
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက မော်သီဒိုကျေးရွာနားမှာ ယာဉ်တိမ်းမှောက်မှုဖြစ်လို့ ကျောင်းသား ၂ သေဆုံးပြီး ဒဏ်ရာရသူတွေထဲက စိုးရိမ်ရသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၂၀ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်မှာ ယာဉ်တိမ်းမှောက်ခဲ့တာဖြစ်လို့ နေရာမှာပဲ ကျောင်းသားတယောက် ပွဲချင်းပြီးသေဆုံးပြီး စိုးရိမ်ရသူ ၅ ယောက်ထဲက နောက်ထပ် ၁ ယောက်လည်း ဆေးကုသမှုခံယူရင်း သေဆုံးခဲ့ရတယ်လို့ ကုသပေးနေတဲ့ ဆရာဝန်တယောက်က ဆိုပါတယ်။
“ကျောင်းကားအဖွဲ့တွေ့ပါ။ လောလောဆယ်က စိုးရိမ်ရတဲ့ လူနာတွေရှိနေတယ်ပေါ့နော်။ လက်ရှိအထိ ၂ ယောက်ဆုံးပါးတယ်၊ ကျန်တဲ့သူတွေကိုလည်း ကျနော်တို့ ကုသမှုတွေဆက်ပေးနေပါတယ်” လို့ ပြောပါတယ်။
ဆေးရုံကိုရောက်ရှိလာသူ ၂၉ ယောက်ထဲက ဒဏ်ရာပြင်းထန်သူ ၅ ယောက်ကို ခွဲစိတ်ကုသမှု ဆက်လက်ပြုလုပ်ပေးနေသလို ဆေးရုံတင်ထားရသူ ၁၀ ယောက်ရှိပြီး ဒဏ်ရာမပြင်းထန်သူတွေကိုတော့ ဆေးထည့်ပေးပြီး အိမ်ပြန်အနားယူစေတယ်လို့ သိရပါတယ်။
တိမ်းမှောက်ခဲ့တဲ့ကားက ကျောင်းကားလို့သိရပြီး ယပ်ခူကျေးရွာကနေ ဆင်ဖြူတောင်ကို အလည်အပတ်သွားရာကနေ ကားဘီးပေါက်ပြီး မှောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့ကလည်း ဆင်ဖြူတောင်နားမှာ ယာဉ်တိမ်းမှောက်ခဲ့ပြီး ၁ ယောက် သေဆုံး၊ ၁၀ ယောက် ဒဏ်ရာရခဲ့ပါတယ်။