ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်၊ နောင်ဟီးကျေးရွာမှာ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်း လုပ်နေတဲ့ တရုတ်နိုင်ငံသားနဲ့ မြန်မာနိုင်ငံသား ၄၅ ယောက်ကို ဒီဇင်ဘာ ၂ ရက် နေ့လယ်မှာ စစ်ကောင်စီတပ်က လက်နက်တွေနဲ့ အတူဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
နောင်ဟီးကျေးရွာမှာ ဂိုဒေါင်ငှားပြီး ဖွင့်လှစ်ထားတဲ့ ကျားဖြန့်လုပ်ငန်းတခုကို နည်းဗျူဟာအဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်အဖွဲ့တွေ ပူးပေါင်းကာ ဖမ်းဆီးခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။
"ကွန်ပျူတာတွေ၊ လက်ပ်တော့တွေ၊ ဖုန်းတွေ အကုန်သိမ်းတာ။ သေနတ်တွေရော၊ ကုန်ကားတစီးလည်းသိမ်းသွားတယ်။ တရုတ်နဲ့ မြန်မာနဲ့ကို ခွဲပြီးချုပ်ထားတာ။ ညနေကျမှ စစ်တပ်က ကားတွေနဲ့လာခေါ်သွားတာ။”
ရမခတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ လောက်ကိုင်မြို့က ထွက်ပြေးလာပြီး တန့်ယန်းမြို့မှာ အခြေစိုက်ဖွင့်လှစ်နေတဲ့ ကျားဖြန့်လုပ်ငန်းကို တရုတ် အာဏာပိုင်တွေရဲ့ သတင်းပေးချက်အရ စစ်တပ်က ဖမ်းဆီးခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူက ပြောပါတယ်။
"တရုတ်က သတင်းပေးလို့ ဖမ်းဖြစ်တာ။ တရုတ်ကသာ ဘာမှမပြောရင် ဖမ်းမှာမဟုတ်ဘူး။ တန့်ယန်းတပ်နယ်က လိုင်းကြေးယူပြီးလွှတ်ထားမှာ။ တရုတ်နိုင်ငံသားတွေကို သူ့နိုင်ငံကို ဘယ်တော့ပြန်လွှဲပေးမလဲမသိဘူး။ အခုတော့ စစ်ဆေးနေတုန်း။”
နောင်ဟီးကျေးရွာ ကျားဖြန့်လုပ်ငန်းမှ တရုတ်နိုင်ငံသား ၁၈ ယောက်၊ မြန်မာနိုင်ငံသား ၂၇ ယောက်တို့ကို ကွန်ပျူတာ ၂၆ လုံး၊ starlink ၁ စုံ၊ ဘန်း ၁ ခု၊ ပစ္စတို ၂ လက်၊ Type-81 ၂ လက်၊ ၄၀ မမ လောင်ချာတွဲ ၁ ခု နဲ့ ခဲယမ်းမျိုးစုံ၊ စကားပြောစက် ၆ လုံး ၊ ဆိုင်ကယ် ၂ စီး၊ မီးစက် ၁ လုံး ၊wifi စက် ၃ လုံး၊ ဖုန်းမျိုးစုံ ၁၃၀ လုံး ၊ လိုင်စင်မဲ့ ၆ ဘီးယာဉ် ၁ စီး သိမ်းဆည်းရမိခဲ့ပါတယ်။
တန့်ယန်းမြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်ကလည်း ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၇၆၂ ဦးကို UWSA ‘ဝ’ တပ်ဖွဲ့ကဖမ်းဆီးခဲ့ပါတယ်။
တရုတ်-မြန်မာနယ်စပ်မှာ ကြီးထွားလာတဲ့ ကျားဖြန့်လုပ်ငန်းတွေကြောင့် ညီနောင်မဟာမိတ် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့ပြီး စစ်ကောင်စီတပ်က မြို့ပေါင်း ၈၀ နီးပါးနဲ့ တပ်စခန်းတွေ ဆုံးရှုံးခဲ့ပါတယ်။