Home
ဆောင်းပါး
၂၀၂၄ တနှစ်တာ ထူးခြားထင်ရှား မြန်မာပြည်သားများ
မြတ်နိုးအောင်
·
December 30, 2024

သိပ်မကြာခင်မှာပဲ တနှစ်ကူးပြန်တော့မယ့်အချိန် ငြိမ်းချမ်းသာယာတဲ့ ကမ္ဘ့ာတဘက် ခြမ်း နိုင်ငံတွေမှာ နှစ်သစ်ကူးကြိုဆို ဆုတောင်းမှုတွေနဲ့ မင်္ဂလာရှိရှိ ဖြတ်သန်းနေကြချိန်၊ တဘက်ခြမ်းက စစ်ဘေးပဋိပက္ခနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မြန်မာနိုင်ငံမှာတော့ ခက်ခဲကြမ်းတမ်းတဲ့ တော်လှန်ရေးခရီးရှည်ကြီးကို ဆက်လက်ပြီးတော့ ဖြတ်သန်းနေရပါတယ်။

စစ်အာဏာသိမ်းပြီးချိန်ကတည်းကနေ အချိန် သုံးနှစ်ကျော် လေးနှစ်ကာလတွေအတွင်း သဘာဝဘေးဒဏ်ကပ်ဘေး၊ စစ်ဘေးတွေနဲ့ အဆိုးဝါးဆုံး အခြေအနေအောက်မှာ မြန်မာနိုင်ငံဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ယိုယွင်းနေ သလို ကမ္ဘာ့ကျဆုံးနိုင်ငံအဆင့်ထိ ရောက်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

လူသားတွေရဲ့ ဖြတ်သန်းရာ သမိုင်းတလျှောက်မှာတော့ တာဝန်တွေကိုယ်စီနဲ့ ခေတ်ဝန်ကို ထမ်း ခေတ်လမ်းကိုလျှောက်ကြပြီး ကောင်းမွန်လှပတဲ့ သမိုင်းကြောင်းနဲ့ မှတ်တမ်းတင်ကြသူတွေ ရှိသလို လူ့အဖွဲ့အစည်းအတွက် ဆိုးရွားအကျည်းတန်တဲ့ လုပ်ရပ်တွေနဲ့ ဖြတ်သန်းခဲ့ကြသူတွေလည်း ဒုနဲ့ဒေးရှိနေတာပါ။

ပြီးခဲ့တဲ့ တနှစ်တာအတွင်းမှာတော့ မြန်မာပြည်သူတွေ မစိမ်းကြတဲ့ စကားတခုလို ဖြစ်နေတဲ့ တော်လှန်ရေးခရီးကြမ်းထဲမှာ ဖြတ်သန်းရင်း သမိုင်းလှအောင် “အရှုံးနဲ့သေမလား၊ အပြုံးနဲ့ နေမလား” ဆိုတဲ့ အခြေအနေအောက်မှာ ထင်ရှားတဲ့ ၂၀၂၄ တနှစ်တာ ထူးခြားထင်ရှား မြန်မာပြည်သူပြည်သား ၁၀ ဦးကို DVB က ရွေးချယ်ဖော်ပြပေးရင်း နှစ်သစ်မှာ ပြည်သူပြည်သားအပေါင်း ဘေးအန္တရာယ် ကင်းရှင်းပြီး မျှော်မှန်းထားတဲ့ အနာဂတ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို ဖော်ဆောင် နိုင်ခွင့်ရရှိပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ပျံလွန်ခဲ့ရသည့် သာသနာ့အာဇာနည် ပဲခူး ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး

အာဏာသိမ်း စစ်အုပ်စုဟာ လက်နက်ကိုင်တပ်တွေကိုသာမက အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူတွေကိုပါ မင်းမဲ့စရိုက်ဆန်ဆန် အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်နေတာတွေထဲ ထင်ရှားတဲ့ ဖြစ် ရပ်တခုကတော့ ပဲခူးမြို့က ဝင်းနိမ္မိတာရုံ ဆရာတော်ကြီးကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ် ဖြတ်မှုပါပဲ။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်ဟောင်း ဆရာတော်တပါးဖြစ်တဲ့ ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသဟာ မန္တလေးမှာကျင်းပမယ့် ရွှေကျင်နိကာရ သံဃာ့အစည်းအဝေးတက်ဖို့ သွားရောက်စဥ် စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှု​ကြောင့် ဇွန် ၁၉ ရက်နေ့မှာ ပျံလွန်တော်မူခဲ့ရတာ ဖြစ်ပါတယ်။

စာပေကျမ်းဂန်နှံ့စပ်ကျွမ်းကျင်တဲ့ ဆရာတော်တပါးအဖြစ်ရော၊ ရှင်းတမ်းကျမ်းတွေ ပြုစု တဲ့အတွက် ရှင်းတမ်းဆရာတော်အဖြစ်လည်း ရဟန်းသံဃာထုကြား ထင်ရှားတဲ့ ဝင်းနိမ္မိ တာရုံ ဆရာတော်ကြီးပျံလွန်တော်မူသွားတာနဲ့ ပတ်သက်လို့   ဒီပဲယင်း၊ တန့်ဆည်၊ ဆားလင်းကြီးနဲ့ စစ်ကိုင်းစတဲ့ ဒေသတွေမှာ ရဟန်းသံ ဃာတော်တွေဟာ  စစ်ကောင်စီတပ်ကို ပတ္တနိက္ကုဇ္ဇန သပိတ်မှောက် ကံဆောင်ခဲ့ကြတာလည်း ရှိခဲ့ပါတယ်။

