကောင်စီတိုက်လေယာဉ်မှာပါသွားတဲ့ လေယာဉ်မှူးနဲ့ တွဲဖက် လေယာဉ်မှူးတို့ နှစ်ဦးလုံး သေဆုံးသွားတယ်လို့ ကေအိုင်အေ သတင်းရင်းမြစ်ကနေ သိရပါတယ်။

-ကရင်ပြည်နယ်၊ မြဝတီမြို့ နယ်၊ သင်္ကန်းညီနောင် ကွင်းကလေး ခမရ ၃၅၅ တပ်ရင်းအနီးမှာ ဇန်နဝါရီ ၂၉ ရက် နေ့လယ် ၂ နာရီခွဲလောက်က ရဟတ်ယာဉ် ၂ စင်းပစ်ခတ်ခံရပြီး ရဟတ်ယာဉ် ၁ စင်းပျက်ကျကာ တပ်မ ၄၄ တပ်မှူး သေဆုံးခဲ့ပါတယ်။ တပ်အချိန်းအပြောင်းအတွက် လာရောက်တဲ့ စစ်ကောင်စီရဲ့ တပ်မ ၄၄ တပ်မမှူးလိုက်ပါလာတဲ့ ရဟတ်ယာဉ် ၂ စင်းကို KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ တွေက ပစ်ခတ်ခဲ့တာကြောင့်  ရဟတ်ယာဉ် ၁ စင်းပျက်ကျပြီး တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင်အပါအဝင် ၅ ဦးသေဆုံးပြီး အခြားအဆင့် ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

-အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်ဦးဆောင်သူများအဖြစ် ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ ကိုးကန့် ဥက္ကဋ္ဌဟောင်း ဦးပယ်ဆောက်ချိန် အပါအဝင် ၁၀ ဦးကို  ဇန်နဝါရီ ၃၀ ရက် ညပိုင်းမှာ တရုတ်ရဲလက် အပ်လိုက်ပါတယ်။ မနေ့ညက နေပြည်တော်လေဆိပ်မှာ စစ်ကောင်စီက တရုတ်နိုင်ငံရဲတပ်ဖွဲ့ကို ကိုးကန့် ဥက္ကဋ္ဌဟောင်း ဦးပယ်ဆောက်ချိန်၊ သားဖြစ်သူ ပယ်ရင်ချိန်၊ အမှတ် (၁၀၀၆) နယ်ခြားစောင့်တပ် ဗဟိုအကြံပေးနဲ့ ကွပ်ကဲရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝေဆန်း၊ ဖူလီလိုက်လုပ်ငန်းစု ဦးဆောင်သူ ဦးလျိုအားပေါက် အပါအဝင် ၁၀ ဦးကို လွှဲပြောင်းပေးလိုက်တာဖြစ်ပါတယ်။

-နိုင်ငံတော် အာဏာသိမ်းထားတဲ့ စစ်ကောင်စီက ဇန်နဝါရီ ၃၁ ရက်နေ့မှာ ကာလုံအစည်းအဝေး ခေါ်ယူပြီး တိုင်းပြည် သာမန်အခြေအနေ မရောက်သေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အရေးပေါ်အခြေအနေ ကြေညာကာ အာဏာသိမ်းထားတဲ့ သက်တမ်းကို နောက်ထပ် ၆ လ ထပ်တိုးလိုက်ပါတယ်။

ဖေဖော်ဝါရီ 

-စစ်ကောင်စီနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ မြန်မာနိုင်ငံက ဘဏ် ၂  ခုနဲ့ ကုမ္ပဏီ ၃ ခုကို ပစ်မှတ်ထား စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေ တိုးမြှင့်ပြုလုပ်လိုက်ကြောင်း သြစတြေးလျ နိုင်ငံရေးခြားရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်တဲ့နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို အားပေးကူညီရာရောက်တဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)တို့ အပြင် မြန်မာ့စစ်တပ်ရဲ့ လေယာဉ်ဆီဝယ်ယူမှုမှာပါဝင်ပတ်သက်နေတဲ့ Asia Sun ကုမ္ပဏီအုပ်စု၊ Asia Sun Trading ကုမ္ပဏီလီမိတက်နဲ့  Cargo Link Petroleum Logistics ကုမ္ပဏီလီမိတက်တို့ကို စီးပွားရေးပိတ်ဆို့ဒဏ်ခတ်လိုက်တာလို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

-အာဏာသိမ်းစစ်ကောင်စီဟာ အာဏာသိမ်းထားတာ ၃ နှစ်ပြည့်တဲ့ ဒီနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သူ့ရဲ့ အစိုးရအဖွဲ့ကို ဒုတိယဝန်ကြီးချုပ် ၆ ယောက်၊ စစ်ကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန ၄ ခုနဲ့ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းတယ်လို့  ကြေညာပါတယ်။

-စစ်အာဏာသိမ်း ၃ နှစ်ပြည့် နိုင်ငံတဝန်း အသံတိတ်သပိတ်ပြုလုပ်

- ချင်းပြည် Chinland အစိုးရအဖွဲ့ကို  ဝန်ကြီးဌာန ၁၄ ခုနဲ့ ဖွဲ့စည်းလိုက်ကြောင်း ချင်းပြည် Chinland ကောင်စီက ဖေဖော်ဝါရီ ၁ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

-ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ စာသင်ကျောင်း ၂ ကျောင်းကို ဖေဖော်ဝါရီ ၅ ရက်မနက်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်နေတဲ့ကလေးငယ် ၄ ဦး သေဆုံးပြီး  ၁၅ ဦး ဒဏ်ရာရကာ အမျိုးသား ၁ ဦး  သေဆုံး၊   ၅ ဦး မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ 

-မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံက အမျိုးသားအရေးပေါ်အခြေအနေအဖြစ် ကြေညာထားတာကို နောက်ထပ် ၁ နှစ် သက်တမ်းထပ်တိုးလိုက်တယ်လို့ သမ္မတအိမ်ဖြူတော်က ပြောပါတယ်။ အမေရိကန်နိုင်ငံရဲ့ လုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကို ခြိမ်းခြောက်စေတဲ့အတွက် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အမိန့်နဲ့ ဖေဖော်ဝါရီ ၇ ရက်စွဲနဲ့ ခုလိုထုတ်ပြန်လိုက်တာဖြစ်ပြီး အဲဒီအမိန့် သက်တမ်းတိုးမှုကို အမေရိကန်လွှတ်တော်ကိုလည်း အသိပေးစာ ပေးပို့ထားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

