စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာလို့ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ထဲက အုမ္မတီးလမ်းဆုံနားမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
အောက်တိုဘာ ၁၉ ရက်လောက်ကတည်းက စစ်ရေးတင်းမာနေရာကနေ စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ နောင်ချိုမြို့ဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်နေရတာလို့ အခြေအနေသိရှိသူတွေက ဆိုပါတယ်။
ရှမ်းမြောက် လူမှုကူညီရေးအဖွဲ့မှ ဒေသခံတယောက်က “တမြန်မနေ့ကစပြီးတော့ ကျနော်တို့ ဟိုဟာ စကစ ကနေပြီးတော့ နောင်ချိုကို ထိုးစစ်ဆင်လာတာပေါ့။ အဲဒီ ဝက်ဝံဘက်ကနေပြီးတော့ သူတို့ ထိုးစစ်ဆင်လာတာပေါ့။ အုမ္မတီးလမ်းခွဲထိကို ထိုးစစ်ဆင်လာတယ်လို့ ကြားတယ်ဗျ။ စကစဘက်ကလည်း အင်အားသုံးပြီးတော့ အတင်းထိုးလာတာပေါ့လေနော်။ တိုက်ပွဲတအားဖြစ်နေလို့ ပိတ်ထားလို့ဆိုပြီး ကျနော်တို့တောင်မှ နမ့်လန်ဘက်ကနေ ပတ်ပြီးတော့ ပြန်ဝင်ရတာ” လို့ ပြောပါတယ်။
နောင်ချိုထဲမှာ ဆက်သွယ်ရေးလိုင်းတွေ အကုန်ပြတ်တောက်နေလို့ အသေးစိတ်ကို မသိရပေမဲ့ စစ်ကောင်စီတပ်က ဘန့်ဘွေးရွာမှာ တပ်စွဲထားပြီး TNLA, PDF တွေက ရွှေညောင်ပင်ရွာမှာ နေရာယူထားကြောင်း ဒေသခံက ဆိုပါတယ်။
ဒါကြောင့် အဲဒီနေရာ ၂ ခုအကြားမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ကူသုံးပြီး တိုက်ခိုက်နေလို့ အနီးဝန်းကျင်က ကျေးရွာတွေမှာ နေထိုင်တဲ့ ဒေသခံတွေပါ ထွက်ပြေးနေရပါတယ်။
ဘန့်ဘွေး၊ ရေဝင်၊ အုမ္မတီး၊ ရွှေညောင်ပင်ဘက်က ဒေသခံအများစုကတော့ ၁၀၂၇ စစ်ဆင်ရေး စတင်တည်းက အနည်းစုပဲ ဆက်လက်နေထိုင်ကြပြီး တချို့ဆို စစ်ရှောင်နေရတာ လနဲ့ချီနေပြီလို့ သိရပါတယ်။
နောင်ချိုဒေသခံ ရပ်မိရပ်ဖတယောက်က “အဲဒီ အုမ္မတီးဘက်က လူတွေကတော့ ဟိုးဘက်မှာ သူတို့ စခန်းလုပ်ပြီးမှ လယ်ကွင်းထဲမှာသွားပြီး စခန်းချပြီး နေကြတယ်။ အုမ္မတီးက တဖွဲ့၊ ရေဝင်က တဖွဲ့ အဲလိုပေါ့။ အဲလိုတော့ နေကြတယ်။ ပြီးရင် ဘန့်ဘွေးကလူတွေကတော့ မြိုင်ကြီးတို့၊ ဝက်ဝံတို့၊ အနီးစခန်းတို့၊ မေမြို့တို့ကို ရှောင်ရတာပေါ့။ နေသားကျနေကြပြီလေ ၄ လလောက်လည်း ကြာပြီဆိုတော့။ ပြီးတော့ ဟိုမှာ ကျီးလန့်စာစားနေရမယ့်အစားတော့ မထူးဘူးဆိုပြီး နေကြရတဲ့သဘောပဲ” လို့ ပြောပါတယ်။
DVB အနေနဲ့ TNLA ပြောခွင့်ရသူဆီ စာပေးပို့ မေးမြန်းထားပေမဲ့ ဒီကနေ့ ညနေပိုင်းအထိ ပြန်ဖြေတာ မရှိသေးပါဘူး။
ရှမ်းမြောက်က စစ်ရေးသတင်းရင်းမြစ်တယောက်ကတော့ အောက်တိုဘာ ၂၂ ရက်အထိ စစ်တပ်အနေနဲ့ TNLA ရဲ့ ခံစစ်ကို မဖောက်နိုင်သေးဘူးလို့ ပြောပါတယ်။
တိုက်ပွဲတွေကြောင့် စစ်ကောင်စီဘက်က ရှမ်း-မန်းအစပ်မှာရှိတဲ့ ဝက်ဝံဂိတ်ကနေ သွားလာခွင့် ကန့်သတ်ထားပြီး အဆင်းကားတွေကိုတော့ ခွင့်ပြုပေးထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က နောင်ချို အပါအဝင် သူလက်လွှတ်ထားရတဲ့ မြို့အတော်များများကို ဗုံးကြဲတိုက်ခိုက်နေလို့ တချို့မြို့တွေက ဒေသခံတွေ ထပ်မံတိမ်းရှောင်နေကြပါတယ်။
စိုးသူအောင်