အစပိုင်းမှာ စစ်အုပ်စုက ဆရာတော်ကြီးကို ဒေသတွင်းက တော်လှန်ရေးတပ် PDF တွေ က ပစ်သတ်ခဲ့တယ်လို့ လိမ်လည်ဝါဒဖြန့်ချိခဲ့တာပါ။

အဲဒီနောက်မှာတော့ လူပြောများဝေဖန်မှုတွေ မြင့်တက်လာချိန်မှာတော့ ဝင်းနိမ္မိတာရုံ ဆရာတော်ကို သူ့ရဲ့ စစ်သားတွေက ပစ်သတ်ခဲ့တဲ့အတွက် တောင်းပန်ကြောင်း လျှောက်ထားလွှာကို စစ်ခေါင်းဆောင်က စစ်ကောင်စီသာသနာရေးဝန်ကြီးကို ကျောင်းတိုက်ဆီ စေလွှတ်ကာ တောင်းပန်ခဲ့ပေမဲ့ သူတို့ရဲ့ လိမ်လည်ဝါဒဖြန့်ချိခဲ့မှုကိုတော့ ရည်ညွှန်းတောင်းပန်ခြင်းမရှိခဲ့ပါဘူး။

ဒီအခြေအနေဟာ ရဟန်းရှင်လူ ပြည်သူအားလုံးစိတ်နှလုံးညှိုးချုံးခဲ့ရတဲ့ အဖြစ်အပျက် အနေနဲ့ သမိုင်းဝင်ခဲ့တာကြောင့် ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

ပြည်သူလွမ်းနေရမယ့် ပြည်သူချစ်သော ဗိုလ်ချုပ်ကြီး သူရဦးတင်ဦး 

စစ်သားဘဝ လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သူ၊ ကျူးကျော်သူတွေကို တိုက်ထုတ်ခဲ့သူ၊ အသက်အငယ်ဆုံးနဲ့ ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့သူ၊ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ခဲ့သူ၊ နိုင်ငံရေးသမားဘဝမှာ NLD နာယက အဖြစ် အသက် ၉၀ ကျော်တဲ့အထိ သူတည်ထောင်ခဲ့တဲ့ ပါတီအတွက် အလုပ်အကျွေးပြုခဲ့သူ သူရဦးတင်ဦးကို သူချစ်တဲ့ပြည်သူတွေက အမှတ်တရ ရှိနေကြမှာပါ။

NLD ပါတီကို စတင်ထူထောင်ခဲ့ရာမှာပါဝင်ခဲ့သူ သူရဦးတင်ဦးဟာ ၁၉၈၈ ရှစ်လေးလုံးလူထု အရေးတော်ပုံကာလကတည်းက ကွယ်လွန်သည်အထိ မြန်မာ့ဒီမိုကရေစီရေးအတွက် ပြည်သူ့ဘက်ကရပ်တည် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူဖြစ်ပြီး အသက် ၉၉ နှစ်အရွယ်မှာ  ဇွန် ၁ ရက်နေ့၊ မနက်ပိုင်းက ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

သူရ ဦးတင်ဦးဟာ ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ တပ်မှူးဟောင်းတွေနဲ့အတူ ပါဝင်လာခဲ့ပြီး စက်တင်ဘာ ၂၄ ရက်မှာတော့ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီး၊  ဗိုလ်မှူးကြီးဟောင်း ဦးကြည်မောင်၊ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ရွှေ၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။

၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်ကနေ ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်အထိ အမျိုးသားဒီမိုကရေစီပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဦးဆောင်ခဲ့သူဖြစ်ပြီး ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာကြောင့် စစ်အစိုးရတွေလက်ထက် ထောင်နဲ့ နေအိမ်အကျယ်ချုပ်ဘဝကို ဖြတ်သန်းခဲ့ရပါတယ်။

မြန်မာပြည်ရဲ့ စစ်တပ်ခေါင်းဆောင်တွေထဲမှာ အများပြည်သူတွေ ချစ်ခင်လေးစားခံရတဲ့ စစ်ဗိုလ်ချုပ်တွေဟာ လက်ချိုးရေလို့ရပါတယ်။ အဲဒီထဲမှာ အသက် ငယ်ဆုံးနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်ခဲ့ဖူးတဲ့ သူရဦးတင်ဦးတယောက်လည်း ရှားရှားပါးပါး ပါဝင်ပါတယ်။ ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာပါဝင်ခဲ့ပြီး မြန်မာပြည်ရဲ့ နောက်ဆုံး အာဏာသိမ်းချိန်ထိ ကြုံခဲ့ရတဲ့ သူ့ဘဝစာမျက်နှာတွေကို ကြည့်ရင် မြန်မာ့သမိုင်းစာမျက်နှာတွေနဲ့ပါ တွဲပြီးမြင်ရမှာပါ။