- ပဲခူးမြို့အဝင်ဂိတ်မှာ ဇန်နဝါရီ ၂၉ ရက်က ဖမ်းဆီးခံရတဲ့ နိုင်ငံ‌ရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားစဉ် ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။   မနိုဘယ်လ်အေးနဲ့ အမျိုးသားတဦးကို ဖေဖော်ဝါရီ ၈ ရက်နေ့ တရားရုံးကအပြန် လမ်းခုလတ် ကျိုက်လတ်ရွာနားမှာ ထွက်ပြေးတယ်ဆိုပြီး ပစ်သတ်လိုက်တာဖြစ်ပြီး ဆေးရုံကိုပို့ဆောင်ကာ အလောင်းကို တိတ်တဆိတ်မြေမြှုပ်ခဲ့တာဖြစ်ပါတယ်။

-အရွယ်ရောက်ပြီးသူတိုင်း မဖြစ်မနေ စစ်မှုထမ်းကြဖို့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ  အာဏာသိမ်း စစ်ခေါင်းဆောင်က လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ -နေပြည်တော်နဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေကို ထပ်မံဖွဲ့စည်းကြောင်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁၄ ရက်မှာ ကြေညာလိုက်ပါတယ်။

- နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးအပါအဝင် ပြည်နယ်နဲ့တိုင်းဒေသကြီး ၁၄ ခုက ရဲမှူးချုပ်နဲ့ ရဲမှူးကြီး ၁၄ ဦးတို့ကို  လမ်းပန်းဆက်သွယ်ရေးဝန်ကြီး တာဝန်က အနားပေးကာ လူပုဂ္ဂိုလ် ၁၄ ဦးကို ပြောင်းလဲခန့်ထားလိုက်တယ်လို့ စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်ညမှာ  ထုတ်ပြန်ကြေညာပါတယ်။

-ရခိုင်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး ရေကြောင်းတိုက်ပွဲမှာ အသက်လုထွက်ပြေးလာချိန် တပ်ဖွဲ့ဝင်တချို့နဲ့အတူ အရှင်လက်ရဖမ်းဆီးမိခဲ့ပြီး ဗိုလ်မှူးကြီး တယောက်ကို အသေရရှိခဲ့ကာ ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိတွေနဲ့ တပ်သားတွေကို  ဆေးကုသပေးနေတယ်လို့ ရက္ခိုင့်တပ်တော် (အေအေ)က ဖေဖော်ဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။ 

-ဖျာပုံထောင်မှာ ဖမ်းဆီးထားသူ ၆ ယောက်ထဲက တယောက်ကို လက်နက်တွေရှိတဲ့နေရာ ပြခိုင်းဖို့ စစ်ကောင်စီက ခေါ်ထုတ်သွားပြီး ပစ်သတ်လိုက်တယ်လို့ ထောင်ဝန်ထမ်း အသိုင်းအဝိုင်းဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီ ၆ ရက်နဲ့ ၇ ရက်နေ့က လက်နက်တွေနဲ့ ဖမ်းဆီးရတယ်ဆိုပြီး ဖျာပုံထောင်ထဲကို ထည့်ထားတဲ့ ဒေးဒရဲမြို့နယ်၊ ကျိတ်တောကျေးရွာနဲ့ ကဝက်ချောင်းကျေးရွာက ကိုနိုင်ဝင်းဆွေ၊ ကိုလှိုင်မျိုးကျော် ကိုနိုင်မျိုးရွှေနဲ့ သူ့ဇနီး၊ ကိုဝေယံဦးနဲ့ သူ့ရဲ့မိခင်တို့ကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီအထဲက ကိုနိုင်ဝင်းရွှေတို့ ဇနီးမောင်နှံကို ထောင်ကနေ ထုတ်ပြီး ဝှက်ထားတဲ့ လက်နက်တွေ လိုက်ပြခိုင်းရင်းနဲ့ အပြင်မှာ သတ်လိုက်ပြီလို့ ပြောပါတယ်။

-မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ၆၅ လမ်းနဲ့ ၆၆ လမ်းကြားနဲ့ ၁၂ လမ်းရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ပတ်စပို့ရုံးမှာ ဖေဖော်ဝါရီ ၁၉ ရက် မနက်အစောပိုင်း ၂ နာရီ ၃၅ မိနစ်လောက်က နိုင်ငံကူးလက်မှတ် ပတ်စပို့ တန်းစီတိုးကြရာက လူအုပ်ပိ အသက်ရှူကြပ်ပြီး အမျိုးသမီး ၂ ဦး သေဆုံး၊ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ 

-ရခိုင်ပြည်နယ်၊ မြောက်ဦးမြိုအခြေစိုက် ခမရ ၃၇၈  တပ်ရင်းမှာ ဖမ်းဆီးခံရတဲ့ သတင်းထောက် ဖိုးသီဟ (ခ) မြတ်သူထွန်း၊ ကျော်ဇံဝေ (ခ) ဖိုးလပြည့်တို့ အပါအဝင် ၇ ယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့  စစ်ကောင်စီတပ် အရာရှိတွေက  ဝန်ခံပြောဆိုလိုက်ပါတယ်။ သတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်တဲ့ ခမရ ၃၇၈ တပ်ရင်း ဌာနချုပ် တပ်ခွဲမှူး ဗိုလ်မှူးသိန်းထိုက်စိုး၊ ဗိုလ်ကြီးအာကာမြင့်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုးတို့က  ဝန်ခံပြောဆိုထားတဲ့ ရုပ်သံဖိုင်ကို ရက္ခိုင့်တပ်တော် (အေအေ)က ဖေဖော်ဝါရီ ၂၉ ရက်က ထုတ်ပြန်ပါတယ်။

မတ် 

-ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်-မြစ်ကြီးနား လမ်းမပေါ်ရှိ ဒေါ့ဖုန်းယန် ဟန်ကိုင်တောင် အ‌ခြေစိုက် ခလရ ၁၄၂ တပ်ရင်းတရင်းလုံး မတ်လ ၈ ရက် မနက်ပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ထံ အလံဖြူထောင် လက်နက်ချပါတယ်။ လက်နက်ချရာမှာ အရာရှိတွေ၊ စစ်သားမိသားစု အမျိုးသမီးနဲ့ ကလေးတွေ ဝန်ထမ်းတွေနဲ့  ရဲတွေလည်းပါဝင် ပါတယ်။

-ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်နဲ့  ဖျာပုံမြို့နယ်မှာ စစ်မှုထမ်းဖို့ မဲနှိုက်ရွေးချယ်ခံရတဲ့ လူငယ် နှစ်ယောက် အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်လို့‌ ဒေသခံတွေထံက သိရပါတယ်။

-အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ NDAA မှာ ထည့်သွင်းဖော်ပြထားတဲ့ Burma Act ပါဖော်ပြချက်တွေအတိုင်း မြန်မာ့အရေးအတွက် ဒေါ်လာ ၁၂၁ သန်း အကူအညီပေးမယ့်အချက်ပါဝင်တဲ့ ဘက်ဂျက်အတည်ပြုချက်ကို သမ္မတဂျိုးဘိုင်ဒန်က ဒေသစံတော်ချိန် မတ် ၂၂ ရက်နေ့က လက်မှတ်ရေးထိုးအတည်ပြုလိုက်ပါတယ်။

ဧပြီ 

-တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် တိန်ရှီကျင်းဟာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဧပြီ  ၁ က နေပြည်တော်မှာ တွေ့ဆုံပြီး  နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊  မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးနဲ့ အွန်လိုင်းလောင်းကစားမှု ပပျောက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။ 

-နေပြည်တော် စစ်ရုံးချုပ်၊ မင်းအောင်လှိုင်အိမ်နဲ့ အေလာလေတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့တွေနဲ့ ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့ရဲ့ Kloud Drone တပ်ခွဲ၊ Lethal Prop Weapon Team တပ်ခွဲက မောင်းသူမဲ့ ဒရုန်းအစင်း ၃၀ လောက်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာပါတယ်။  

-လူ့အခွင့်အရေးချိုးဖောက်ဖို့ စစ်ကောင်စီက လေယာဉ်ဆီတွေ အသုံးချနေတယ်လို့ ယုံကြည်ရင် မြန်မာနိုင်ငံကို လေယာဉ်ဆီတင်ပို့တာ ဒါမှမဟုတ် ရောင်းချတာ ရှောင်ရှားကြဖို့ တောင်းဆိုတဲ့ အစီအမံတရပ်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက သဘောတူဆုံးဖြတ်လိုက်ပါတယ်။ အဖွဲ့ဝင် ၄၇ နိုင်ငံပါဝင်တဲ့ ကောင်စီဟာ မြန်မာနိုင်ငံကို လက်နက်၊ ခဲယမ်းနဲ့ စစ်လက်နက်ပစ္စည်းတွေ တရားမဝင်ရောင်းချတာကို ရပ်ဆိုင်းဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

-ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကနေ စစ်ဘေးရှောင်လာကြမယ့် စစ်ဘေးဒုက္ခသည် ၁ သိန်းလောက်ကို ယာယီလက်ခံဖို့ ပြင်ဆင်ထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပမ်ပရီ ဖဟိဒါနုကွန်း က ဧပြီ ၉ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

-၁၉၈၂ နိုင်ငံသားဥပဒေကို ဖျက်သိမ်းဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ပြည်သူ့ညီလာခံက ဆုံးဖြတ်လိုက်ကြောင်း ဧပြီ ၉ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

-မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်တွေအသီးသီးမှာ  အကျဉ်းကျခံနေရတဲ့  အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း  ၃၃၀၃ ယောက်ကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း    ဧပြီ ၁၇  မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။  

-နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို အကျဥ်းထောင်ကနေ ခေါ်ထုတ်ကာ နေပြည်တော်ရှိ  နေရာတခုမှာ ပြောင်းရွေ့ထားလိုက်ပါတယ်။

-အန်အယ်လ်ဒီအစိုးရလက်ထက်က ခန့်အပ်ထားတဲ့ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူကို အနားယူခိုင်းလိုက်ပြီလို့ စစ်ကောင်စီက  ဧပြီ ၂၂ ရက်ညမှာကြေညာပါတယ်။ ကျန်းမာရေးအရ ရာထူးက‌နေ အနားယူခွင့်ပြုလိုက်တာလို့ စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေးနာမည်နဲ့ ထုတ်ပြန်တဲ့ စာမှာ ဖော်ပြထားပါတယ်။

-မကွေးတိုင်းဒေသကြီး၊ ချောက်မြို့မှာ စံချိန်တင် အပူချိန်မြင့်တက်နေပြီး Eldorado Weather ဝက်ဘ်ဆိုက်က ထုတ်ပြန်ထားတဲ့ ကမ္ဘာ့အပူချိန်အမြင့်ဆုံးမြို့တွေ စာရင်းမှာ အခုရက်ပိုင်းအတွင်း နံပါတ် ၁ နေရာမှာ ရောက်ရှိနေပါတယ်။ကမ္ဘာ့မိုးလေဝသ အချက်အလက် တိုင်းတာချက်ကို ဖော်ပြနေတဲ့ Eldorado Weather မှာ ဧပြီ ၂၉ ရက် မွန်းလွဲ ၂ နာရီက အပူချိန် ၄၈ ဒသမ ၂ ဒီဂရီစင်တီဂရိတ်နဲ့ ချောက်မြို့က ကမ္ဘာ့အပူချိန်အမြင့်ဆုံးမြို့တွေ စာရင်းရဲ့ နံပါတ် ၁ နေရာမှာ ဖော်ပြခံခဲ့ရတာပါ။ မကွေးမြို့၊ မင်းဘူးမြို့၊ ညောင်ဦး၊ စစ်ကိုင်း၊ မန္တလေး၊ မုံရွာ အစရှိတဲ့ အထက်အညာဒေသက မြို့တွေလည်း Eldorado Weather ရဲ့ ကမ္ဘာ့အပူချိန်အမြင့်ဆုံးမြို့တွေ စာရင်းမှာ ပါဝင်နေပါတယ်။

မေ

-နေပြည်တော်မှာ ဘာသာရေးအဆောက်အဦတွေ ဆောက်လုပ်နိုင်ဖို့အတွက် စစ်ခေါင်းဆောင်က  ဘာသာပေါင်းစုံအဖွဲ့ကို မြေ ၂ ဧကစီပေးတဲ့ကိစ္စ ပြန်လည်စိစစ်ကာ ရုပ်သိမ်းပေးဖို့ အမျိုးသားရေးလှုပ်ရှားသူတွေက မေ ၃ ရက်မှာ  ကန့်ကွက်စာထုတ် တောင်းဆိုလိုက်ပါတယ်။

-ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်က ရဟတ်ယာဉ် တစင်းကို မတ် ၆ ရက် ဒီကနေ့မှာ ပစ်ချနိုင်ခဲ့တယ်လို့ ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တွေက ပြောပါတယ်။

-ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့  မေ ၆ ရက် ထုတ် The Reporters  ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ဝန်ကြီးချုပ်ဟောင်းနဲ့ ထိုင်းမြောက်ပိုင်း ချင်းမိုင်မှာတွေ့ဆုံခဲ့တဲ့အဖွဲ့တွေကတော့  KNU ကရင်အမျိုးသား အစည်းအရုံး  , KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီ  , KNO ကချင်အမျိုးသားအစည်းအရုံး , NUG  အမျိုးသားညီညွတ်ရေးအစိုးရ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော်  RCSS/SSA တို့ပါဝင်ပါတယ်။

-ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် အသက် ၆၂ နှစ်အရွယ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းဟာ မေ ၁၃ ရက်၊ ညနေ ၆ နာရီ၊ ၂၃ မိနစ်မှာ အသည်းရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

-အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ကာအိုခင်ဟွန်းနဲ့ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အာလွန်ကဲအို ကစ်တီကွန်တို့ဟာ မေ ၁၅ ရက်မနက်က  နေပြည်တော်မှာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။  

-လောက်ကိုင်ဒေသ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းကိစ္စတွေမှာ ပါဝင်ပတ်သက်နေတဲ့ ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း အပါအဝင် ဗိုလ်ချုပ် ၅ ဦးကို  စစ်ကောင်စီက  မေ ၁၈ ရက်က ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်အထိ ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

-ရှစ်လေးလုံးအရေးတော်ပုံကာလမှာ ခြေလျင်တပ်ရင်းတွေကို ဦးဆောင်ပြီး ဖြိုခွဲခဲ့တဲ့ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးကျော်ဘ မေ ၂၀ ရက် မနက်က မင်္ဂလာဒုံစစ်ဆေးရုံ အထူးကုသဆောင်မှာ ကွယ်လွန်သွားပါတယ်။

ဇွန် 

-အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) စတင်တည်ထောင်သူလည်းဖြစ် နာယက ကာကွယ်ရေးဦးစီးချုပ်ဟောင်းလည်းဖြစ်တဲ့  ဗိုလ်ချုပ်ကြီး  သူရဦးတင်ဦးဟာ အသက် ၉၈ နှစ်အရွယ်   ရန်ကုန် ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်မှာ ဆေးဝါးကုသမှုခံယူနေရာက ဇွန် ၁ ရက် ဒီနေ့မနက် ၉ နာရီလောက်မှာ ကွယ်လွန်သွားပါတယ်။

-ပြည်တွင်း ရွှေဈေးကွက်မှာ ရွှေစျေးနှုန်း မတည်ငြိမ်အောင်လုပ်တယ်ဆိုပြီး ရွှေဆိုင်လုပ်ငန်းရှင်တွေကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးအရေးယူနေပြီး  အောင်သမာဓိ၊ ဇွဲထက်နဲ့ ဝိန့်စိန်ရွှေဆိုင်အပါအဝင် ရွှေဆိုင်ပိုင်ရှင် ၇ ဦးနဲ့ ပွဲစား ၃ ဦးကို စစ်ကောင်စီက ဖမ်းဝရမ်း ထုတ်ထားတယ်လို့ ဇွန် ၂ ရက်ညက ထုတ်ပြန်ပါတယ်။ 

-စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတော-လက်ပံဆိပ်ရွာက မင်္ဂလာဆောင်တခုကို ဇွန် ၃ ရက် ဒီနေ့မနက် ၈ နာရီကျော်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူအများအပြား သေဆုံးဒဏ်ရာရခဲ့ပါတယ်။ 

-စစ်အာဏာသိမ်း ၃ နှစ်ကျော် ကာလတွေအတွင်း ကျန်းမာရေးကဏ္ဍအတွက် ကျပ်ငွေ ၁၅ ဘီလီယံကျော် အသုံးပြုခဲ့တယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၃ နှစ်တာအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာမှာ ဖော်ပြပါတယ်။

-ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသနဲ့ မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသတို့ ၂ ပါးဟာ ဇွန် ၁၉ ရက်က မန္တလေး ရွှေကျင်နိကာယ ဗဟိုဌာန အစည်းအဝေး အကြိုညှိနှိုင်း ‌ဆောင်ရွက်ဖို့ ရန်ကုန်မြို့မှ လေယာဉ်နဲ့ တံတားဦးလေဆိပ်ကို ကြွရောက်လာရာ ကံသုံးဆင့်ဆရာတော်ဇာတိဖြစ်တဲ့ ငါန်းဇွန်မြို့နယ်၊ ပန်းချီကမ္မရွာကို ကားနဲ့သွားရောက်စဥ် စစ်ကောင်စီတပ်က ပစ်ခတ်လို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး ပျံလွန်ခဲ့ပါတယ်။ ဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို ပစ်ခတ်သတ်ဖြတ်ခဲ့ရတာနဲ့ ပတ်သက်လို့ တရားမျှတမှုရဖို့ သံဃာတော်တွေက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်ခဲ့ကြပါတယ်။

-မြန်မာသမ္မတဟောင်း ဦးသိန်းစိန်ဟာ ဇွန် ၂၇ ရက်က ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်ရေး မူကြီး ၅ ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်ဖို့ တရုတ်နိုင်ငံကို သွားပါတယ်။ ဦးသိန်းစိန်နဲ့အတူ မြန်မာနိုင်ငံပထမဦးဆုံး ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ သမီး ဒေါ်သန်းသန်းနု၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာ ရေးအဖွဲ့ (MISIS) ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦးတို့လည်း အတူလိုက်ပါသွားကြပါတယ်၊။

-ဆန်ဈေးကို ဆန်စပါးအသင်းချုပ်က သတ်မှတ်ထားတဲ့ ဈေးနှုန်းထက် ပိုမိုရောင်းချတယ်ဆိုပြီး City Mart ရဲ့ စီအီးအိုအပါအဝင်၊ One Stop Mart ဒါရိုက်တာ၊ စိန်ဂေဟာ အုပ်ချုပ်မှုဒါရိုက်တာ၊ Aeon Orange ဒါရိုက်တာတွေနဲ့ ဆန်လုပ်ငန်းရှင်တချို့ ကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၅ နဲ့ အရေးယူလိုက်တယ်လို့ စစ်ကောင်စီက ဇွန် ၃၀ ရက် ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

ဇူလိုင်

-Eleven Media အယ်ဒီတာချုပ်ဟောင်း ဝေဖြိုး (ခေါ်) ဝေမင်းဖြိုး ဦးဆောင်တဲ့ မူးယစ်ဆေးဝါးဂိုဏ်းကို ရှမ်းပြည်နယ်ကနေ ရန်ကုန်ကိုသယ်ဆောင်လာတဲ့ ကျပ်ဘီလီယံ  ၂၀ ကျော်တန် မူးယစ်ဆေးဝါးတွေနဲ့ လယ်ဝေးမြို့နယ်၊ တောင်စဉ်အေး စစ်ဆေးရေး ဂိတ်မှာ ဇွန် ၂၅ ရက်မှာ ဖမ်းမိခဲ့ပါတယ်။ 

-ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံကနေ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစွဲဆိုထားတဲ့အမှုအတွက် ကနေဒါ၊ ပြင်သစ် တို့အပါအဝင် နိုင်ငံ ၇ နိုင်ငံကို ကြားဝင်ဆောင်ရွက်ခွင့်ပြုလိုက်တယ်လို့ ဇူလိုင် ၇ ရက်စွဲနဲ့ ICJ ကနေ ထုတ်ပြန်လိုက်ပါတယ်။ 

-ရခိုင်ပြည်နယ်၊ သံတွဲလေဆိပ်ကိုသိမ်းပိုက်နိုင်ပြီး သံတွဲဒေသတွင်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား အလောင်း ၄၀၀ ကျော်နဲ့ လက်နက်ခဲယမ်းတွေရခဲ့တယ်လို့ အာရက္ခတပ်တော် (AA) ဇူလိုင် ၇ ရက် ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

-ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒု-ဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်နဲ့ မန္တလေးတိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်တို့ကို စစ်ခေါင်းဆောင်က တာဝန်ကနေ အနားပေးလိုက်သလို  စစ်ခုံရုံးမှာ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ တွဲဖက်စစ်ထောက်ချုပ် ဗိုလ်ချုပ်ဇော်လွင်ဦးကို ထောင်ဒဏ် ၁၀ နှစ်အမိန့်ချပြီးနောက် ဗိုလ်မှူးချုပ်အောင်စိုးမိုးကို ဗိုလ်ချုပ်အဆင့် ရာထူးတိုးပေးကာ တွဲဖက်စစ်ထောက်ချုပ်အဖြစ်ခန့်ခဲ့ပါတယ်။

-မြန်မာစစ်ကောင်စီအနေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာဥပဒေနဲ့ လူ့အခွင့်အရေးဥပဒေတွေကို လေးစားလိုက်နာပြီး အရပ်သား ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ သက်ဆိုင်ရာအဖွဲ့တွေအားလုံး အကြမ်းဖက်မှုတွေလျှော့ဖို့ ဥရောပသမဂ္ဂ (EU) အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၃၇ နိုင်ငံက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

-ကမ္ဘာပေါ်မှာ ရာဇဝတ်မှုဖြစ်ပွားမှုနှုန်း အမြင့်ဆုံးနိုင်ငံ ၁၀ နိုင်ငံစာရင်းကို ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်မှုအညွှန်းကိန်းအဖွဲ့အစည်းက ဇူလိုင်  ၁၆ ရက်က ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံက နံပါတ် ၁ နေရာမှာ ရပ်တည်နေပါတယ်။

-ရှမ်းသီချင်း၊ မြန်မာသီချင်းတွေနဲ့ လူသိများကျော်ကြားတဲ့  ရှမ်းတိုင်းရင်းသား ဝါရင့်အဆိုတော် စိုင်းဆိုင်မောဝ် ( အသက် ၇၇ နှစ် ) ဟာ ဇူလိုင် ၁၇ ရက်  ည ၇ နာရီ ၁၅ မိနစ်က ရန်ကုန်၊ အင်းစိန်မြို့နယ်က  ‘ကောင်း’ဆေးရုံကြီးမှာ ကွယ်လွန်သွားပါတယ်။

-မြန်မာနိုင်ငံဆီ လက်နက်တင်ပို့ရောင်းချမှုဆိုင်ရာ ခွင့်ပြုချက်အားလုံးကို နိုင်ငံတော်အဆင့်လက်နက်ထိန်းချုပ်ရေးကော်မတီ (NCACC) အနေနဲ့ ပြန်လည် သုံးသပ်သွားဖို့နဲ့ ဆိုင်းငံ့သွားဖို့ တောင်အာဖရိကနိုင်ငံတရားရုံးက ဇူလိုင် ၁၉ ရက်မှာ အမိန့်ချမှတ်ပါတယ်။

-ယာယီသမ္မတ ဦးမြင့်ဆွေဟာ လက်ရှိကျန်းမာရေး မကောင်းဘဲ ဆေးခွင့် ယူထားတာကြောင့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ အတွက် ယာယီသမ္မတ တာဝန်ဝတ္တရားတွေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီကို လွှဲပြောင်းပေးလိုက်တယ်လို့ ဇူလိုင် ၂၂ ရက်မှာ စစ်ကောင်စီက ကြေညာပါတယ်။ 

-ကရင်အမျိုး သားအစည်းအရုံး (KNU) ဒုဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန် အသက် ၆၉ နှစ်ဟာ ထိုင်း-မြန်မာနယ်စပ်တနေရာမှာ ဇူလိုင် ၂၄ ရက်က  ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

-မကြာသေးခင်က ဘဏ်တွေကထုတ်ပေးတဲ့ ငွေစက္ကူအသစ်တွေ ဂယက်ကြောင့် ရွှေဈေး၊ ငွေဈေးတွေ အလှုပ်အခတ်များခဲ့ရာက ဒီနေ့ ဇူလိုင် ၂၉ ရက် ပြင်ပ ရွှေဈေးကွက်မှာ အကယ်ဒမီ မီးလင်းအခေါက်ရွှေ တကျပ်သားကို ကျပ်  ၆၃ သိန်းကနေ  ၆၅ သိန်းကြားထိ စံချိန်တင်ထိုးတက်ခဲ့ပြီး အမေရိကန် ဒေါ်လာငွေလဲနှုန်းက တဒေါ်လာကို ကျပ် ၅၂၀၀ ကျော်ထိ ဈေးပေါက်နေပါတယ်။ 

--အာဏာသိမ်းစစ်ခေါင်းဆောင်က ဒီကနေ့ ဇူလိုင် ၃၁ ရက်မှာ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူပြီး အရေးပေါ်ကာလကြေညာထားတာကို နောက်ထပ် ၆ လ သက်တမ်းတိုး လိုက်ပါတယ်။

ဩဂုတ်

-မှော်ဘီလေတပ်မှာ သြဂုတ် ၂ ရက် မနက်က  စစ်ကောင်စီလေတပ်က ယူရိုကော့ပတာ ရဟတ်ယာဉ်နဲ့ လေကျင့်ပျံသန်းနေတုန်း ပျက်ကျပြီး တောင်ပိုင်းတိုင်း လေတပ်ကွပ်ကဲရေးမှူးချုပ် ဗိုလ်ချုပ်စိုးတင်လတ်၊ ဗိုလ်မှူးကြီးမြသောင်းတို့ သေဆုံး၊ ဗိုလ်မှူး ၂ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

-အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကို အပြီးသတ်သိမ်းပိုက်ရရှိပြီလို့  MNDAA က ကြေညာပြီး တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ စကခ ၁ မှူး ဗိုလ်မှူးချုပ်မျိုးမင်းထွေးနဲ့ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုးတို့ကို အရှင်ဖမ်းမိသလို အရာရှိစစ်သည်နဲ့ မိသားစု ၄၀၀၀ ကျော် ကိုးကန့်တပ် MNDAA ဆီ လက်နက်ချအညံ့ခံခဲ့တယ်လို့ သိရပါတယ်။

-၈ လေးလုံး အရေးတော်ပုံ နှစ်ပတ်လည်နေ့ နိုင်ငံတဝန်းနှင့် နိုင်ငံတကာရောက် မြန်မာများ စစ်ကောင်စီကို ဆန္ဒပြခဲ့ကြပါတယ်။

-ယာဂီမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံ တိုင်းနဲ့ ပြည်နယ် ၅ ခုမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ရေကြီးရေလျှံနေပူစာလှုန်၊ ရေဘေးသင့်ကြသူ လူဦးရေ ၁ သိန်းကျော်ကို ကူညီဖို့ အရေးပေါ်ရေဘေးတုံ့ပြန်မှု လုပ်ငန်းတရပ်ကို စတင်လိုက်တဲ့အကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ထုတ်ပြန်ပါတယ်။

- ရန်ကုန်က ရွှေဈေးကွက်အတွင်းမှာ ကျပ်သိန်း ၇၀ နီးပါးနဲ့ အရောင်းဖွင့်ပြီး ရောင်းဝယ်နေကြပါတယ်။

-တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ်တိန့်ရှီကျွင်းဟာ ဩဂုတ် ၈ ရက်က နေပြည်တော်ကို ရောက်လာပြီး စစ်ခေါင်းဆောင်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံကာ  ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲကျင်းပရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။  

- ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄)  NDAA မိုင်းလားအဖွဲ့ရဲ့  ဥက္ကဋ္ဌ  ဦးစိုင်းလင်း အသက် (၇၈ နှစ်) ဟာ  ဩဂုတ် ၈ ရက် မနက်က တရုတ်နိုင်ငံမှာ အဆုတ်ကင်ဆာ ရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

-ပြင်ပဈေးကွက်ထဲမှာတော့ အမေရိကန်တဒေါ်လာကို ကျပ် ၆,၂၀၀၊ ထိုင်းတဘတ်ကို ၁၇၂ ကျပ်၊ တရုတ်ယွမ်‌ငွေက ၈၄၆ ကျပ်ထိ စံချိန်တင် မြင့်တက်နေပါတယ်။

-နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဩဂုတ် ၁၄ ရက်  မနေ့မွန်းလွဲပိုင်းက နေပြည်တော်မှာ စစ်ခေါင်းဆောင်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီး ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ခြင်းမူကို ခိုင်မာစွာ လက်ကိုင်ထားပြီး မြန်မာ့နိုင်ငံရေးအစဉ်အလာနဲ့ မြန်မာဘက်က မိမိနိုင်ငံရဲ့အခြေအနေအရရွေးချယ်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကို လေးစားတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောပါတယ်။ အားလုံးပါဝင်တဲ့ အထွေထွေရွေးကောက်ပွဲကိုလည်း ထောက်ခံသလို သန်းခေါင်းစာရင်းကောက်ဖို့ ကူညီမယ့်အကြောင်းလည်းပြောပြီး ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

-စစ်ခေါင်းဆောင်က သူရဲ့လူယုံ ၃ ယောက်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနဲ့ ဒုတိယဗိုလ်ချုပ်ကြီးညိုစောတို့ကို ဗိုလ်ချုပ်ကြီး ရာထူး တိုးမြှင့်ပေးလိုက်ပါတယ်။ 

-မြန်မာနိုင်ငံမှာ မြစ်ရေကြီးရေလျှံမှုကြောင့် မြို့ရွာတွေ ရေနစ်မြုပ်ခဲ့ပြီး လူပေါင်း ၄ သိန်းနီးပါး ရေဘေးသင့်ခဲ့တယ်လို့  ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က ဩဂုတ် ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

-မှတ်တမ်းရုပ်ရှင်ဖန်တီးသူ  နိုင်ငံရေးအကျဉ်းသား ကိုဖေမောင်စိမ်းဟာ စစ်ကောင်စီရဲ့ နှိပ်စက်မှုတွေကြောင့်ရတဲ့ဒဏ်ရာတွေနဲ့ ထောင်ကနေလွတ်ပြီး ရက်ပိုင်းအကြာ သြဂုတ် ၁၉ ရက် နေ့လယ် ၂ နာရီက ရန်ကုန်မြို့ ဆာကူရာဆေးရုံမှာ ကွယ်လွန်သွားပါတယ်။

-မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ ဩဂုတ် ၂၁ ရက်က သတင်းသမားတယောက်ရဲ့ နေအိမ်ကို စစ်ကောင်စီတပ်က  ဝင်ရောက်စီးနင်း ပစ်ခတ်စဉ် DVB CJ သတင်းထောက်တယောက်နဲ့ အလွတ်တန်း သတင်းထောက်တယောက်တို့ သေဆုံးသွားပါတယ်။

-မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ တရုတ်-မြန်မာ နယ်စပ်ဒေသမှာ  ချက်ချင်းအပစ်ရပ်ဖို့နဲ့ မရပ်ရင်  ဆုံးမသွန်သင်တဲ့ နည်းလမ်းတွေနဲ့လုပ်ဆောင်သွားမယ်လို့ တရုတ်နိုင်ငံက   တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)ထံ စာပေးပို့ သတိပေး ခြိမ်းခြောက်လိုက်ပါတယ်။

စက်တင်ဘာ

-လျှပ်စစ်မီတာခတွေကို စက်တင်ဘာလကစလို့ ၂ ဆခွဲလောက်အထိ စစ်ကောင်စီက တိုးမြှင့်ကောင်ခံ လိုက်ပါတယ်။

-မြောက်ပိုင်းညီနောင်မဟာမိတ်ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ အာရက္ခတပ်တော် (AA) တို့ကို အကြမ်းဖက်အဖွဲ့တွေအဖြစ်  စစ်ကောင်စီက စက်တင်ဘာ ၂ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

-စက်သုံးဆီရည်ညွှန်းဈေးဟာ စက်တင်ဘာ ၆ ရက် ဒီနေ့မှာ တလီတာ ကျပ် ၃,၂၀၀ ကျော်အထိ ဈေးထပ်တက်ပြီး ကားတစီးကို ကျပ် ၅၀,၀၀၀ ဖိုးပဲ ရောင်းချလို့ ရန်ကုန်မှာ ကားတွေတန်းစီပြီး ဆီဖြည့်နေရပါတယ်။

