အောက်တိုဘာလ ရောက်ပြီဆိုရင် ကျနော်တို့နေထိုင်ရာ ကမ္ဘာကြီးကို ပုံဖော်ခဲ့တဲ့၊ ကမ္ဘာတုန်ဟီးစေတဲ့ တွေ့ရှိမှုတွေ၊ ဖန်တီးမှုတွေ၊ လှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့တဲ့ သူမတူတဲ့ ပုဂ္ဂိုလ်တွေကို ဂုဏ်ပြုတဲ့ နိုဘယ်ဆုတွေကို ထုတ်ပြန်ကြေညာလေ့ရှိပါတယ်။
လူသားဇီဝဗေဒရဲ့ အံဘနန်း ဆန်းကျယ်မှုတွေကနေ အသိဉာဏ်တု နည်းပညာရဲ့ အနာဂတ်အထိ၊ ပျက်စီးလွယ်တဲ့ လူသားရဲ့ဖြစ်တည်မှုအကြောင်း ဖွဲ့ဆိုမှုတွေကနေ ကြောက်မက်ဖွယ် အဖြစ်ဆိုးကြီးမှာ ရှင်ကျန်ခဲ့ပြီး နောင်ထပ်ဖြစ်မလာအောင် ကြိုးပမ်းနေကြသူတွေအထိ နိုဘယ်ဆု ချီးမြှင့်ခံရသူတွေဟာ ကျနော်တို့ရဲ့ စူးစမ်းချင်စိတ်နဲ့ မဆုတ်မနစ် အားထုတ်မှုက ဖြစ်ပေါ်လာတဲ့ တိုးတက်ပြောင်းလဲမှုတွေအကြောင်း၊ ထပ်ကျော့မဖြစ်စေချင်တဲ့ သမိုင်းသင်ခန်းစာတွေအကြောင်း အမြဲသတိပေးနေမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီတပတ်မှာ ၂၀၂၄ ခုနှစ်အတွက် နိုဘယ်ဆုရှင်တွေအကြောင်း စုစည်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။
အခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကိုတော့ ထူးထူးခြားခြား ဟိဘာကူရှာလို့ ခေါ်ကြတဲ့ အဏုမြူဗုံးဒဏ်က ရှင်ကျန်သူတွေနဲ့ စုဖွဲ့ထားတဲ့ နီဟွန်း ဟီဒန်ကျို အဖွဲ့ကို ချီးမြှင့်ခဲ့ပါတယ်။
၁၉၅၆ ခုနှစ်ကစပြီး ဒီအဖွဲ့ဟာ နျူးကလီးယားစစ်ပွဲရဲ့ ကြောက်မက်ဖွယ်ရာ သက်ရောက်မှုတွေကို သက်သေခံခဲ့ကြသူတွေ ဖြစ်သလို ဟီရိုရှီးမားနဲ့ နာဂါဆာကီ ပျက်စီးမှုကို ကမ္ဘာကြီးက ဘယ်တော့မှမမေ့အောင် ကြိုးပမ်းကြသူတွေ ဖြစ်ပါတယ်။
အဏုမြူဗုံးသင့် ရှင်ကျန်သူ တာရုကို ယာဟာတာက “လက်ရှိ ကမ္ဘာ့အခြေအနေကို ကြည့်ရင်၊ နျူးကလီးယားလက်နက် ခြိမ်းခြောက်မှုဟာ တကမ္ဘာလုံးနဲ့ ဆိုင်နေပါတယ်။ နျူးကလီးယားလက်နက်တွေ သုံးမှာကို ကျမ အမြဲစိုးရိမ်မိပါတယ်။ ဒါဟာ တကယ့်ဘေးဆိုးကြီး ဖြစ်လာမှာပါ။ အခု ငြိမ်းချမ်းရေးနိုဘယ်ဆုကြောင့် ဒီကိစ္စကို ကမ္ဘာတလွှားက ပြည်သူအများအပြား အာရုံစိုက်လာမိစေဖို့ မျှော်လင့်မိပါတယ်” လို့ ပြောပါတယ်။
