ချင်းတွင်းမြစ်ရေ မြင့်တက်လို့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ မြစ်ကမ်းနံဘေး ကျေးရွာ ၄၀ ကျော် ရေဘေးနဲ့ ကြုံတွေ့နေရပြီး အကူအညီလိုအပ်တဲ့ ရေဘေးသင့်ပြည်သူ ၄ သောင်းလောက် ရှိသလို သီးနှံနဲ့ ကွမ်းစိုက်ဧက ၁ သောင်းကျော် ပျက်စီးခဲ့တယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဆီက သိရပါတယ်။
ဇူလိုင် ၈ ရက်ညနေကစလို့ မိုးရွာသွန်းမှုများပြီး ဇူလိုင် ၉ ရက်မနက်မှာ ကျေးရွာတွေထဲ ရေဝင်ရောက်ကာ တနေ့ကို ရေအမြင့် ၁ ပေလောက်မြင့်တက်နေတာကြောင့် ဇူလိုင် ၁၂ ရက်မှာ ရေအမြင့် ၅ ပေကျော်ရှိနေပြီလို့ သိရပါတယ်။
မြို့နယ် လူသားချင်းစာနာမှုအကူအညီပေးရေးအဖွဲ့ တာဝန်ခံတယောက်က “မြစ်ကမ်းဘေး ကျေးရွာ ၁၂ ရွာလောက် ရေဝင်ရောက်နေပြီး ရွာခံပြည်သူတွေနဲ့ မြစ်ကမ်းဘေးမှာ စစ်ဘေး တိမ်းရှောင်နေသူတွေပါ အရေးပေါ်ရွှေ့ပြောင်းနေရတယ်”လို့ ပြောပါတယ်။
ရေဘေးသင့်ပြည်သူ ၄ သောင်းလောက်ထဲမှာ ပြည်သူ ၁,၈၀၀ ကျော်က မီးရှို့ခံကျေးရွာတွေက ဖြစ်လို့ နေအိမ်မရှိဘဲ မြစ်ကမ်းဘေး စစ်ရှောင်စခန်းမှာ ယာယီနေထိုင်ကြသူတွေ ဖြစ်ပါတယ်။
ရေဘေးသင့်ပြည်သူတွေဟာ ရေလွတ်တဲ့ကျေးရွာတွေက ဘုန်းကြီးကျောင်းနဲ့ ကုန်းမြင့်တွေမှာ လက်ရှိ နေထိုင်နေရပြီး စားနပ်ရိက္ခာနဲ့ သောက်သုံးရေအကူအညီတွေ အဓိကလိုအပ်နေတယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က ပြောပါတယ်။
နေအိမ်နဲ့ အိမ်သာတွေပါ ရေနစ်မြုပ်နေတဲ့အတွက် ပြည်သူတွေ ရေထဲမှာပဲ အပေါ့အလေး စွန့်နေကြရပြီး ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်လာမှာကို ကူညီသူတွေက စိုးရိမ်နေကြပါတယ်။
ဒီနေ့ ဇူလိုင် ၁၄ ရက်နေ့မှာတော့ ရေနည်းနည်းပြန်ကျလာပေမဲ့ ရွာတွေအတွင်းမှာ ရေ ၆ ပေနီးပါး ကျန်သေးတဲ့အတွက် သီးနှံခင်းတွေ ပျက်စီးကုန်ပြီလို့ သိရပါတယ်။
ချင်းတွင်းမြစ်ရေ မြင့်တက်လို့ မြစ်ကမ်းဘေးတလျှောက်ကျေးရွာတွေက မိုးသီးနှံတွေဖြစ်တဲ့ မိုးမြေပဲနဲ့ နှမ်းခင်း ဧက ၁ သောင်းကျော်၊ ကွမ်းခြံ ၁,၀၀၀ နီးပါး စိုက်ဧက ၂၀၀၀ ကျော် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဆားလင်းကြီး ဒေသခံတယောက်က“သီးနှံတွေ ပျက်စီးတယ်။ မိုးမြေပဲတွေ၊ နှမ်းခင်းတွေ အကုန်ပျက်ကုန်ပြီ။ မြို့နယ်စိုက်ပျိုးရေးကလုပ်တဲ့ စိုက်ပျိုးခြံတွေရော အကုန်မြုပ်ကုန်ပြီ။ ဒီနှစ်တော့ ပြန်စိုက်လို့မမီတော့ဘူးလေ။ မိုးသီးနှံတွေတော့ ရှုံးကုန်ပြီပေါ့။ မြစ်ကမ်းဘေးတလျှောက် အကုန်မြုပ်တာ” လို့ ပြောပါတယ်။
ဆားလင်းကြီးမြို့နယ်မှာ ရေကြီးမှုကြောင့် ကျေးရွာပေါင်း ၄၁ ရွာက လူဦးရေ ၃,၉၀၀၀ ကျော် ရေဘေးသင့်ပြီး အကူအညီတွေ လိုအပ်နေသလို ဝက်လက်မြို့နယ်၊ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တို့က မြစ်ကမ်းနံဘေးမှာနေထိုင်တဲ့ ပြည်သူတွေနဲ့ စစ်ဘေးရှောင်တွေလည်း ရေဘေးဒုက္ခကြုံနေရတာ ဖြစ်ပါတယ်။