-ရခိုင်ပြည်နယ်၊ မောင်တောမြို့ကို စက်တင်ဘာ ၉ ရက် ည ၉ နာရီမှာ  စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲ‌တိုက်ခိုက်လို့ မောင်တောမြို့ ၄ မိုင် (နခခ-၂) စခန်းမှာ  ခေတ္တထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းနဲ့ အရပ်သား အကျဉ်းသား ၅၀ ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

-ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ ဆေးဌာနကကြီးမှူးဖွင့်လှစ်တဲ့ ဆေးသင်တန်းက သင်တန်းသားတွေဟာ စက်တင်ဘာ ၁၁ ရက် ညနေမှာ သင်ခန်းစာ မစ်ရှင်လေ့ကျင့်ရင်း ရေချောင်းတခုကိုဖြတ်ကျော်ဖို့ ကြိုးစားအားထုတ်ရာမှာ မတော်တဆဖြစ်ပွားခဲ့ပြီး ဆေးသင်တန်းသား ၁၈ ယောက် ရေထဲမျောပါ ဆုံးရှုံးခဲ့ရပါတယ်။

-ရှမ်းပြည်နယ်တောင်ပိုင်းမှာ အခုအပတ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းနေလို့  မြို့နယ် ၁၀ ခုမှာ ရေကြီးပြီး တောင်ပြိုတာတွေကြောင့် ကလောမြို့နယ်မှာ ဒေသခံအယောက် ၆၀၊ ညောင်ရွှေမြို့နယ်မှာ ဒေသခံ ၂၀၊ လွိုင်လင်မြို့နယ်မှာ ၁၂ ယောက်နဲ့ ဟိုပုံးမြို့ပေါ်မှာ ၁ ယောက် သေဆုံးခဲ့ပါတယ်။

-မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသမှာ မြေပြိုမှုတွေကြောင့် ချောင်းဖျားရွာမှာ သေဆုံးသူ လူ ၄၁ ဦး၊ သပြေပင်မှာ လူဦးရေ ၁၀၀ ကျော်နဲ့ ငါးတဲစုက ချောင်းနံဘေးမှာ နေကြတာဖြစ်လို့ ရွာလုံးကျွတ်နီးပါး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီရဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

-ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO (ခွဲထွက်) အဖွဲ့ကနေ စက်တင်ဘာ ၁၁ ရက်နေ့ကလုပ်တဲ့ ဗဟိုအလုပ်မှုဆောင်အစည်းအဝေး ဆုံးဖြတ်ချက်တွေကို လက်မခံတာကြောင့် နုတ်ထွက်လိုက်ပြီလို့ PNLOနာယက ဗိုလ်မှူးကြီးခွန်ဉက္ကာ က ထုတ်ပြန်ပါတယ်။ 

-ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ မင်္ဂလာမူဆယ်အိမ်ရာမှာ စက်တင်ဘာ ၂၃ ရက်က အွန်လိုင်းလောင်းကစားလုပ်နေတဲ့ တရုတ်နိုင်ငံသားနဲ့ မြန်မာနိုင်ငံသား ၅၀၀ ကျော်ကို စစ်တပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

အောက်တိုဘာ

-စစ်တပ်လုံခြုံရေးဖြင့် စစ်ကောင်စီထိန်းချုပ်နယ်မြေများတွင် သန်းခေါင်စာရင်း စ ကောက်။

-စစ်ကောင်စီကထောင်ချထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ-(၂)၊ မန္တလေးတိုင်းဝန်ကြီးချုပ် အသက် ၇၃ နှစ်အရွယ် ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာကြောင့် ကျန်းမာရေးဆိုးရွားလို့ အကျဉ်းထောင်ကနေ မန္တလေးဆေးရုံကြီးကို ပြောင်းရွှေ့ကုသနေရင်း အောက်တိုဘာ ၇ ရက် မနက်က  မန္တလေးဆေးရုံကြီးမှာ  ကွယ်လွန်သွားပါတယ်။ 

-PNLO NCA-S ကို ဖွဲ့စည်းပြီး တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းစဉ်နဲ့သွားမယ်ဆိုတဲ့ ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာနဲ့ အတွင်းရေးမှူး ၂ ယောက်ဟာ PNLO ရဲ့ အခြေခံမူနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တာကြောင့် ထုတ်ပယ်လိုက်တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) က ထုတ်ပြန်ပါတယ်။

-မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီက မတရားဖမ်းဆီးခံ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံထားရတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို  အောက်တိုဘာ ၁၈ ရက်က အီတလီနိုင်ငံ ရောမမြို့မှာ  Ludovic Trarieux International Human Rights Prize ဆုကို အခမ်းအနားနဲ့ ချီးမြှင့်ပေးအပ်ခဲ့ပြီး သူ့ကိုယ်စား  NUG လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက လက်ခံရယူခဲ့ပါတယ်။

-စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို လူမှုကွန်ရက်မှာ နိုင်ငံတော်တည်ငြိမ်ရေးနဲ့ အစိုးရယန္တရားပျက်အောင် လှုံ့ဆော်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဒေါက်တာနေစိုးမောင်ကို အောက်တိုဘာ ၂၃ ရက်က မန္တလေး ပြည်ကြီးတံခွန်မြို့နယ်မှာ ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ကြေညာပါတယ်။ 

-မြန်မာ့နွေဦးတော်လှန်ရေးကျန်းမာရေးသူရဲကောင်းတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနတို့ကို  အမေရိကန်ပြည်သူ့ကျန်းမာရေးအဖွဲ့က The Edward Barsky Award ဆုကို ပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ကိုယ်စား လက်ခံရယူခဲ့ပါတယ်။ 

နိုဝင်ဘာ

-နေပြည်တော်၊ အေလာလေဆိပ်မှာ နိုဝင်ဘာ ၅ ရက် ဒီနေ့မနက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်နဲ့အဖွဲ့ တရုတ်ခရီးစဉ် လေယာဉ်နဲ့ ထွက်ခွာသွားပြီးနောက် ဗုံးပေါက်ခဲ့ပါတယ်။

-ဒေသတွင်း ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်ဖို့သွားတဲ့ တရုတ်နိုင်ငံခရီးစဉ်မှာ စစ်ခေါင်းဆောင်နဲ့အတူ ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီး ညိုစော၊ ရန်ကုန်၊ ဧရာဝတီနဲ့၊ တနင်္သာရီတိုင်းဝန်ကြီးချုပ်တွေ လိုက်ပါသွားပါတယ်။

