မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တည်ထောင်ခြင်း ၃၆ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ဩစတြေးလျနိုင်ငံရောက် မြန်မာနိုင်ငံသားတွေက စစ်အာဏာရှင်ကို တော်လှန်နေတဲ့အဖွဲ့တွေကို ကူညီဖို့အတွက် ရည်ရွယ်ပြီး ရန်ပုံငွေ ဈေးရောင်းပွဲတော်တခု ပြုလုပ်ခဲ့တယ်လို့ ဦးဆောင်သူ ဈေးရောင်းပွဲ ကော်မတီ၀င်တွေဆီက သိရပါတယ်။
“ဈေးရောင်းပွဲတွေက လစဥ်တော့ ပုံမှန်လုပ်နေကြပါပဲ။ အဲ့ဒီကနေရတဲ့ ရန်ပုံငွေတွေကိုတော့ မြန်မာနိုင်ငံမှာရှိတဲ့ ရေဘေးသင့်ပြည်သူတွေ၊ စစ်ဘေးသင့်ပြည်သူတွေနဲ့ စစ်အာဏာရှင်ပြုတ်ကြဖို့အတွက် တိုက်ပွဲ၀င်နေသူတွေထံကို အမြဲပို့နေကြပါပဲ။ အခုပွဲကတော့ ABSDF ကျောင်းသားတပ်မတော် တည်ထောင်ခြင်း ၃၆ နှစ်ပြည့် နှစ်ပတ်လည်ပွဲအတွက် အထူးပြုလုပ်တဲ့ပွဲဖြစ်ပါတယ်။ အခုဒီပွဲကရတဲ့ ရန်ပုံငွေတွေကိုတော့ ABSDF ဗဟိုကို ပေးပို့သွားမှာဖြစ်ပြီး အဲ့ဒီကနေမှတဆင့် လက်ရှိ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် တိုက်ပွဲ၀င်နေတဲ့သူတွေဆီနဲ့ လိုအပ်တဲ့နေရာတွေကို ဆက်လက်ပေးပို့သွားမှာဖြစ်ပါတယ်” လို့ ဈေးရောင်းပွဲကော်မတီ၀င်၊ ABSDF ရဲဘော်ဟောင်း ကိုနိုင်အောင်က ပြောပါတယ်။
ဈေးလာရောင်းသူ ဒေါ်ခိုင်ခိုင်ဦးက “ကိုယ်တိုင်ကိုယ်ကျ တော်လှန်ရေးမှာ မလုပ်နိုင်ပေမဲ့ အခုလို ဈေးရောင်းပွဲတွေမှာ ဈေးလာရောင်းတော့ သူများထက်ပိုလှူနိုင်တာပေါ့။ အရင်ရေဘေးတုန်းကလည်း ဒေါ်လာ ၁၀၀၀ လောက်လှူနိုင်တယ်။ အခုလည်း ရသမျှအမြတ်ထဲကနေ လှူသွားမှာပါ။ အမြတ်ရရေးထက် လှူဖို့ကို ပိုပြီးစိတ်၀င်စားတယ်လေ။ ဒီလိုပွဲမျိုးက မြန်မာနိုင်ငံသားတွေလည်း ဆုံတွေ့ခွင့်ရတယ်လေ။ ကိုယ်အသိုင်းအဝန်းနဲ့ ပြန်တွေ့ရတဲ့ပွဲမလို့ စိတ်လည်း၀င်စားတယ်၊ ပွဲတိုင်းနီးပါး ဈေးရောင်းနိုင်ဖို့ ကြိုးစားပါတယ်။ အလှူလည်း လုပ်နိုင်တဲ့အတွက် ကျေနပ်တယ်” လို့ ပြောပါတယ်။
ABSDF ၃၆ နှစ်ပြည့် နှစ်ပတ်လည်ဈေးရောင်ပွဲကို ဆစ်ဒနီမြို့ Doonside Community Center မှာ နို၀င်ဘာလ ၂ ရက်က ပြုလုပ်ခဲ့တာပါ။