ပြည်သူ့ဘက်က ရပ်ခဲ့တဲ့ ရှားရှားပါးပါး တပ်ချုပ်၊ အာဏာရှင်ကို ဆန့်ကျင်ခဲ့တဲ့ ထူးခြားတဲ့ တပ်ချုပ်တဦးအဖြစ် သူရဦးတင်ဦးကို အမှတ်ရ ရွေးချယ်ဖော်ပြလိုက်ရပါတယ်။ 

မန္တလေးရဲ့ အသည်းနှလုံး ဝန်ကြီးချုပ် ဆရာဇော် (သို့) စစ်အုပ်စုလက်ချက်ကြောင့် ကြွေလွင့်ခဲ့ရသူ နှစ်ရှည်နိုင်ငံရေးအကျဉ်းသား ဒေါက်တာ ဇော်မြင့်မောင်

ဒေါက်တာ ဇော်မြင့်မောင်လို့ ပြောလိုက်တာနဲ့ ပြည်သူတရပ်လုံးက အကြမ်းဖက်စစ်အာဏာရှင်လက်ချက်ကြောင့် ကြွေလွင့်ခဲ့ရတဲ့ နွေဦးကြယ်တပွင့်အဖြစ် အမှတ်ရနေကြမှာ မလွဲပါဘူး။

နှစ်ရှည်နိုင်ငံရေးအကျဉ်းသားတဦးဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ ၁၉၉၀ ပြည့်နှစ် ကနေ ၂၀၂၀ ပြည့်နှစ်အထိ ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာ ၄ ကြိမ်ဆက်တိုက်အနိုင်ရခဲ့တဲ့ ရှားရှားပါးပါး  NLD လွှတ် တော်ကိုယ်စားလှယ်တယောက် ဖြစ်ပါတယ်။

သွေးကင်ဆာရောဂါ ဝေဒနာခံစားနေရတဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စစ် အာဏာရှင်က ၂၀၂၁ အာဏာသိမ်းချိန်ကတည်းက ထပ်မံဖမ်းဆီးပြီး ထောင်ဒဏ် ၂၉ နှစ် အထိချမှတ် အကျဉ်းချထားခဲ့ကာ လုံလောက် ကောင်းမွန်တဲ့ ဆေးဝါးကုသခံယူခွင့် မပေးခဲ့လို့ ကွယ်လွန်သွားခဲ့ရတာ ဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၇၃ နှစ်ရှိပြီ ဖြစ်တဲ့ ဒေါက်တာ ဇော်မြင့်မောင်ဟာ ၂၀၂၁ အာဏာသိမ်းမှုအပြီး မတရားပုဒ်မတွေနဲ့ အိုးဘို အကျဉ်းထောင်အတွင်း နေထိုင်နေရချိန်က တည်းက ဆက်တိုက်ကျန်းမာရေးအခြေအနေ ပိုမို ယိုယွင်းလာခဲ့တာကြောင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၅ ရက်မှာ မန္တလေးဆေးရုံကြီး၊ အထူးကြပ်မတ်ဆောင် (ICU) ဆီ ပြောင်းရွှေ့ကုသခဲ့ရပြီး ၂ ရက်အကြာ ၇ ရက်နေ့ မ နက် ၃ နာ ရီမှာ ကွယ်လွန်ခဲ့ပါတယ်။

သူ မကွယ်လွန်မီတရက်အလို အောက်တိုဘာ ၆ ရက်မှာတော့ အာဏာသိမ်း စစ်အုပ်စုက ဒေါက်တာ ဇော်မြင့်မောင် ကျခံထားရတဲ့ ပြစ်ဒဏ်တွေအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အကြောင်း စာထုတ်ပြန် သွားရောက်ဖတ်ကြားခဲ့တာဟာ ပြည်သူတွေအားလုံးအဖို့ လက်မခံနိုင်စရာ ဖြစ်ရပ်တခုအနေနဲ့ သမိုင်းတွင်ကျန်နေခဲ့တာ ဖြစ်ပါတယ်။

ICC ဝရမ်းပြေးလောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်

ကမ္ဘာ့စစ်အာဏာရှင်တွေနည်းတူ သွေးအေးရက်စက်ပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုတော့ အထူးဖော်ပြနေဖို့ မလိုလောက်အောင်ကို ပြည်သူတွေက သိရှိကြပြီး ဖြစ်မှာပါ။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကတည်းက စတင်ကာ အချိန် ၄ နှစ်နီးပါး ကြာမြင့်လာတဲ့တိုင်အောင် သူနဲ့ သူ့ရဲ့ ခါးပိုက်ဆောင်တပ်တွေဟာ   နိုင်ငံတဝန်း အကြမ်းဖက်မှုတွေကို မိုက်မိုက်မဲမဲ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး  အရပ်သားပြည်သူတွေ၊ တိုင်းရင်းသားတွေရဲ့ အိုးအိမ်အဆောက်အအုံတွေပါ မကျန် လေကြောင်းကရော မြေပြင်ကပါ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဆက်လက်ကျူးလွန်နေတာ ဖြစ်ပါတယ်။

ရှေ့ပြေးအသံအဖွဲ့ရဲ့ သုတေသနတခုအရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ်၊ သြဂုတ်လအထိ နိုင်ငံတဝန်း စစ်အုပ်စုက လူ ၅ ဦးနဲ့အထက် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဥ်ပေါင်း အနည်းဆုံး ၃၂၀ ခုထိ ကျူးလွန်ထားပြီး အရပ်သားပြည်သူ စုစုပေါင်း အနည်းဆုံး ၃,၂၀၀ နီးပါးထိ သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ 

