မြန်မာစစ်တပ်ဟာ အရည်အသွေးကျဆင်းပြီး အင်အားချည့်နဲ့လာသလို ဘက်ပြောင်းလာတာတွေလည်း ပိုများလာနိုင်တာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ နိုင်ငံတကာအစိုးရတွေအနေနဲ့ ဘက်ပြောင်းလာသူတွေနဲ့ပတ်သက်လို့ ပိုပြီးကူညီဖို့ ပြည်သူ့ပန်းတိုင်အဖွဲ့က တိုက်တွန်းပါတယ်။
စစ်ဘက်ကနေ ပြည်သူ့ဘက်ပြောင်းလာသူတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ပန်းတိုင်အဖွဲ့ဟာ သူတို့ရဲ့ စကားဝိုင်းဆွေးနွေးပွဲတွေမှာ ပြောဆိုခဲ့တာတွေထဲက အဓိကအချက်တွေပါဝင်တဲ့ ‘အဟောင်းစွန့်၍ အသစ်တည်ဆောက်ခြင်း (သို့မဟုတ်) နွေဦးတော်လှန်ရေးသို့ ဘက်ပြောင်း ပူးပေါင်းခြင်း’ ဆိုတဲ့ အစီရင်ခံစာကို အောက်တိုဘာ ၂၆ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထဲမှာ ပြည်သူ့ဘက်ပြောင်းလာတဲ့ စစ်တပ်က အရာရှိ၊ စစ်သည်နဲ့ မိသားစုဝင်တွေက ပြောဆိုတာတွေအပေါ် ကောက်နုတ်သုံးသပ်ထားပြီး ဘက်ပြောင်းလာသူတွေ ပြောပြချက်အရ စစ်သားအများစုဟာ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်းရရှိရေးကိုပဲ အဓိက လိုလားတယ်လို့ သိရသလို စစ်သည်တွေဟာ ပညာရေးနိမ့်ကျပြီး စီးပွားရေး အခွင့်အလမ်းတွေမရလို့ အလွယ်တကူ ဝါဒဖြန့်သိမ်းသွင်းခံရပြီး အမိန့်တွေကို ကျေးကျွန်လိုမျိုး လိုက်နာဆောင်ရွက် တတ်ကြတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ လက်ရှိမှာတော့ စစ်တပ်မှာ စိတ်ဓာတ်ပျက်ပြားတဲ့ ရဲဘော်တွေပဲ များလာနေသလို အရည်အသွေးကလည်း ပိုပြီးကျလာတယ်လို့ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် သိမ်းပိုက်ခံရပြီး နောက် CDM ဗိုလ်ကြီးတယောက်က မှတ်ချက်ပေးထားပါတယ်။
“မြောက်ပိုင်းမဟာမိတ်တွေလက်ထဲကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျသွားတာ အခုပဲ သိလိုက်ရပါတယ်။ ဒါက သမိုင်းဝင်အဖြစ်အပျက်ပါပဲ။ တော်လှန်ရေးတပ်တွေဆီကို တိုင်းစစ်ဌာနချုပ်တခု ကျသွားတယ်ဆိုတာ အရင်က မရှိခဲ့ဖူးပါဘူး။ အခုတော့ တမြို့လုံးရော စခန်းရော တော်လှန်ရေးတပ်တွေလက်ထဲ ရောက်သွားပြီး သူတို့ဘက်က တပ်ဖွဲ့အားလုံး ရှုံးနိမ့်သွားပါပြီ။ သူတို့တွေ ရှုံးရတာက ဗျူဟာကောင်းကောင်း မချနိုင်လို့ပါ။ စစ်ကောင်စီက စီးပွားရေး၊ နိုင်ငံရေးနဲ့ လူတွေကို အုပ်ချုပ်ဖို့လောက်ပဲ အာရုံစိုက်နေတာပါ။ သူတို့စစ်သည်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို လျစ်လျူရှုထားတာပါ။”