နိုဘယ်ကော်မတီ သဘာပတိ၊ ယော်ဂန် ဝက်တ်နီ ဖရီဒ်နက်စ်က “နော်ဝေနိုဘယ်ကော်မတီဟာ ၂၀၂၄ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဂျပန်အဖွဲ့အစည်း Nihon Hidankyo (နီဟွန်း ဟီဒန်ကျို) ကို ချီးမြှင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဟီဘာကူရှာလို့လည်း ထင်ရှားတဲ့ ဟီရိုရှီးမားနဲ့ နာဂါဆာကီက အဏုမြူဗုံးသင့် ရှင်ကျန်သူတွေရဲ့ အောက်ခြေလှုပ်ရှားမှုအဖွဲ့ဟာ နျူးကလီးယားလက်နက် ကင်းစင်တဲ့ ကမ္ဘာတခုဖြစ်ဖို့ အားထုတ်မှုနဲ့ နျူးကလီးယားလက်နက်ကို ဘယ်တော့မှ မသုံးသင့်ဘူးဆိုတာ မျက်မြင်သက်သေခံဖော်ပြမှုအတွက် ငြိမ်းချမ်းရေးဆုကို လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဟီဘာကူရှာအဖွဲ့ဟာ ဖော်ပြလို့မရနိုင်တာကို ဖော်ပြဖို့၊ တွေးလို့မရနိုင်တာကို တွေးဖို့၊ နျူးကလီးယားလက်နက်ကြောင့် ဖြစ်ပွားတဲ့ နားလည်ဖို့မဖြစ်နိုင်တဲ့ နာကျင်မှုနဲ့ ခံစားမှုတွေကို ဖမ်းဆုပ်နိုင်ဖို့ ကျနော်တို့ကို ကူညီပေးခဲ့ပါတယ်။ အနှစ် ၈၀ နီးပါးအတွင်း စစ်ပွဲမှာ ဘယ်နျူးကလီးယားလက်နက်မှ အသုံးပြုခဲ့ခြင်းမရှိဘူးဆိုတဲ့ စိတ်အားတက်ကြွစရာ အချက်တချက်ကိုတော့ နော်ဝေနိုဘယ်ကော်မတီဟာ အသိအမှတ်ပြုဖို့ ဆန္ဒရှိပါတယ်။
နိုဘယ်ကော်မတီ သဘာပတိ၊ ယော်ဂန် ဝက်တ်နီ ဖရီဒ်နက်စ်က “နီဟွန်း ဟီဒန်ကျိုနဲ့ တခြား ဟီဘာကူရှာ ကိုယ်စားလှယ်တွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့် နျူးကလီးယားဆိုတာ ရှောင်ကြဉ်အပ်တဲ့အရာ ဆိုတာမျိုး ဖြစ်လာခဲ့တာပါ။ ဒီကနေ့ခေတ်မှာ နျူးကလီးယားလက်နက် အသုံးပြုမှုဟာ ရှောင်ကြဉ်အပ်တဲ့အရာဆိုတဲ့ အယူအဆအပေါ် ဖိအားများလာပါပြီ။ နျူးကလီးယား အင်အားကြီးတွေဟာ သူတို့ရဲ့လက်နက်တွေကို ခေတ်မီအောင်လုပ်ပြီး အဆင့်မြှင့်လာကြပါပြီ။ နောက်ထပ်နိုင်ငံသစ်တွေကလည်း နျူးကလီးယားလက်နက်ရဖို့ ပြင်ဆင်လာကြသလို ဖြစ်ဆဲစစ်ပွဲတွေမှာ နျူးကလီးယားလက်နက် သုံးမယ်လို့ ခြိမ်းခြောက်မှုတွေလည်း ရှိလာပါတယ်” လို့ ပြောပါတယ်။
