နိုဝင်ဘာ ၂၀ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲတွေကို ကရင်နီပြည် စစ်ဘေးရှောင်စခန်းတချို့မှာ ကျင်းပခဲ့ပါတယ်။
အခမ်းအနားမှာ စစ်ရှောင် ကလေးငယ်တွေဟာ ပညာသင်နေတဲ့ စာသင်ကျောင်းတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ မလုပ်ဖို့ သရုပ်ပြတဲ့ အစီအစဉ်တွေလည်း ပြုလုပ်ခဲ့ကြပါတယ်။
ဆရာမတယောက်က “ပညာရေးသည် မူကြိုကျောင်းမှာ စတင်ပါကြောင်း အသိပေးပါရစေ ဆိုတာက ပညာရေးနဲ့ ဆိုင်တဲ့ မူကြိုကျောင်းတွေ၊ ပညာရေးကျောင်းတွေကို ဗုံးမကြဲဖို့ စစ်ကောင်စီကို တိုက်တွန်းပြီး သရုပ်ပြတာ ဒါဟာ ကလေးသူငယ်တွေရဲ့ အခွင့်အရေးနဲ့ ကာကွယ်စောင့်ရှောက်ရေး မဆုံးရှုံးရလေအောင် သရုပ်ပြဖော်ကြတာ” လို့ ပြောပါတယ်။
ကလေးသူငယ်များနေ့မှာ အကပြိုင်ပွဲ၊ ဖက်ရှင်ပြိုင်ပွဲ၊ ကျမ်းစာပြိုင်ပွဲ၊ ရိုးရာအကပြိုင်ပွဲများ၊ ပြဇာတ်၊ အားကစားပြိုင်ပွဲတွေ ထည့်သွင်းကျင်းပခဲ့ပြီး ကလေးသူငယ်တွေ အသီးသီး ဝင်ရောက်ယဥ်ပြိုင်ကာ ဆုရတဲ့ ကလေးသူငယ်တွေကို ဆုချီးမြှင့်ကြပါတယ်။
အပြည်ပြည်ဆိုင်ရာ ကလေးများနေ့အခမ်းအနားကို ကရင်နီပြည်၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်အတွင်းက ကိုယ်ထူကိုယ်ထ ပညာရေးကျောင်းတွေမှာ အသီးသီး ကျင်းပခဲ့ကြ ပါတယ်။