နိုင်ငံအနှံ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ရင်ဆိုင်နေရတဲ့ မြေပြင်တိုက်ပွဲတွေမှာတော့ စစ်ခေါင်းဆောင်ရဲ့ တပ်တွေဟာ တိုက်ပွဲတိုင်းမှာ ရှုံးနိမ့်နေပြီး  တိုင်းပြည်ရဲ့ နယ်မြေထက်ဝက်ကျော်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့သလို စစ်ဌာနချုပ်ကြီး ၂ ခု ကို လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ တပ်ချုပ်အဖြစ် သတ်မှတ်ခံထားရပါတယ်။ 

တဖက်မှာလည်း သူ့ကို ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုနဲ့ပတ်သက်ပြီး ဖမ်းဝရမ်းထုတ်ဖို့ ICC တရား လိုရှေ့နေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်မှာ လျှောက်ထားလိုက်တာက အခုနှစ် ၂၀၂၄ ခုနှစ်အတွင်း ထူးခြားတဲ့ ဖြစ်ရပ်တခု ဖြစ်သလို ဒီအပေါ်  နိုင်ငံတကာ အသိုင်းအဝိုင်း ကရော လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ အရပ်ဘက်အဖွဲ့အစည်းတွေ ကပါ ကြိုဆိုခဲ့ ကြတာကို တွေ့ရပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မှာ ARSA ရိုဟင်ဂျာလက်နက်ကိုင်တွေက နယ်ခြား စောင့်ရဲတပ်ဖွဲ့စခန်းတွေကို  စတင်တိုက်ခိုက်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့  မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး အမည်နဲ့ စစ်ဆင်ရေးတွေ လုပ်ခဲ့တာမှာ ရိုဟင်ဂျာ ၈၀၀,၀၀၀ လောက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြစ်မှု ဖြစ်တယ်ဆိုပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းက စွပ်စွဲနေကြတာဖြစ်ပြီး မြန်မာစပ်တပ်နဲ့ အစိုးရကတော့ လက်မခံ ငြင်းဆိုထားပါတယ်။

မြန်မာနိုင်ငံဟာ ရောမစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံမဟုတ်ပေမဲ့ ဘင်္ဂလား ဒေ့ရှ်နိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် ICC အနေနဲ့ ပြည်နှင်ထုတ်ခြင်းဆိုင်ရာ ရာဇဝတ်မှုနဲ့ပတ်သက်ပြီးလည်း တရားစီရင်ပိုင်ခွင့် ရှိနေတာပါ။

အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ ဒီအခြေအနေအောက် “အရှုံးနဲ့သေမလား၊ အပြုံးနဲ့ နေမလား” လို့ မေးစရာမလိုလောက်အောင် မိုက်တွင်းဆက်နက် နေသလို လာမယ့် ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပဖို့လည်း အတင်းအဓမ္မ ကြိုးစားနေတာ ဖြစ်ပါတယ်။

သိပ်မကြာခင်ကာလမှာ ICC က ဖမ်းဝရမ်းထုတ်ဖြစ်ခဲ့ရင်တော့  မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံမှာသာမက အာဆီယံ နိုင်ငံတွေထဲမှာပါ ဝရမ်းထုတ်ခံရတဲ့ ပထမဆုံးသော ဝရမ်းပြေး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တယောက်အဖြစ် သမိုင်းမှတ်တမ်းဝင်တော့မှာ ဖြစ်လို့ ထူးခြားပုဂ္ဂိုလ်အဖြစ်  ရွေးချယ် ဖော်ပြလိုက်ရပါတယ်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်

ပြီးခဲ့တဲ့ ၂၀၂၄ တနှစ်တာအတွင်းမှာပဲ မြန်မာနိုင်ငံ အနောက်ဘက်လခြမ်းမြေလို့ သိကြတဲ့ ရခိုင်ပြည်နယ်ထဲက ပြည်သူ့ခေါင်းဆောင် အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ အောင်ပွဲတွေဟာလည်း ထင်ရှားတဲ့ သမိုင်းမှတ်တိုင် ဖြစ်ရပ်တွေ ဖြစ်နေခဲ့ပါတယ်။