“လူ့သမိုင်းမှာ နျူးကလီးယားလက်နက်ဆိုတာ ဘယ်လိုမျိုးလဲ၊ ကမ္ဘာကြီးက မြင်တွေ့ခဲ့ရသမျှထဲမှာ အပျက်အစီးအကြီးဆုံး လက်နက်ဆိုတာ ကျနော်တို့ကိုယ်ကို ပြန်သတိပေးသင့်တဲ့ အခိုက်ကာလကို ရောက်ရှိနေပါပြီ။ အမေရိကန် အဏုမြူဗုံးနှစ်လုံးက ဟီရိုရှီးမားနဲ့ နာဂါဆာကီ ဒေသခံ ခန့်မှန်းခြေ ၁၂၀,၀၀၀ လောက်ကို သတ်ဖြတ်ခဲ့တာ နောင်နှစ်ဆိုရင် အနှစ် ၈၀ ပြည့်ပြီ ဖြစ်ပါတယ်။ အဲဒီနောက် လပေါင်းများစွာ နှစ်ပေါင်းများစွာ ကြာအောင် လောင်ကျွမ်းမှုနဲ့ ရေဒီယိုသတ္တိကြွဒဏ်ရာတွေကြောင့် သေဆုံးသူ အမြောက်အမြားလည်း ရှိခဲ့ပါတယ်။ ဒီကနေ့ နျူးကလီးယားလက်နက်တွေဟာ ပိုပြီး ဖျက်အားပြင်းတဲ့ စွမ်းပကား ရှိနေပါတယ်။ ဒီလက်နက်တွေဟာ လူသန်းချီ သတ်ဖြတ်နိုင်ပြီး ရာသီဥတုကိုပါ ကပ်ဘေးဆိုက်လောက်အောင် သက်ရောက်စေနိုင်ပါတယ်။ နျူးကလီးယားစစ်ပွဲ တပွဲဟာ လူသားမျိုးနွယ်ကို ဖျက်ဆီးပစ်နိုင်ပါတယ်။ ကမ္ဘာတလွှားက သာမန်ပြည်သူတွေ၊ အထူးအားဖြင့်တော့ နိုင်ငံရေးခေါင်းဆောင်တွေ အနေနဲ့ ၁၉၄၅ အဏုမြူဗုံး တိုက်ခိုက်မှုတွေကနေ အသက်ရှင်ကျန်ရစ်သူတွေ၊ ဟီဘာကူရှာ တွေရဲ့ နာကျင်စရာ ဒရာမာဆန်တဲ့ စတိုရီတွေကို အချိန်ယူ နားထောင်မယ်လို့ မျှော်လင့်ပါတယ်၊ အဲဒါမှသာ ကမ္ဘာ့ဘယ်နေရာမှာမှ ဒီလက်နက်တွေကို ထပ်မသုံးသင့်ဘူးဆိုတာ ကျနော်တို့ကိုယ်ကို ပြန်သတိပေးမိမှာဖြစ်ပါတယ်” လို့ နိုဘယ်ကော်မတီ သဘာပတိ၊ ယော်ဂန် ဝက်တ်နီ ဖရီဒ်နက်စ်က ဆက်ပြောပါတယ်။
စာပေဆိုင်ရာ နိုဘယ်ဆုကိုတော့ တောင်ကိုရီးယား စာရေးဆရာမ ဟန်ကန်းဟာ သမိုင်းကြောင်းဆိုင်ရာ စိတ်ဒဏ်ရာတွေကို ရင်ဆိုင်ပြီး လူသားဘဝရဲ့ ကျိုးပျက်လွယ်မှုကို ဖော်ကျူးတဲ့ အားကောင်းပြင်းထန်တဲ့ ကဗျာဆန်တဲ့ စကားပြေ အရေးအသားအတွက် ချီးမြှင့်ခံခဲ့ရပါတယ်။
