စစ်ကိုင်းတိုင်း၊ ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်နဲ့ အပြန်အလှန် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ရုပ်သံမှတ်တမ်းကို နိုဝင်ဘာ ၂၀ ရက်မှာ Southern YSO PDF က ထုတ်ပြန်ပါတယ်။
Southern YSO PDF ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “ပုလဲမြို့သိမ်းတိုက်ပွဲအတွင်းမှာ ကျနော်တို့ တပ်ပေါင်းစုတွေကရဲဘော်တွေ ရွပ်ရွပ်ချွံချွံ စည်းစည်းလုံးလုံးနဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်ဆိုတာ အများပြည်သူသိရှိစေဖို့ ထုတ်ပြန်ပေးလိုက်ရတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) နဲ့ မဟာမိတ်တပ်ပေါင်းစုတွေဟာ နိုဝင်ဘာ ၁၁ ရက်မှာ ပုလဲမြို့ပေါ်က စစ်ကောင်စီတပ်စွဲနေတဲ့ နေရာတွေကို စီးနင်းတိုက်ခိုက်ခဲ့ပြီး မြို့ကို အလုံးစုံနီးပါး သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကာ နိုဝင်ဘာ ၁၄ ရက် ညနေပိုင်းမှာတော့ စစ်ကောင်စီတပ်က မြေပြင်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တော်လှန်ရေးအင်အားစုတွေဟာ ပုလဲမြို့ပေါ်ကနေ ပြန်လည်ဆုတ်ခွာပေးခဲ့ရပါတယ်။
Southern YSO PDF ရဲ့ တာဝန်ခံတယောက်က “ဘယ်လိုပဲဖြစ်ပါစေ၊ ကျနော်တို့ရဲဘော်တွေ လုပ်ဆောင်နိုင်ခဲ့ကြတယ်။ အဓိကကတော့ဗျာ မြို့သိမ်းတိုက်ပွဲအတွင်းမှာ စစ်တပ်က လေကြောင်းပစ်ကူပေးတာနဲ့ မြေပြင်စစ်ကူပေးတာကို မဖြတ်တောက်နိုင်ခဲ့လို့ ကျနော်တို့တွေ ပြန်ဆုတ်ခဲ့ရတာပါ။ သေနတ်တွေနဲ့ တိုက်ကြရတာဆိုတော့ ကျနော်တို့ တပ်ပေါင်းစုတွေ ဘက်ကလည်း အထိအခိုက် အကျအဆုံး ရှိခဲ့တာပေါ့။ ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက်လည်း ဂုဏ်ယူလေးစားပါတယ်” လို့ DVB ကို ပြောပါတယ်။
အဆိုပါတိုက်ပွဲအတွင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) က ရဲဘော် ၉ ယောက် ကျဆုံးပြီး BNRA ရဲဘော် ၁၀ ယောက်နဲ့ GZA က ရဲဘော်တယောက်တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။
ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က စစ်သုံ့ပန်း ၂၅ ယောက် ဖမ်းဆီးရမိခဲ့သလို MA1 သေနတ် ၅ လက်၊ MA2 သေနတ် ၂ လက်၊ MA3 သေနတ် ၄ လက်၊ MA4 ထောက်တွဲသေနတ် ၁ လက်၊ G3 သေနတ် ၆ လက်၊ G4 သေနတ် ၂ လက်၊ ပစ္စတို MA5 သေနတ် ၁ လက်တို့နဲ့အတူ ကျည် စတဲ့ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ပုလဲမြို့သိမ်းစစ်ဆင်ရေးကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) က ဦးဆောင်ပြီး Southern Yesagyo (SYSO) နဲ့ Generation Z Army (GZA) တို့ ပူးပေါင်းကာ ချင်းညီနောင်စစ်ဆင်ရေး (CB Operation) နဲ့ ချိတ်ဆက်ပြီး Coordinated Movement အဖြစ် လုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။