ဒါ့အပြင် မြေပြင် အကျအရှုံးတွေကို ဖုံးကွယ်ထားလို့ တပ်မှူးတွေကလည်း စစ်မြေပြင် အခြေအနေမှန်ကို မသိကြကြောင်းနဲ့ ရဲဘော်တွေက စိတ်ဓာတ်ပျက်နေပြီး ရှေ့တန်းမှာ ရွပ်ရွပ်ချွံချွံ မတိုက်ချင်ကြတော့ဘူးလို့ CDM ဗိုလ်ကြီးတယောက်က ပြောပါတယ်။
“ဒါက ဒိုမီနို သက်ရောက်မှုလိုပါပဲ။ တဖွဲ့ကျသွားရင် တခြားအဖွဲ့တွေကို စိတ်ဓာတ်ထိခိုက်စေပါတယ်။ သူတို့တွေ ဆုံးရှုံးသွားတဲ့ နေရာတွေကိုလည်း ပြန်တိုက်ယူနိုင်စွမ်း မရှိကြတော့ပါဘူး။ စစ်တပ်ရဲ့ အရည်အသွေးက တစထက်တစ ပိုပြီးကျဆင်းလာနေပါပြီ။ သူတို့တွေက အစကတည်းက ပရော်ဖက်ရှင်နယ်စစ်တပ် မဆန်ခဲ့တာပါ။ နပိုလီယံ လာပြီး ဦးစီးပေးရင်တောင် အဖတ်ဆယ်လို့ မရနိုင်တော့ပါဘူး။”
စစ်သားတွေဟာ တပ်တွင်းဖိနှိပ်တာတွေ၊ မတရားခိုင်းစေခံရတာတွေ၊ ခြိမ်းခြောက်တာတွေအပြင် မနိုင်တဲ့တိုက်ပွဲတွေကြောင့် သတ်သေသွားကြတာမျိုးတွေ ရှိတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ပြီးတော့ စစ်သားအများစုဟာ စားစရာနဲ့ နေစရာသာ ရဖို့ပဲတွေးကြလို့ တခြားအလုပ်သာ ရမယ်ဆိုရင် တပ်ထဲက ထွက်လာကြမယ်လို့ ဗိုလ်ကြီးတယောက်ကလည်း ပြောဆိုထားပြီး သူတို့တွေကို စားနပ်ရိက္ခာ၊ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ ကမ်းလှမ်းကြဖို့ ဒီမိုကရေစီအင်အားစုတွေကို ပြည်သူ့ပန်းတိုင်က အကြံပြုထားပါတယ်။
တပ်ကြပ်ကြီးဟောင်းတယောက်က “အကျအဆုံးနဲ့ ဘက်ပြောင်းမှုတွေ များလာပြီး သူတို့ အင်အားချည့်နဲ့လာပြီ။ အခု သူတို့တွေ တပ်သားသစ်ကို အသည်းအသန်စုနေကြတယ်။ အာဏာသိမ်းမှုမတိုင်ခင်က တပ်သားသစ်အများစုကို မြန်မာနိုင်ငံအထက်ပိုင်းမှာ စုကြတာ များတယ်။ အခုတော့ အဲဒီနယ်တွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေ အင်အားကောင်းလာပြီး တိုက်ပွဲတွေ ဖြစ်လာနေပြီ။ စစ်တပ်ဘက်က ထိုးစစ်တောင် မဆင်နိုင်ဘူး၊ အမြဲတမ်း အရေးနိမ့်နေတယ်။ တပ်သားသစ်တွေလည်း မလောက်ဘူး။ ရှိတဲ့ စစ်သည်တွေကလည်း ခြေကုန်လက်ပန်းကျနေပြီ။ ခဏခဏလည်း အာဏာဖီဆန်မှုတွေ ဖြစ်ဖြစ်လာတယ်။ အရာရှိအတော်များများကလည်း PDF တွေကို ဆက်သွယ်ပြီး လာတိုက်မယ်ဆိုတာ ကြိုအသိပေးပြီး ဆုတ်ခွင့်ပေးတယ်ဆိုရင် ပြန်မတိုက်ဘဲ စခန်းအသိမ်းခံမယ်ဆိုပြီး ညှိတတ်ကြတယ်” လို့ ပြောပါတယ်။