အခုလထဲမှာပဲ ဆိုရှယ်မီဒီယာလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ “အမ်းနိုင်ပြီ” ၊ “အမ်းတဲ့ ဗိုလ်ချုပ်” စတဲ့ ချီးကျုးစကားသံတွေဟာ အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်၊  အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ နောက်ဆုံးလက်ကျန် နပခဌာ နချုပ်ကို သိမ်းပိုက်ရရှိပြီး ဒု တိုင်းမှူးနဲ့ အရာရှိတွေကိုအရှင်ဖမ်းမိတဲ့အကြောင်း ထုတ်ပြန် ချက်အပြီးမှာ ရေပန်းစားနေခဲ့တာပါ။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်လို့ ပြောလိုက်တာနဲ့ ဥပဓိရုပ်ကောင်းကောင်းနဲ့ လူရည်သန့်၊ စကား အပြောအဆို ပြတ်သားတဲ့ ရခိုင်တိုင်းရင်းသားခေါင်းဆောင်တဦးမှန်း အားလုံးက သိကြပြီး ဖြစ်သလို သူဟာ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်မှာ ရက္ခိုင့်တပ်မတော်နဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်ကို လူ ၂၆ ဦးနဲ့ စတင်တည်ထောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကွန်ဖက်ဒရယ်စနစ်ကို သဘောကျတဲ့ ဗိုလ်ချုပ် ထွန်းမြတ်နိုင် ဟာ သူတို့ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ နှစ်ပေါင်းများစွာ ကြိုးစားခြေကုပ်ရယူခဲ့ကြရတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်မှာလည်း ခြေသံလုံလုံနဲ့ တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖော်ဆောင်လာနိုင်ခဲ့ကာ အမ်းမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက်မှာတော့ ရခိုင်ပြည်နယ်ထဲမှာ ၁၄ မြို့ကို AA က အပြည့်အဝ အလုံးစုံထိန်းချုပ်ထားနိုင်ပြီး ဂွမြို့ကို အပြီးသတ် သိမ်းပိုက်ပြီးရင်တော့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တို့ပဲ ကျန်တော့မှာ ဖြစ်ပါတယ်။ လာမယ့်နှစ်မှာတော့ ရခိုင်ပြည်နယ် တခုလုံး စစ်အာဏာရှင်လက်က လွတ်မြောက်အောင်စွမ်းဆောင်နိုင်တယ်လို့ ခန့်မှန်းသုံးသပ်ချက်တွေထွက်ပေါ်နေပါ။  ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ သူဦးဆောင်တဲ့ အာရက္ခတပ်တော် (AA)ရဲ့ စွမ်းဆောင်ရည်တွေဟာ ကျန်တဲ့ တိုင်းရင်းသားတွေအတွက် စံပြနမူနာယူစရာဖြစ်သလို တော်လှန်ပြည်သူတွေအတွက်လည်း  အားတက်စရာ ခွန်အားပေးနိုင်သူဖြစ်လို့  ထူးခြားပုဂ္ဂိုလ်အဖြစ် ရွေးချယ်ဖော်ပြလိုက်ရပါတယ်။ 

အမှန်တရားအတွက် ပုန်ကန်သူ (သို့) CDM ဒေါက်တာ စိုးသူရဇော်

ခေါက်ရိုးကျိုးနေတဲ့ စနစ်တခုအောက်က မလိုအပ်တဲ့ ဝါဒမှိုင်းတွေကို တိုက်ထုတ်ခဲ့တဲ့ မန္တလေးက ဒေါက်တာ စိုးသူရဇော်ကို အားလုံးက ဇီးပင်ကြီးစစ်တမ်းနဲ့ တွဲပြီး မှတ်မိကြ ပါလိမ့်မယ်။

သူဟာ စစ်အာဏာသိမ်းမှု မတိုင်ခင် အရပ်သားအစိုးရလက်ထက်ကတည်းက  စစ်တပ် ကို တော်လှန်သူ လူငယ်တဦးဖြစ်ခဲ့တာဖြစ်ပြီး လတ်တလောမှာတော့ MDY PDF ရဲ့ စစ် ဦးစီးတဦးအဖြစ် တော်လှန်ရေးမှာ ပါဝင်နေသူပါ။

မိုးကုတ်မြို့ပြည်သူ့ဆေးရုံမှ သွားနှင့်ခံတွင်းဆရာဝန် ဒေါက်တာ စိုးသူရဇော်ဟာ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၉ ရက် ကနေ ဒီဇင်ဘာ ၁ ရက်အထိ ဗဟိုဝန်ထမ်းတက္ကသိုလ်မှာ  ဖွင့်လှစ်တဲ့ အလယ်တန်းအရာရှိများ မတက်မနေရ သင်တန်းကို တက်ရောက်ခဲ့ချိန်မှာ သင်တန်းက လူမျိုးရေး၊ ဘာသာရေး ဝါဒမှိုင်းတွေ သင်ကြားပို့ချနေကြောင်း လူမှုကွန် ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်ကတဆင့် “ဇီးပင်ကြီး စစ်တမ်း” အပိုင်း ၁၊ ၂၊ ၃ ဆိုပြီး ဖွင့်ချရေးသားခဲ့တာ ဖြစ်ပါတယ်။

သင်တန်းပြဆရာတချို့က ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်ဝါဒတွေ ပို့ချနေ ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးမရရှိရခြင်းက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရရဲ့ စေတနာချို့တဲ့မှုတွေကြောင့်ဖြစ်တယ်လို့ ပို့ချနေတဲ့အကြောင်း ရေးသားခဲ့တာကြောင့် နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးအပိုင်းမှာရော၊ လူထုကိုပါ အတွေးစတွေ ပွားလာစေသလို ဂယက်ရိုက်ခဲ့တာဖြစ်ပြီး ပြုပြင်ပြောင်းလဲမှု တွေ လုပ်သင့်ကြောင်း ဝေဖန်သံတွေလည်း ထွက်ပေါ်ခဲ့တာပါ။

