တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာမှာ စက်လှေမြုပ်ပြီး ပျောက်ဆုံးသူ တွေထဲက ကလေးအလောင်း ၉ လောင်းကို ထပ်မံရှာဖွေတွေ့ရှိ ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၂၂ ရက် မနက်ပိုင်းမှာ အလောင်း ၉ လောင်းကို ထပ်မံတွေ့ရှိခဲ့ပြီး ဒီမတိုင်ခင်အထိ အလောင်း ၁၁ လောင်းကို ရှာတွေ့ထားတာကြောင့် စုစုပေါင်းအလောင်း ၂ဝ ရှိပြီးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထပ်မံတွေ့ရှိတဲ့ သေဆုံးသူတွေက အသက် ၄ နှစ်နဲ့ ၇နှစ်အရွယ်မိန်းကလေး ၂ ယောက် ၊ အသက် ၅ နှစ် နဲ့ ၆ နှစ်အရွယ်ယောကျာ်းလေး ၂ ယောက်အပြင် အသက် ၁၃ နှစ်နဲ့ ၁၅ နှစ်အရွယ် ယောကျာ်းလေး ၂ ယောက် ၊အသက် ၁၆ နှစ်နဲ့ ၁၇ နှစ်အရွယ် မိန်းကလေး ၃ ယောက်တို့ ဖြစ်ကြတယ်။
ဒေသခံယောက်က "ဒီနေ့မနက်ပိုင်းတွေ့တာက အလောင်း ၉ လောင်းပါ။ ပျောက်ဆုံးစာရင်း ၈ ယောက် ကျန်နေသေးတယ်။ ရှာမတွေ့သေးဘူး။ ရွာမှာပဲသင်္ဂြိုဟ်တယ်"လို့ ပြောပါတယ်။
အောက်တိုဘာ ၂ဝ ရက် ည ၉ နာရီလောက်မှာ ကျောက္ကာရွာကနေ မြိတ်သို့အသွား စက်လှေ မြုပ်ခဲ့ဖြစ်ပြီး လိုက်ပါလာတဲ့ လူအရေအတွက်အတိအကျကိုတော့ မသိနိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ နောက်တယောက်က "အဲဒါတွေက အတိအကျ မပြောနိုင်သေးဘူး။ ဘာလို့ဆို လူစာရင်း ရှိတယ်ဆိုပေမဲ့ စာရင်း မပေးတဲ့သူတွေလည်း ပါတယ်လို့ ပြောနေကြတာပါ"လို့ ပြောပါတယ်။
စက်လှေပေါ် လိုက်ပါလာသူတွေက ပုလောမြို့နယ်မှာဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်လာကြသူတွေရှိသလို ကျောင်းပိတ်ကာလကုန်ဆုံးချိန် ကျောင်းတက်ဖို့လာတဲ့ ကလေးတွေ အများအပြားရှိတယ်လို့ သိရပါတယ်။
မြိတ်-ပုလောကားလမ်းပိုင်းမှာ အခုနှစ် အောင်တိုဘာ ၁၄ ရက် ညနေ့ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ကာ အခုထိ စစ်ရေးတင်းမာနေဆဲဖြစ် ပါတယ်။