အခွင့်အရေးရတဲ့အခါ တော်လှန်ရေးအင်အားစုတွေဆီ လက်နက်ချဖို့ ပြင်ဆင်ထားသင့်တယ်ဆိုတဲ့ သဘောထားအမြင်တွေဟာ တပ်သားတွေနဲ့ အရာရှိတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့်ရှိနေတာကို မြေပြင်ကလာတဲ့ သတင်းတွေရှိတယ်လို့ ပြည်သူ့ပန်းတိုင်က ဆိုပါတယ်။
ဒါပေမဲ့ တပ်တွင်းမှာ စစ်သားတွေကို အပြင်နဲ့ ထိတွေ့တာနည်းအောင် လုပ်ထားတာ၊ နှစ်ရှည်လများ သတင်းမှားတွေနဲ့ ဝါဒမှိုင်းတိုက်ထားတာတွေကြောင့် တချို့ စစ်သားတွေအတွက်ကတော့ ဘက်ပြောင်းလာဖို့ ခက်ခဲနိုင်ကြောင်း မှတ်ချက်ပေးထားပါတယ်။
ဒါကို တန်ပြန်နိုင်ဖို့အတွက်ကတော့ တော်လှန်ရေးဘက်က စစ်သားတွေကို သတင်းမှန်ပေးပြီး ထိတွေ့ဖို့ လိုအပ်တယ်လို့ တပ်သားဟောင်းတယောက်ရဲ့ ဇနီးက ပြောပါတယ်။
“အာဏာသိမ်းချိန်ကစပြီး စစ်သားတွေဟာ ပြည်သူနဲ့ထိတွေ့မှု တဖြည်းဖြည်းပိုနည်းလာတယ်။ လူမှုကွန်ရက် အသုံးမပြုဖို့လည်း ကန့်သတ်ခံထားရတယ်။ စစ်သားတွေထက်စာရင် သူတို့ဇနီးတွေက ပြင်ပကမ္ဘာနဲ့ နည်းနည်းပိုပြီးထိစပ်မှုရှိတယ်။ ဒါကြောင့် သူတို့ရဲ့ခင်ပွန်းသည် စစ်သားတွေကို ဘက်ပြောင်းလာဖို့ သူတို့က ပိုပြောနိုင်တယ်။ နိုင်ငံတဝန်းမှာ ဘာတွေ ဖြစ်နေလဲ၊ ပြည်သူတွေ ဘယ်လို ခံစားနေရလဲဆိုတာကိုလည်း သူတို့ခင်ပွန်းသည်တွေကို ပြန်ပြောပြနိုင်တယ်။ ဒါကြောင့် သူတို့နဲ့ ထိတွေ့ဆက်သွယ်ဖို့ အရေးကြီးတယ်။ အထူးသဖြင့် သူတို့နဲ့လက်လှမ်းမီအောင်လုပ်ပြီး တန်ပြန်ဝါဒဖြန့်မှုတွေလုပ်ဖို့ အရမ်းအရေးကြီးတယ်။ ဒါမှသာ သူတို့ဟာ အခြေအနေကိုနားလည်ပြီး သူတို့ဘဝအတွက် ဆုံးဖြတ်ချက်ချနိုင်မှာဖြစ်တယ်။”
ပြည်သူ့ဘက်ကို ပြောင်းလာသူတွေနဲ့ပတ်သက်ပြီး တပြေးညီ မူဝါဒချမှတ်ထားဖို့ အရေးတကြီး လိုအပ်တယ်လို့ ပြည်သူ့ပန်းတိုင်က ထောက်ပြထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီတို့အနေနဲ့ ပံ့ပိုးတာတွေ ပိုအားကောင်းအောင်လုပ်ဖို့၊ နိုင်ငံတကာကို အကူအညီတောင်းဖို့၊ နိုင်ငံတကာအစိုးရတွေအနေနဲ့ ဒီအစီအစဉ်တွေအတွက် ငွေကြေး၊ နည်းပညာနဲ့ လိုအပ်တာတွေ ကူညီပေးဖို့လည်း အကြံပြုတောင်းဆိုထားပါတယ်။