ကမ္ဘာရွှေဈေးနဲ့ ဒေါ်လာဈေးကျဆင်းနေလို့ ပြည်တွင်း ရွှေရည်ညွှန်းဈေးလည်း လိုက်ပါ ကျဆင်းနေပါတယ်။
နိုဝင်ဘာ ၇ ရက် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက သတ်မှတ်တဲ့ ရွှေရည်ညွှန်းဈေးက ရွှေတကျပ်သားကို ကျပ် ၅၅ သိန်း ၁ သောင်းကျော် ရှိပါတယ်။
နိုဝင်ဘာ ၆ ရက်မှာ ရွှေရည်ညွှန်းဈေးဟာ ၅၆ သိန်း ၄သောင်း ကျော်ထိ ရှိခဲ့တာကြောင့် တရက်အတွင်း ရွှေဈေး တကျပ်သားကို ကျပ် တသိန်းကျော် ပြန်ကျဆင်းလာတာပါ။
တဖက်မှာတော့ ပြင်ပရွှေဈေးကွက်မှာ အခေါက်ရွှေ တကျပ်သားဟာ ကျပ် ၆၄ သိန်းဝန်းကျင် ဈေးပေါက်နေတာကြောင့် ရွှေအသင်းရဲ့ ရည်ညွှန်းဈေးဟာ ပြင်ပဈေးအောက် ကျပ် ၉ သိန်းဝန်းကျင် နည်းနေပါသေးတယ်။
ကမ္ဘာ့ရွှေဈေးကွက်မှာလည်း ရွှေဈေးဟာ အခုရက်ပိုင်းအတွင်း တရိပ်ရိပ်ပြန်ကျဆင်းနေတာကြောင့် လက်ရှိမှာ ရွှေတအောင်စဟာ ၂,၆၇၈ ဒေါ်လာဝန်းကျင် ဈေးပေါက်နေပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ လကုန်ပိုင်းက ကမ္ဘာ့ရွှေဈေးက ၂,၇၈၀ ဒေါ်လာ ဝန်းကျင်ထိ ရှိခဲ့ပါတယ်။
ဒါကြောင့် ရွှေအသင်းရဲ့ ရွှေရည်ညွှန်းဈေး ကျဆင်းလာတာဟာ ကမ္ဘာ့ရွှေဈေးကွက်မှာ ရွှေဈေးကျနေပြီး ဒေါ်လာ ငွေလဲနှုန်း ကျဆင်းနေတာကြောင့် ဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။
တဖက်မှာတော့ စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာသန်းပေါင်းများစွာ ဆက်တိုက် ထုတ်ရောင်းပေးနေတာကြောင့် တဒေါ်လာ ၇,၀၀၀ အထိ မြင့်တက်ခဲ့တဲ့ ဒေါ်လာဈေးဟာ အခုအခါမှာ တဒေါ်လာ ၄၅၀၀ ဝန်းကျင်အထိ ဈေးကျနေပါတယ်။