-ထောင်ဒဏ် ၂၈ နှစ်ကျခံထားရတဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်ဟာ အဆုတ်ရောင်ရောဂါကြောင့် မန္တလေးဆေးရုံကြီး အထူးကြပ်မတ်ဆောင်မှာ ဆေးကုသမှုခံယူနေရင်း နိုဝင်ဘာ ၈ ရက် ည ၁၀ နာရီမှာ ကွယ်လွန်သွားပါတယ်။

-ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသ၊ မန်ကျည်းစင်ရွာမှာ နိုဝင်ဘာ ၁၅ ရက် ညပိုင်းက မီးပုံးပျံပြုတ်ကျလို့ Inle Princess Resort ဟိုတယ်တခုလုံး လောင်ကျွမ်းပျက်စီးသွားပါတယ်။

-ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) တရားသူကြီးတွေဆီ တရားလို ရှေ့နေချုပ်က နိုဝင်ဘာ ၂၇ ရက်မှာ လျှောက်ထားလိုက်ပါတယ်။

ဒီဇင်ဘာ

-ဒီနေ့ကစလို့ ရောက်ရာနေရာကနေ ချက်ချင်းအပစ်အခတ်ရပ်စဲပြီး စစ်ကောင်စီတပ်တွေကို စတင်တိုက်ခိုက်မှာမဟုတ်ဘဲ စစ်ကောင်စီအနေနဲ့လည်း မြန်မာနိုင်ငံနေရာအနှံ့မှာ ဝေဟင်နဲ့ မြေပြင် ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေကို ရပ်ဆိုင်းပေးရမယ်လို့ MNDAA က ဒီဇင်ဘာ ၃ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပြီး ဒါနဲ့ပတ်သက်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်အနေနဲ့ ချီးကျူးကြောင်း ပြောပါတယ်။

-မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ပါရာဂွေးနိုင်ငံ အာဆွန်စီယွန်မြို့မှာ ဒီဇင်ဘာ ၅ ရက်က ကျင်းပတဲ့ (၁၉) ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ညီလာခံအတွင်း  ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) က ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှာ တရားဝင် ထည့်သွင်း သတ်မှတ်လိုက်ပါတယ်။

-မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှုနဲ့ ထုတ်လုပ်မှုဟာ ၂၀၂၄ ခုနှစ်မှာ အနည်းငယ် ကျဆင်းခဲ့ပေမဲ့ ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုအများဆုံး နိုင်ငံအဖြစ် ဆက်လက် မှတ်တမ်းဝင်နေဆဲပဲလို့ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC)က ထုတ်ပြန်ပါတယ်။ 

--တရုတ်နိုင်ငံက ဦးဆောင်ပြီး ကိုးကန့်တပ်မတော် (MNDAA) နဲ့ စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးကြပေမဲ့ စစ်ကောင်စီဘက်က  MNDAA တပ်တွေ လားရှိုးကနေ ပြန်ဆုတ်ဖို့ တောင်းဆိုခဲ့တဲ့အတွက် ၂ ရက်ကြာဆွေးနွေးပွဲ ပျက်သွားပါတယ်။

-တချိန်တုန်းက ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဗဟိုဌာနချုပ်အဖြစ် နာမည်ကြီးခဲ့တဲ့ မာနယ်ပလော စစ်စခန်းကြီးကို နှစ်ပေါင်း ၃၀ လောက် ထိန်းချုပ်ထားတဲ့ စစ်တပ်ဆီကနေ KNLA ပူးပေါင်းတပ်တွေက ပြန်လည်သိမ်းပိုက်လိုက်ပါတယ်။ 

-ရခိုင်ပြည်နယ်၊  မောင်တောမြို့နယ်မှာ နခခ (၅) အပါအဝင် မောင်တောဒေသတခုလုံးကို အာရက္ခ တပ်တော် (AA) က အလုံးစုံသိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်သား ၄၅၀ ထက်မနည်း သေဆုံးခဲ့ကာ စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းဦးဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရိုဟင်ဂျာလက်နက်ကိုင် သုံ့ပန်းအများအပြားကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ AA က ဒီဇင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။  

-ရခိုင်ပြည်နယ်မှာ စစ်ရေးအရ ရှုံးနိမ့်လာတဲ့ စစ်ခေါင်းဆောင်က ဒီဇင်ဘာ ၁၈ ရက်ညမှာ ညှိနှိုင်းကွပ်ကဲရေးမှူး၊ ကာကွယ်ရေးဝန်ကြီး၊ နပခတိုင်းမှူးနဲ့ နတခတိုင်းမှူး အပါအဝင် အရေးပါတဲ့ ရာထူးနေရာတွေ အပြောင်းအလဲ ပြုလုပ်လိုက်ပါတယ်။ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းကို နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီးအဖြစ် အရပ်ဘက်ကို ပို့လိုက်ပြီး သူ့ရဲ့နေရာကို ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးနဲ့  အစားထိုးတာပါ။ စစ်တပ်ရဲ့ နံပါတ် ၃ နေရာဖြစ်တဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးနေရာကို စစ်ဦးစီးချုပ် (ကြည်း) နဲ့ စစ်ထောက်ချုပ်တာဝန်ယူထားတဲ့ အသက် ၅၃ နှစ်သာရှိသေးတဲ့ ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်းကို ခန့်ခဲ့တာပါ။  

-စစ်‌ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့ မွန်တော်လှန်ရေးတပ် ၄ ဖွဲ့ပူးပေါင်းပြီး တခုတည်းသော မွန်တပ်တော် ပေါ်ပေါက်လာဖို့ သဘောတူညီခဲ့တယ်လို့ ဒီဇင်ဘာ ၁၉ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

-အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ ကျန်ရှိနေတဲ့ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တခုလုံးကို ဒီဇင်ဘာ ၂၀ ရက်၊ နေ့လယ် ၁၂ နာရီမှာ အပြီးသတ် သိမ်းပိုက်လိုက်ပြီး ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနဲ့ ဗိုလ်မှူးချုပ်ကျော်ကျော်သန်းတို့ကို လက်ရ ဖမ်းဆီးမိခဲ့ပါတယ်။

-ချင်းပြည်နယ်၊ မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့ကို သိမ်းပိုက်ပြီးနောက် ချင်းတောင်ပိုင်းတခုလုံးမှာ စစ်ကောင်စီတပ် ကင်းစင်သွားပြီလို့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

-ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့အမှုမှာ ကြားဝင်ဆောင်ရွက်ခွင့်ပြုဖို့ အိုင်ယာလန်နိုင်ငံက လျှောက်ထားလာတယ်လို့ ICJ က ဒီဇင်ဘာ ၂၄ ရက်က ထုတ်ပြန်ပြီး ဂမ်ဘီယာဘက်က ရပ်တည်တဲ့ ၁၁ နိုင်ငံရှိလာပါတယ်။

ပိုင်စိုး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024