အမှန်တရားကို သတ္တိရှိရှိ ဖွင့်ထုတ်ပြရဲခဲ့တဲ့ ဒေါက်တာ စိုးသူရဇော်ဟာ ၂၀၂၁ စစ်အာ ဏာသိမ်းချိန်မှာလည်း အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုနဲ့အတူ ပါဝင်လာခဲ့ ကာ လက်ရှိမှာတော့ ရှေ့တန်းကနေ စစ်ဦးစီးအနေနဲ့ ပါဝင်နေတာကြောင့် DVB ကနေ ရွေးချယ်ဖော် ပြပေးလိုက်ပါတယ်။

ဖူးငုံတို့အတွက် ကမ်းလက်တစုံ ( သို့) ပရဟိတမင်းသမီး ခိုင်နှင်းဝေ

တော်လှန်ရေးခရီးကြမ်းကာလ ကြာလာတာနဲ့အမျှ အဘက်ဘက်က ယိုယွင်းလာတဲ့ အခြေအနေတွေကြား လူမှုရေးပြဿနာတွေနဲ့ သဘာဝဘေးအန္တရာယ်တွေဟာလည်း ရှောင်လွှဲမရတဲ့ ပြသနာတွေ ဖြစ် လာနေတာပါ။

ခုကာလတွေအတွင်း အကြောင်းအမျိုးမျိုးကြောင့် မိဘမဲ့ဖြစ်ရတဲ့ ဖူးငုံပွင့်သစ် ကလေး သူငယ်တွေ၊ စွန့်ပစ်ခံက‌လေးငယ်တွေအတွက် သရုပ်ဆောင်မင်းသမီး ခိုင်နှင်းဝေရဲ့  “ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ”က တကယ့်ကို နားခိုစရာ ကမ်းလက်တစုံ ဖြစ်လာ ခဲ့ပါတယ်။

ခိုင်နှင်းဝေဟာ အနုပညာလောကထဲမှာ ဆယ်စုနှစ်တွေနဲ့ချီ ရုပ်ရှင်ဇာတ်ကားတွေ၊ အနုပညာလှုပ်ရှားမှုတွေနဲ့အတူ လျှောက်လှမ်းလာခဲ့တာ ဖြစ်ကာ မိဘမဲ့ ကလေးငယ်တွေအတွက် ဂေဟာကိုတော့ ၂၀၁၄ ခုနှစ်မှာ စတင်ခဲ့တာမို့ ဂေဟာရဲ့ သက်တမ်းဟာလည်း ဆယ်စုနှစ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ခိုင်နှင်းဝေဟာ လူကုန်ကူးမှု တားဆီးကာကွယ်ရေးအတွက် အထူးသံတမန် အဖြစ်လည်း ခန့်အပ်ခံထားရသူဖြစ်ပြီး ပရဟိတလူမှုရေးလုပ်ငန်းတွေမှာ တက်တက် ကြွကြွပါဝင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အထူးသဖြင့် အခုနှစ် စက်တင်ဘာလအစောပိုင်းက ယာဂီမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတွင်း နေရာအနှံ့အပြား မိုးကြီးပြီး၊ ရေကြီးတာ၊ မြေပြိုတာတွေကြောင့် သေဆုံးနဲ့ ပျောက်ဆုံးသူပေါင်း ၁၀၀၀ ကျော်ရှိခဲ့ကာ သိန်းနဲ့ချီတဲ့ပြည်သူတွေ အိုးအိမ်တွေဆုံးရှုံးခဲ့ရပါတယ်၊  ဒီအခြေအနေမှာ ခိုင်နှင်းဝေနဲ့ အဖွဲ့ဟာ သဘာဝဘေးဒုက္ခနဲ့ကြုံတွေ့နေရတဲ့ ပြည်သူတွေဆီ ကိုယ်တိုင်သွားရောက်ခဲ့ပြီး  အများပြည်သူတွေ လှူဒါန်းတဲ့ ငွေကြေးနဲ့ ပစ္စည်း အကူအညီတွေကို ပေးအပ်ခဲ့ပါတယ်။ 

စစ်အာဏာရှင်ကြောင့် အဘက်ဘက်က ကျရှုံးနိုင်ငံအဖြစ် ရောက်ရှိလာချိန်မှာ ခေတ်ဆိုး စနစ်ဆိုးထဲ မြေဇာပင် ဖြစ်နေရတဲ့ မိဘမဲ့ ကလေးသူငယ်တွေ၊ သဘာဝဘေးနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူတွေကို  တဖက်တလမ်းက ကမ်းလင့်တဲ့လက်အဖြစ်ကူညီပေးနေသူဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေကို ထူးခြားသူဖြစ်  ရွေးချယ်ဖော်ပြပေး လိုက်ပါတယ်။

ရောင်နီတွေနဲ့ တို့အတူ(သို့)ရှေ့ဆက်ချီဆဲ တော်လှန်ကြယ် အဆိုတော်လင်းလင်း

ပြီးခဲ့တဲ့ ၂၀၂၄ တနှစ်တာလုံး တော်လှန်ခရီးကို ဆက်လက်ချီတက်နေကြတဲ့ လူကြီး၊ လူရွယ်၊ လူငယ်တွေအားလုံး ပါးစပ်ဖျား ရေပန်းစားသီချင်းတပုဒ်ဖြစ်တဲ့ “ရောင်နီ”နဲ့အတူ လွင့်ပျံ့ခဲ့တဲ့ တော်လှန်ကြယ်တပွင့်ကတော့ အဆိုတော် လင်းလင်းလို့ ဆိုရမှာပါ။

