ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် တောင်ခမ်းရှိ စစ်ကောင်စီလက်ကျန် အမြောက်တပ်စခန်း ၂ ခု အတွက် မြေပြင်ကနေ ထိုးစစ်ဆင်လာတာမျိုး မရှိသေးဘူးလို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက DVB ကို ပြောပါတယ်။
လက်ရှိတောင်ခမ်းမှာ တိုက်ပွဲတွေငြိမ်သက်နေပြီးတော့ သိမ်းပိုက်ဖို့ကျန်ရှိနေတဲ့ လက်ကျန် အမြောက်တပ်စခန်း ၂ ခုအတွက် စစ်ကောင်စီတပ်ဘက်က စစ်ကူအဖြစ်မြေပြင်က ထိုးစစ်ဆင်လာတာမျိုးမရှိသေးဘဲ လေကြောင်းကနေ လက်နက်၊ ခဲယမ်း၊ ရိက္ခာဖြည့်တင်းတာ တွေပဲရှိတယ်လို့ သိရပါတယ်။
လွေးယေဦးက “ပြီးခဲ့တဲ့ ၁ ရက် ၂ ရက်အထိ တောင်ခမ်းက တိုက်ပွဲသတင်း တက်လာတာမျိုးတော့ မရှိသေးဘူး။ ၂၀ ရက်နေ့ကတော့ စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာမျိုးတော့ ရှိတယ်။ သူတို့ဘက်က မြေပြင်က ထိုးစစ်ဆင်လာတာမျိုးတော့ မရှိသေးဘူး။ လေကြောင်းကနေ လက်နက်ခဲယမ်းဖြည့်တာမျိုးပဲ ရှိပါတယ်”လို့ ပြောပါတယ်။
တောင်ခမ်းမှာ အမြောက်တပ်ရင်း ၄ ရင်းရှိတဲ့အနက် အမတ ၂၀၆ နဲ့ ၄၀၆ တို့ကို TNLA က ဩဂုတ်လအတွင်း သိမ်းပိုက်ထားပြီး ကျန်ရှိနေတာကတော့ အမြောက်စခန်း ကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂) နဲ့ အမြောက်တပ် (၃၅၄) တပ်ရင်းတို့ ကျန်ရှိနေတာပါ။
TNLA ရဲ့ တပ်မဟာ ၂ အနေနဲ့ သီပေါကို သိမ်းပိုက်ပြီးတဲ့နောက် တောင်ခမ်းကို ဆက်လက်တိုက်ခိုက်ဖို့ ခဏအနားပေးထားတာဖြစ်နိုင်ပြီး လက်ကျန်တပ်စခန်းတွေဟာလည်း ခံစစ်အသေတွေ ဖြစ်တာကြောင့် လက်ပန်းကျချိန်မှတိုက်မယ်ဆိုရင် ရဖို့ပိုလွယ်ကူမယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။
“TNLA အနေနဲ့ သီပေါကို တိုက်တာ တပ်မဟာ ၂ ပေါ့။ အဲဒီအဖွဲ့တွေကို ခဏ အနားပေးထားတယ်။ တောင်ခမ်းအနေအထားက စစ်ကောင်စီအတွက် ခံစစ်အသေပဲ။ ခံစစ်အသေ ဆိုတော့ ကြာလာလေလေ လက်ပန်းကျလာတဲ့အချိန်မှ အုံနဲ့ကျင်းနဲ့ တိုက်ရင် ပိုပြီးကောင်းတော့ အဲ့ဒီအနေအထားကို စောင့်တယ်လို့ မြင်ပါတယ်။”
ပြင်ဦးလွင်နဲ့အနီးဆုံးဖြစ်တဲ့ နောင်ချိုမြို့နယ် တောင်ခမ်းက အမြောက်တပ်တွေ မကျရေးအတွက် စစ်ကောင်စီဘက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူကတဆင့် စစ်အင်အား ဖြည့်တင်းတာတွေကိုလည်း TNLA အနေနဲ့ ပိတ်ဆို့ဖြတ်တောက်ထားပါတယ်။
စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ တောင်ခမ်း မကျစေရေးအတွက် နောင်ချိုမြို့က တိုက်ပွဲမဖြစ်တဲ့ နေရာတွေကို အခုလ ၁၇ ရက်ကနေ ၂၁ ရက်အထိ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးနေရတယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။