လူမှုအသိုင်းအဝိုင်းရဲ့ မျှော်လင့်ချက်တွေကို တော်လှန်တဲ့ အမျိုးသမီးတယောက်အကြောင်း ဖွဲ့နွဲ့ထားတဲ့ “The Vegetarian” (သယ်-ဗက်ဂျီတေးရီးယန်း) ဝတ္ထုနဲ့ နိုင်ငံတကာမှာ ထင်ရှားတဲ့ စာရေးဆရာမ ဖြစ်ပါတယ်။ သူ့ဇာတ်ကောင်တွေကတဆင့် အကြမ်းဖက်မှုတွေ၊ ပူဆွေးသောကတွေ၊ လူသားဘဝရဲ့ ပျက်စီးလွယ်မှုတွေကို ဖော်ကျူးခဲ့သူဖြစ်ပါတယ်။
လူသားအခြေအနေနဲ့ ပတ်သက်ပြီး နက်ရှိုင်းပြီး ခံစားချက်ပြင်းထန်တဲ့ ကဗျာဆန်တဲ့ စာစုတွေ ဖွဲ့သီနိုင်စွမ်းကြောင့် ဟန်ကန်းဟာ ခေတ်ပြိုင်စာပေနယ်မှာ ထင်ရှားလာခဲ့ပါတယ်။ သူ့ရဲ့ လက်ရာတွေဟာ အတိတ်ကို ရင်ဆိုင်ရဲတတ်စေဖို့နဲ့ ကျမတို့ကိုယ်ပိုင် ထိရှိမှုတွေကို ခံစားရဲစေဖို့ ကူညီပေးတယ်လို့ ဆုရွေးချယ်ရေးကော်မတီက သုံးသပ်ပါတယ်။
ဒီနှစ်အတွက် ဇီဝကမ္မဗေဒ သို့မဟုတ် ဆေးပညာဆိုင်ရာ နိုဘယ်ဆုကိုတော့ အမေရိကန်သိပ္ပံပညာရှင်နှစ်ဦးဖြစ်တဲ့ ဗစ်တာအမ်ဘရော့စ်နဲ့ ဂယ်ရီရက်ဗ်ကန်တို့က ဆယ်လ်တခုထက်ပိုတဲ့ သက်ရှိတွေ ရှင်သန်ကြီးထွားမှုမှာ microRNA ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍအကြောင်း လေ့လာမှုအတွက် ဆွတ်ခူးသွားခဲ့ကြပါတယ်။ ဒီသေးငယ်လှတဲ့ မျိုးဗီဇကြိုးမျှင်လေးတွေဟာ သက်ရှိရုပ်ရဲ့ ဆင့်ကဲပြောင်းလဲပုံနဲ့ အလုပ်လုပ်ပုံကို နားလည်ဖို့အတွက် အဓိကသော့ချက် ဖြစ်ခဲ့ပါတယ်။
ခန္ဓာကိုယ်ထဲက ဆဲလ်တိုင်းမှာ တူညီတဲ့ ဒီအင်န်အေပဲ ပါဝင်နေပါတယ်။ ဒီလိုဆိုရင် အာရုံကြောဆဲလ်တခုဟာ နှလုံးဆဲလ်တခု၊ အသည်းဆဲလ်တခုနဲ့ ဘယ်လိုများ ကွဲပြားခြားနားလာခဲ့သလဲ၊ ဒီလိုကွဲပြားရတာဟာ မျိုးဗီဇဖော်ပြချက်ကြောင့်လို့ ဆိုပါတယ်။ အမ်ဘရော့စ်နဲ့ ရက်ဗ်ကန်ဟာ microRNA က မျိုးဗီဇကို ဘယ်လိုထိန်းချုပ်သလဲ၊ ဗျိုးဗီဇ ကုတ်တွေရဲ့ မတူညီတဲ့ အစိတ်အပိုင်းတွေကို ဘယ်လို၊ ဘယ်အချိန်မှာ အသက်သွင်းသလဲ ဆိုတာကို တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။