ဧပြီလတုန်းက ကျင်းပခဲ့တဲ့ သူ့ရဲ့ တော်လှန်ရေးရန်ပုံငွေ အွန်လိုင်းတကိုယ်တော်ရှိုးပွဲကို ပရိသတ် ၂၂၂၀၀ ကျော် လက်မှတ်ဝယ်ယူ  ကြည့်ရှုအားပေးခဲ့ကြပါတယ်။ ဒီ Concert ဟာ ငါတို့ရဲ့ ရုန်းကန်အားနဲ့ညီညွတ်မှုကို မိသားစုခေါင်းစဉ်အောက်မှာ ဘယ်လို စုစည်းကြသလဲဆိုတဲ့ နှလုံးသားတွေကို လှစ်ပြတာလို့ ဒီရှိုးပွဲနဲ့ ပတ်သက်ပြီးတော့ အဆိုတော် လင်းလင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ဧပြီ ၁ ရက်က ရေးသားထားခဲ့သလို ဒီရှိုးပွဲမှာ အဆိုတော် လင်းလင်းရဲ့ ဇနီးချစ်သုဝေ၊ ဝါရင့်အဆိုတော် တူးတူး၊ သရုပ်ဆောင် အောင်မြင့်မြတ်နဲ့  ဦးကျော်သက်လင်း (MRTV-CDM)တို့ အပါအဝင် တခြားတေးသံရှင်တွေလည်း ပါဝင်သီဆို ဖျော်ဖြေခဲ့ကြပြီး အောင်မြင်တဲ့ ပွဲတခု ဖြစ်ခဲ့ ပါတယ်။

ဒါ့အပြင် လင်းလင်း ကိုယ်တိုင် ရိုက်ကူးတင်ဆက်ခဲ့တဲ့ တော်လှန်ရေးရုပ်ရှင်ကား ၂ ကား ဟာ နာမည်ကြီး ပြင်သစ် ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Cannes World Film Festival မှာ ဆုတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့အချစ်တော် သရုပ်ဆောင် ဒေါင်းနဲ့ ချစ်သုဝေတို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ နွေဦးတော်လှန်ရေးရန်ပုံငွေ ဇာတ်လမ်းတို “စမှတ်” ရုပ်ရှင်ကတော့ “Best Educational Film Award” ဆု ရရှိခဲ့တာဖြစ်ပြီး တော်လှန်ရေး မျက်နှာစာ​ပေါ် ဘာမှ မလှုပ်ရှားရ​သေးတဲ့ Musical Film အနေနဲ့ ရိုက်ကူးထားတဲ့ “The Way” ရုပ်ရှင်ကတော့ “Best Mobile Feature Film Award” ရရှိခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ကြတဲ့ နာမည်ကျော်အနုပညာရှင်တွေ ကို ဖမ်းဝရမ်းထုတ် ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ရာမှာ အဆိုတော် လင်းလင်းနဲ့ ချစ်သု ဝေတို့ ဇနီးမောင်နှံ အပါအဝင် အနုပညာရှင်တွေများစွာ ပါဝင်ခဲ့ကြပြီး ထွက်ပြေးတိမ်း ရှောင်နေကြရတာ ဖြစ်ပါတယ်။

အဲဒီထဲမှာ တချို့အနုပညာရှင်တွေကတော့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးထိန်းသိမ်းခံ ခဲ့ရကာ ထောင်ဒဏ် ပြစ်ဒဏ်အသီးသီးချမှတ်ခံရသူတွေလည်း ရှိနေပါတယ်။

လတ်တလောမှာတော့ နွေဦးတော်လှန်ရေး ခရီးကြမ်း ၄ နှစ်နီးပါး ကာလတွေအတွင်းမှာ ပြည်သူ့ဘက်ကနေ မားမားမတ်မတ်ရပ်တည်ပြီးတော့ စစ်အာဏာရှင်ကို တိုက်ထုတ်ရာမှာ တတ်စွမ်းသမျှ တော်လှန် အနုပညာ စွမ်းအားနဲ့ တတပ်တအား ပါဝင်နေကြသူဖြစ်သလို “ရောင်နီ” သီချင်းနဲ့အတူ တော်လှန်ပြည်သူတွေကို ခွန်အားသစ်တွေပေးစွမ်းနိုင်ခဲ့တဲ့  လင်းလင်းကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

မြန်မာဖိုက်တာ  သန့်ဇင် 

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာပြည်တွင်းလက်ဝှေ့လောက လက်ဝှေ့ကျော်တွေဟာ အခက်အခဲ အကျပ်အတည်းနဲ့ ကြုံနေရချိန် ပြည်ပမှာထွက်ပြီး လက်ဝှေ့ထိုးကြတဲ့ မြန်မာ လူငယ်တွေထဲမှာ သန့်စင်လည်း တယောက်အပါအဝင် ဖြစ်ပါတယ်။ 

