တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ နိုဝင်ဘာ ၁၈ ရက် မနက် ၉ နာရီလောက်က စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ကြား ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်သား ၅ ယောက်နဲ့ အရပ်သားတယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်နဲ့ ဆင်ဆိပ်ရပ်ကွက်ကြားမှာ သုံးဘီးယာဥ်တစီးနဲ့ လမ်းကင်းထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်လောက်ကြာခဲ့တယ်လို့ ရေဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “စကစတပ်သား ၇ ဦး ပါလာတယ်။ သူတို့က ခမရ ၂၆၇ တပ်ရင်းနဲ့ ခမရ ၄၀၁ တပ်ရင်းကပါ” လို့ ပြောပါတယ်။
ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးကာ ၂ ယောက် ဒဏ်ရာနဲ့ ထွက်ပြေးသွားတယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အဆိုပါ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ သုံးဘီးယာဥ်ပေါ်က ယာဥ်မောင်း အမျိုးသားတယောက်လည်း ပစ်ခတ်မှုကြောင့် အသက်သေဆုံးခဲ့ပါတယ်။
သေဆုံးသူ အရပ်သားမှာ မြို့သစ် ၆ လမ်းမှာ နေထိုင်တဲ့ ကိုစံမြ ဖြစ်ပြီး အဲဒီနေ့က စစ်ကောင်စီတပ်သားတွေကို သုံးဘီးယာဥ်နဲ့ လိုက်ပို့ပေးရာက ပစ်ခတ်မှုကြား ရောက်နေတာကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
ရေဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “အရပ်သားပါမှန်း နောက်မှသိရပါတယ်။ ကျနော်တို့ဘက်ကလည်း အသေးစိတ် စုံစမ်းနေပါတယ်။ သူက ပစ်ခတ်မှုအတွင်း သေဆုံးခဲ့တာပါ” လို့ ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် MA1 သေနတ် ၃ လက်၊ MA3 သေနတ် ၁ လက်၊ MA2 စက်ကလေး ၁ လက်၊ ကျည်ဘောက် ၁၅ ခု၊ ခါးပတ် ၁ ခုနဲ့ တခြားဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ရေဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။