သူတို့ရဲ့ သုတေသနမှာ သေးငယ်တဲ့ သံလုံးကောင်ကို လေ့လာခဲ့ကြပြီး microRNA ဟာ အချို့သော မျိုးဗီဇတွေရဲ့ ဖော်ပြမှုကို ဟန့်တားပြီး မတူညီတဲ့ ဆဲလ်တွေဟာ မတူညီတဲ့ လုပ်ဆောင်ချက်တွေ လုပ်ဆောင်နိုင်အောင် ခွင့်ပြုပေးတယ်ဆိုတာ တွေ့ရှိခဲ့ကြပါတယ်။ သူတို့ရဲ့ တွေ့ရှိမှုဟာ လူသားဖွံ့ဖြိုးမှုကနေ ကင်ဆာလို ရောဂါတွေရဲ့ အကြောင်းတရားအထိ ဇီဝဗေဒကို နားလည်ထားမှုကိုပါ တော်လှန်ပစ်ခဲ့ပါတယ်။ လူသားတွေရဲ့ လူ့ဘဝအပေါ် နားလည်မှု အဆင့်ပိုမြင့်လာစေခဲ့တဲ့အတွက် ဂုဏ်ပြုတဲ့အနေနဲ့ သူတို့နှစ်ဦးကို ဇီဝကမ္မဗေဒ သို့မဟုတ် ဆေးပညာနိုဘယ်ဆု ချီးမြှင့်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
ဆေးပညာနိုဘယ်ဆုရှင် ဂယ်ရီ ရက်ဗ်ကန်က “ဆန်ခါတင်စာရင်းမှာပါတယ် ဆိုတာလည်း သိတယ်ဗျာ၊ အဲဒီလိုပါတာလည်း အနှစ် ၂၀ လောက်ရှိပြီ၊ အချိန်တခုမှာ ဖြစ်မလာတော့လည်း ဖြစ်လာနိုင်ခြေကို မရှိတော့ဘူး ထင်ရတာပေါ့၊ အရွေးမခံရတဲ့ တကယ့်သိပ္ပံပညာရှင်ကြီးတွေလည်း ရှိခဲ့တာကိုး။ မသိနိုင်ဘူးလေ၊ ကျနော်လည်း ဒီတနှစ် မျှော်လင့်ထားသလားဆိုရင်၊ နိုးလို့ပဲ ဖြေရမှာပါ။ ဒါပေမဲ့ ချစ်စရာကောင်းတဲ့ကိစ္စပါ၊ ဒါက အကုန်ပြောင်းလဲသွားစေတယ်လေ။ နိုဘယ်ဆုဆိုတာက တခြားဆုတွေအားလုံးနဲ့ယှဉ်ရင် တော်တော်မတူဘူးဗျ၊ ခင်ဗျားသိတဲ့အတိုင်းပဲ တခြားဆုတွေဆိုရင် ဘယ်ဓာတ်ပုံဆရာမှတောင် လာတာမဟုတ်ပါဘူး။ အဲဒီလိုမျိုးဗျာ။ မတူဘူးဗျ၊ နှစ်ရာနဲ့ချီတဲ့ သမိုင်းလည်း ရှိနေတယ်ဆိုတော့” လို့ ပြောပါတယ်။
၂၀၂၄ ရဲ့ ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကိုတော့ အခုနာမည်ကြီးတဲ့ အသိဉာဏ်တု (AI) နည်းပညာဆိုင်ရာ လေ့လာမှုတွေအတွက် ဂျော်ဖရီဟင်တန်နဲ့ ဂျွန်ဟုပ်ဖီးဒ်တို့ကို ချီးမြှင့်ခဲ့ပါတယ်။ “AI ရဲ့ ခေါင်းကိုင်ဖခင်ကြီး” လို့ တင်စားကြတဲ့ ဟင်တန်ဟာ ဦးနှောက်ရဲ့ သင်ယူနိုင်စွမ်းကို အတုခိုးတဲ့ နည်းပညာဖြစ်တဲ့ neural networks တွေ ဖန်တီးနိုင်ဖို့ ကူညီပေးခဲ့သူ ဖြစ်ပါတယ်။