အသက် ၁၉ နှစ်အရွယ် MMA ကစားသမား သန့်စင်ဟာ အခုနှစ်အတွင်း ကျင်းပခဲ့တဲ့  ONE Championship ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာမှာ ပြိုင်ဘက် ဝါရင့် မွေထိုင်းဖိုက်တာကြီး  ဂျိတ်ဆင်းကို အနိုင်ရခဲ့ပြီး နောက် ထင်ရှားလာတဲ့ မြန်မာဖိုက်တာ တယောက် ဖြစ်လာပါတယ်။

သန့်ဇင်ဟာ ONE Friday Fights - 81 ကစ်ဘောင်ဆင် ဖလိုင်းဝိတ်တန်းပွဲစဥ်မှာတော့  ဂျပန်ကစားသမား တာခဲရူကကို ရှုံးနိမ့်ခဲ့ပေမဲ့ မာဂုဏ်မြင့်ပြီး ပြင်းထန်တဲ့ ခြေကန်ချက်တွေနဲ့  ကျောက်ရိုင်းတပွင့်လို အနာဂတ်မှာ အလားလာရှိတဲ့ မျိုးဆက်သစ် မြန်မာ့လက်ဝှေ့ကျော် ဖြစ်လာနိုင်တယ်လို့ ဝါသနာရှင်တွေက မျှော်လင့်ထားကြပါတယ်။

ဒါ့အပြင် သန့်စင်ဟာ သူ့ရရှိတဲ့ လက်ဝှေ့ထိုးကြေးတွေကို  အစ်ကိုဖြစ်သူရဲ့ မျက်စိ ဆေးကုသစရိတ်အတွက် အသုံးပြုခဲ့သူဖြစ်သလို ရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းလိုတဲ့ မွန်မြတ်တဲ့ စိတ်ဓာတ်ရှိသူ ဖြစ်တာကြောင့် လူငယ်မျိုးဆက်သစ်တွေ အတုယူစရာ ထူးခြားတဲ့  မြန်မာဖိုက်တာ တယောက်အဖြစ် ရွေးချယ်ဖော်ပြလိုက်ပါတယ်။ 

ခွန်ထိုင်းမြေမှာ Miss Grand International သရဖူဂယယ်ထစေခဲ့သူ(သို့)အလှမယ် သဲစုငြိမ်း 

အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၂၄ ခုနှစ် Miss Grand International အလှ မယ်ပြိုင်ပွဲမှာ ဆုပြန်လည်ရုပ်သိမ်းခံခဲ့ရတဲ့ မြန်မာကိုယ်စားပြုအလှမယ် သဲစုငြိမ်းရဲ့ ဖြစ်ရပ်ကလည်း တနှစ်တာအတွင်း လူပြောများတဲ့ ဖြစ်ရပ်တခု ဖြစ်ခဲ့ပါတယ်။

ဘန်ကောက်မြို့မှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်က ပြုလုပ်တဲ့ အလှမယ် ရွေးချယ်ဆုချီးမြှင့်ပွဲမှာ မြန်မာအလှမယ်က 2nd runner up တတိယဆုကို ရရှိခဲ့တာပါ။

ဆုပေးပွဲညမှာပဲ အသက် ၁၇ နှစ်အရွယ် မြန်မာအလှမယ်က တတိယဆုသာ ရရှိခဲ့တာကြောင့် နေရှင်နယ် ဒါရိုက်တာဖြစ်သူ ထူးအံ့လွင်က သရဖူနဲ့စလွယ်ကို စင်ပေါ်က ဆင်းလာချိန်မှာ ဆွဲချွတ်လိုက်သလို အလှမယ် သဲစုငြိမ်းကလည်း ဝမ်းနည်းစွာ ငိုကြွေးနေခဲ့တာကြောင့် လူပြောများခဲ့ပါတယ်။ 

အဲဒီနောက် Miss Grand International MGI တည်ထောင်သူ ထိုင်းနိုင်ငံသား မစ္စတာ နဝပ်နဲ့ National Director အံ့ထူးလွင်၊ အလှမယ် သဲစုငြိမ်းတို့ အပြန်အလှန် သတင်းစာရှင်းလင်းပွဲတွေ ပြုလုပ် ပြောဆိုခဲ့ကြပါတယ်။ 

မြန်မာစလွယ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ သဲစုငြိမ်းဟာ “ပဋိပက္ခနဲ့ စစ်ပွဲတွေ ရပ်တန့်ဖို့” ဆိုတဲ့ ဆောင်ပုဒ်အောက်မှာ MGI စင်မြင့်ပေါ်ကနေ စစ်ဘေးဒဏ် အဆိုးဝါးဆုံး ခံနေရတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ စင်မြင့်ပေါ်မှာ ထုတ်ဖော်ပြောဆိုခဲ့တာ မရှိခဲ့လို့လည်း ဝေဖန်ခံခဲ့ရပါတယ်။

MGI အဖွဲ့အစည်းဘက်ကတော့ အလှမယ် သဲစုငြိမ်းရဲ့ ဆုကို ပြန်လည်ရုပ်သိမ်းကြောင်း အောက်တိုဘာ ၂၈ ရက်မှာ ထုတ်ပြန်ခဲ့သလို မသင့်လျော်တဲ့ အပြုအမူတွေနဲ့ စည်းမျဉ်း စည်းကမ်းတွေကို ဖောက်ဖျက် ကျူးလွန်တာကြောင့် ပြန်ရုပ်သိမ်းခဲ့တာလို့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024