Home
သတင်းဓာတ်ပုံ
အကျဉ်းကျခံနေရသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင် နိုင်ငံတကာလူ့အခွင့်ရေးဆု ချီးမြှင့်ခံရ (ဓာတ်ပုံ) 
DVB
·
October 20, 2024
Photo : MUG -U Aung Myo Min
Photo : MUG -U Aung Myo Min
Photo : MUG -U Aung Myo Min
Photo : MUG -U Aung Myo Min
Photo : MUG -U Aung Myo Min
Photo : MUG -U Aung Myo Min

လူ့အခွင့်အရေးရှေ့နေ ဒေါ်ရွက်နုအောင်ကို  အောက်တိုဘာ ၁၈ ရက်က အီတလီနိုင်ငံ ရောမမြို့မှာ  Ludovic Trarieux International Human Rights Prize ဆုကို အခမ်းအနားနဲ့ ချီးမြှင့်ပေးအပ်ခဲ့တာမှာ သူ့ကိုယ်စား NUG လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက လက်ခံရယူခဲ့ပါတယ်။

နိုင်ငံရေးအကျဥ်းသားတွေအတွက် တရားရေးဆိုင်ရာ အကူအညီတွေရရှိဖို့ ကူညီဆောင်ရွက်ခဲ့တဲ့ လူ့အခွင့်အရေးရှေ့နေ  ဒေါ်ရွက်နုအောင်ကို ဥရောပအခြေစိုက် Institut des droits de l’homme des avocats européens (IDHAE) အဖွဲ့က ၂၀၂၄ ခုနှစ်အတွက် Ludovic Trarieux International Human Rights Prize ရွေးချယ်ပေးအပ်ခဲ့တာပါ။

အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံရပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံထားရတဲ့ ဒေါ်ရွက်နုအောင်ကတော့ လူကိုယ်တိုင်တက်ရောက် ဆုတက်ရောက်ယူနိုင်ခြင်းမရှိလို့ NUG ဝန်ကြီးက ကိုယ်စားတက်ရောက်ယူခဲ့တာပါ။

ဒေါ်ရွက်နုအောင်ဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားစီရင်မှုကို ကြိုးပမ်းတွန်းလှန်ခဲ့တဲ့ လူ့အခွင့်အရေးရှေ့နေတယောက်ဖြစ်တယ်၊ လက်နက်ကိုင်ပြီး ရမ်းကားနေတဲ့ အကြမ်းဖက်စစ်အုပ်စုအပေါ်  မှန်ကန်တဲ့ တရားဥပဒေကို ကိုင်စွဲပြီး တွန်းလှန်ခဲ့သူဖြစ်တယ်၊ သူ့ကို မတရားအပြစ်ပေးတာဟာ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ အမှန်တရားနဲ့ တရားမျှတမှုကို ဘယ်လောက်ထိ ကြောက်ရွံ့နေသလဲဆိုတာ သက်သေပြနေတာပဲဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက မတရားဖမ်းဆီး အပြစ်ပေးမယ်ဆိုတာ သိပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ တရားရေးဆိုင်ရာ အခွင့်အရေးရရှိရေးကို သတ္တိရှိရှိကူညီဆောင်ရွက်ပေးတဲ့ ဒေါ်ရွက်နုအောင်ဟာ ဟာ ဒီလူ့အခွင့်အရေးဆုနဲ့ ထိုက်တန်သူတယောက်ဖြစ်တယ်လို့ NUG ဝန်ကြီး ဦးအောင်မျိုးမင်းက သူ့ရဲ့ လူမှုကွန်ရက်မှာရေးထားပါတယ်။

“သူမ ပြောခဲ့ဖူးတဲ့စကားတစ်ခု ရှိပါတယ် “ကြားနာမှုမရှိဘဲ ဘယ်သူမှ စီရင်ပိုင်ခွင့်မရှိဘူး” ဆိုတဲ့ စကားပါပဲ။ ဒီစကားအတိုင်းပဲ မတရား ဖမ်းဆီးခံခဲ့ရသူတွေ တရားရေးဆိုင်ရာ အခွင့်အရေးရဖို့ တက်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ သူမကိုယ်တိုင်သာ ဒီအခမ်းအနား တက်ရောက်ပြီး စကားပြောကြားခွင့် ရရှိခဲ့မယ်ဆိုရင် ဒီဆုဟာ သူမထက် မြန်မာပြည်သူတွေရဲ့ဆုလို့ ပြောမယ်ထင်တယ်။ မြန်မာနိုင်ငံနဲ့ ပြည်သူတွေအပေါ် နိုင်ငံတကာက အရေးစိုက်မှု အထူးလိုအပ်နေတဲ့ အခုလို အခြေအနေ ကာလဆိုးအတွင်းမှာ အသိအမှတ်ပြုဆုပေးတဲ့အတွက်ကြောင့် ကျေးဇူးတင်ကြောင်း ပြောပါလိမ့်မယ်။ သူမလိုပဲ အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ကြံ့ကြံ့ခံပြီး ထောင်အသီးသီးမှာ ဖမ်းဆီးချုပ်နှောင်ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း ၂၀၀၀၀ ကျော်ရဲ့ ဆိုးဝါးလှတဲ့ နှိပ်စက် ဖိနှိပ်ခံရတာတွေကို တင်ပြပါလိမ့်မယ်။ တော်လှန်ရေးမှာ ကဏ္ဍအသီးသီးက ပါဝင်နေကြတဲ့ အမျိုးသမီးတွေရဲ့ ခွန်အား၊ သတ္တိတွေကို ဂုဏ်ယူစွာ ပြောပြပါလိမ့်မယ်။”

ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ လွပ်လပ်မှုနဲ့ တရားမျှတမှုတွေ ပြန်လည်ဖော်ဆောင်နိုင်တဲ့နေ့ကျရင် ဒီဆုရဲ့ ပိုင်ရှင်အစစ်အမှန်ဖြစ်တဲ့ ဒေါ်ရွက်နုအောင်ရဲ့ လက်ထဲကို ကိုယ်တိုင်လွှဲပြောင်းပေးအပ်နိုင်မယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်လို့လည်း ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ဟာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေခဲ့သူ ဖြစ်ပါတယ်။

ဒေါ်ရွက်နုအောင်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီ ၂၇ ရက်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပြီး ဒီနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုကာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှာ ထောင်ဒဏ် ၁၅  နှစ် ချမှတ်ပြီး မန္တလေး အိုးဘိုထောင်မှာ အကျဉ်းချထားတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013