Home
နိုင်ငံတကာ
စိုက်ခင်းများတွင် ပေါင်းရှင်းပေးနိုင်မည့် AI စက်ရုပ်
DVB
·
October 24, 2024
Photo - Reuters

စိုက်ခင်းတွေမှာ ပေါင်းသင်တဲ့အလုပ်ဆိုတာ ဟိုးအရင် တိရစ္ဆာန်တွေနဲ့ ထယ်သွားတွေ အသုံးပြုခဲ့ရတဲ့ ခေတ်ကတည်းက သုံးခဲ့ရတာပါ။

အခုခေတ်မှာတော့ Earth Rover လို့ ခေါ်တဲ့ စက်ရုပ်ကတော့ အနာဂတ်စိုက်ခင်းတွေမှာ ပေါင်းမြက်တွေကို ရှင်းလင်းပေးမယ့် အဓိက စက်ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။

အလင်းကို အခြေခံပြီး ပေါင်းမြက်တွေ ဖျက်ဆီးတဲ့ဒီ စက်ရုပ်ကို AgTech က ဖန်တီးခဲ့တာဖြစ်ပြီး AI နည်းပညာနဲ့ စက်ရုပ်နည်းပညာကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။

ဒီစက်ရုပ်ကို ဖန်တီးတဲ့ အဓိကရည်ရွယ်ချက်က ပေါင်းသင်ဖို့နဲ့ သီးနှံတွေကို စောင့်ကြည့်ဖို့ ဒီဇိုင်းထုတ်ထားတယ်လို့ စီအီးအို ဂျိမ်းမီလ်နာက ပြောပါတယ်။

“ဒီစက်ရုပ်က ကိုယ်တိုင်ထိန်းချုပ်လို့ရတာ ၂ ခုရှိပါတယ်။ ၁ ခုက ပေါင်းပင်တွေနဲ့ နောက်တခုက ကောက်ပဲသီးနှံတွေကို ခွဲခြားနိုင်တာပဲ ဖြစ်ပါတယ်။ ပေါင်းပင်တွေ မြေပေါ်မှာရှိနေရင် ပေါင်းပင်တွေကို နှိမ်နင်းနိုင်ပါတယ်။ ကောက်ပဲသီးနှံတွေကိုတော့ သူက မဖျက်ဆီးပါဘူး။”

ဒီစက်ရုပ်မှာသုံးထားတဲ့ အလင်းရောင်နဲ့ ပေါင်းမြက်ရှင်းလင်းတာက လေဆာရောင်ခြည်နဲ့လည်း မတူပါဘူး။ သူက မှန်ဘီလူးကို နေရောင်မှာထားပြီး အပူပေးတဲ့ ပုံစံဖြစ်ပြီး ပေါင်းပင်တွေကို မလှီးမဖြတ်ဘဲ သေစေနိုင်တဲ့ နေရာကို အလင်းရောင်နဲ့ ထိုးပြီး နှိမ်နှင်းတာ ဖြစ်ပါတယ်။ စက်ရုပ်လက်ချောင်းတွေမှာ ကင်မရာ ၈ လုံးတပ်ထားပြီး အပင်အမျိုးအစား ခွဲခြားမှုနဲ့ သီးပင်စားပင်တွေကို ခွဲခြားပေးဖို့ AI စနစ်ဒေတာတွေ ထည့်သွင်းထားပါတယ်။”

 Earth Rover ရဲ့ အလုပ်လုပ်ပုံကိုလည်း စီအီးအို  ဂျိမ်းမီလ်လာက “ကျနော်တို့ရဲ့ နည်းပညာက အလင်းရောင် အာရုံစူးစိုက်မှုကို အသုံးပြုထားပါတယ်။ ပြောရမယ်ဆိုရင် ကျောင်းသားလေးတယောက် လက်ကိုင်မှန်ဘီလူးကို အကောင်းဆုံး အသုံးချသလိုပေါ့။ ပေါင်းပင်တွေ သေလောက်တဲ့နေရာတွေကို အလင်းရောင်သေးသေးလေးထိုးပြီး ပေါင်းရှင်းတာတွေ လုပ်တာပါ။ ဒါက စွမ်းအင်ကိုလည်း ချွေတာနိုင်ပြီး ပေါင်းပင်တွေကို သေစေနိုင်ပါတယ်။”

ဒီစက်ရုပ်ကို ဖန်တီးခြင်းအားဖြင့် လယ်သမားတွေ ရဲ့ စိုက်ခင်းတွေ အချိန်မီ ကြီးထွားသန်မာစေဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ 

ဒီပေါင်းရှင်း စက်ရုပ်က ဘယ်ထရီနဲ့ လှုပ်ရှားမှုပြုလုပ်တာဖြစ်ကာ ဆိုလာစနစ်နဲ့ အားသွင်းနိုင်ပါတယ်။ ဒါ့အပြင် မတူညီတဲ့ ရာသီဥတုမှာလည်း စွမ်းဆောင်ရည် ပြည့်ဝစေဖို့ ဖန်တီးထားတာ တွေ့ရပါတယ်။ 

ပေါ့ပါးတဲ့ ဒီဇိုင်းကြောင့် ရွှံ့တွေထဲမှာ နှစ်မြုပ်မှာကိုလည်း မစိုးရိမ်ရပါဘူး။ Earth Rover ရဲ့ မှတ်တမ်းကောင်းတွေနဲ့ ပတ်သက်ပြီး ဂျိမ်းမီလ်လာက အခုလို ပြောပြပါတယ်။

“ကျနော်တို့ ပေါင်းပင် ၉ သိန်းကျော် နှိမ်နင်းပြီးပါပြီ။ ကျနော်တို့ရဲ့ မှတ်တမ်းအရ အပင် ၃ ဒသမ ၂ သန်းနဲ့ စိုက်ပျိုးမြေ ၄၀ ဟက်တာကျော်ကို တရာသီတည်းမှာ ကာကွယ်ပေးနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ကျနော်တို့ ဖွံ့ဖြိုးတိုးတက်မှုတွေ ဆက်ရှိအောင်ပြုလုပ်မှာပါ။ လာမယ့်နှစ်တွေမှာ ကျနော်တို့ စမ်းသပ်မှုတွေကို အများရှေ့မှာ ချပြမှာပါ။”

Earth Rover ပေါင်းရှင်း စက်ရုပ်တွေကို ၂၀၂၅ ခုနှစ်မှာ လယ်သမားတွေကို စမ်းသပ်ဖို့ စတင်ပေးသွားမှာဖြစ်ပြီး ၂၀၂၆ ခုနှစ်မှာ တရားဝင်ရောင်းချဖို့ ရည်ရွယ်ထားပါတယ်။ 

စိုစွတ်တဲ့ အချိန်၊ လေထန်တဲ့အချိန်၊ မိုးသည်းတဲ့အချိန်၊ အရမ်းအေးတဲ့ အချိန်တွေမှာ လယ်ကွင်းထဲဆင်းဖို့ ဘယ်သူ့မှ စိတ်မဝင်စားတာကြောင့် ဒီအချက်တွေကို ဖြည့်ဆည်းပေးဖို့ Earth Rover ကို ဖန်တီးခဲ့တာလည်း ဖြစ်ပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024