“ဟောင်စု” ကြော်ငြာနဲ့ပတ်သက်ပြီး အပြင်းအထန်ဝေဖန်ခံနေရတဲ့ အွန်လိုင်းဆယ်လီ ဖြူဖြူထွေးက ပြန်လည်တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။
ခုရက်ပိုင်း လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့တဲ့ ကြော်ငြာတခုနဲ့ ဝတ်စားဆင်ယင်မှုတွေကြောင့် အွန်လိုင်းဆယ်လီဖြူဖြူထွေးကို ဝေဖန်မှုတွေ ပြင်းထန်ခဲ့ပါတယ်။
ဆယ်လီတဦးဖြစ်တဲ့ ဖြူဖြူထွေးက ''ဟောင်စု'' ဆိုတဲ့အမည်နဲ့ ပရုတ်ဆီကြော်ငြာတခုမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ပုံစံနဲ့ ဝတ်စားဆင်ယင်မှုတွေကို လုပ်ခဲ့တာဟာ သရော်လှောင်ပြောင်မှုတခုဖြစ်တယ်ဆိုပြီး လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေ ဆက်တိုက်ဖြစ်ခဲ့တာပါ။
အဲဒီကြော်ငြာမှာ သရုပ်ဆောင်ထားတဲ့ ဖြူဖြူထွေးက အကျီအဖြူကို ဝတ်ဆင်ထားသလို နှင်းဆီပန်းပန်ပြီးကြော်ငြာထဲက စာသားမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက် ၇၉ နှစ်ကိုလည်း လှောင်ပြောင်တဲ့ပုံစံနဲ့ ပြောဆိုမှုတွေ ရှိထားပါတယ်။
ဒီကြော်ငြာကို ဝေဖန်မှုတွေနဲ့အတူ မြို့ပြပြောက်ကျားအဖွဲ့တခုကလည်း ဒါဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ရည်ရွယ်ချက်ရှိရှိ လှောင်ပြောင်တာဖြစ်တယ်ဆိုပြီး အွန်လိုင်းဆယ်လီဖြူဖြူထွေးကို သတိပေးစာထုတ်ခဲ့ပါတယ်။
ဝေဖန်မှုတွေနဲ့ သတိပေးစာတွေ ဆက်တိုက်ထွက်လာအပြီးမှာတော့ အွန်လိုင်းဆယ်လီဖြူဖြူထွေးက ဒီကြော်ငြာဟာ မည်သူတဦးတစ်ယောက်ကိုမှ ရည်ရွယ်တာ မဟုတ်ဘူးဆိုပြီး ကန်တော့ တောင်းပန်တဲ့ ဗီဒီယိုဖိုင်တခုကို ဒီနေ့ ဒီဇင်ဘာ ၂၅ ရက်က လူမှုကွန်ရက်စာမျက်နှာမှာ တင်ခဲ့ပါတယ်။
ဒါ့အပြင် ဝေဖန်ခံရတဲ့ ကြော်ငြာကိုလည်း ပြန်လည်ဖြုတ်ချထားတာ တွေ့ရပါတယ်။