အင်တာနက် အချက်အလက်ရှာဖွေမှုကနေ ကျနော်တို့ရဲ့ နေ့စဉ်သုံးနည်းပညာပစ္စည်းတွေအထိ သက်ရောက်မှုရှိလာတဲ့ AI ဟာ ကျနော်တို့ကမ္ဘာကို ပြောင်းလဲနေပါတယ်။ ကွန်ပျူတာတွေဟာ လူသားတွေလို အချက်အလက်ကို ကိုင်တွယ်ဆင်ခြင်နိုင်စေတဲ့ deep learning နဲ့ပတ်သက်တဲ့ ဟင်တန်ရဲ့ ဆောင်ရွက်ချက်တွေဟာ ထင်ရှားပါတယ်။ ဒီအောင်မြင်မှုကြောင့် ChatGPT လို AI စနစ်တွေ ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး နည်းပညာနဲ့ ကျနော်တို့ ထိတွေ့မှုကို ပြောင်းလဲပစ်စေခဲ့တာ ဖြစ်ပါတယ်။
မပြည့်စုံတဲ့ ဒေတာတွေကနေ အချက်အလက်ကို ပြန်တည်ဆောက်ဖို့အတွက် AI အတွက် အုတ်မြစ်ချပေးခဲ့တဲ့ pattern recognition ဆိုင်ရာ လေ့လာမှုအတွက် ဂျွန်ဟော့ဖ်ဖီးလ်ဒ်ကိုပါ ပူးတွဲချီးမြှင့်တာ ဖြစ်ပါတယ်။ ဒီနှစ်ဦးရဲ့ တွေ့ရှိမှုတွေဟာ ဆေးပညာနယ်ပယ်ကနေ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သိပ္ပံပညာအထိ လုပ်ငန်းနယ်ပယ်ကြီးတွေကို ပြောင်းလဲသွားစေခဲ့ပါတယ်။
ဒါပေမဲ့လည်း AI နည်းပညာ တိုးတက်လာချိန်မှာ အန္တရာယ်တွေလည်း ရှိလာနိုင်တယ်လို့ AI ခေါင်းကိုင်ဖခင်ကြီး ဟင်တန်က သတိပေးထားပါတယ်။
ရူပဗေဒနိုဘယ်ဆုရှင် ဂျော်ဖရီဟင်တန်က “AI ဟာ ဧရာမ အကျိုးကျေးဇူးတွေ ရစေမယ်၊ ကုန်ထုတ်လုပ်မှုကို ကြီးကြီးမားမား မြင့်တက်သွားစေမယ်၊ လူတိုင်းအတွက် ပိုကောင်းတဲ့ ဘဝတခုဆီကို ဦးတည်သွားစေမယ်လို့ မျှော်လင့်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုပိုင်းမှာ အဲဒီလိုဖြစ်မယ်လို့ ကျနော် ဘဝင်ကျပါတယ်။ မကောင်းတဲ့အရာတွေကို ဦးတည်သွားမှာကိုတော့ စိတ်ပူမိတယ်။ အထူးသဖြင့် ကျနော်တို့ထက် ဉာဏ်ရည်မြင့်တဲ့အရာတွေ ရလာတဲ့အခါမှာပေါ့။ အဲဒီလိုဟာတွေကို ကျနော်တို့ ထိန်းချုပ်နိုင်စွမ်းရှိ၊ မရှိဆိုတာ ဘယ်သူမှ တကယ်မသိပါဘူး” လို့ ပြောပါတယ်။
ဒီနှစ်အတွက် ဓာတုဗေဒ နိုဘယ်ဆုကိုတော့ ဗြိတိန်ပညာရှင် ဒဲမစ်ဟာဆာဘစ်နဲ့ အမေရိကန် ပညာရှင် ဂျွန် အမ်၊ ဂျမ်ပါ၊ ဒေးဗစ်ဘေကာတို့ကို ပရိုတိန်းဖွဲ့စည်းပုံတွေနဲ့ ပတ်သက်တဲ့ တော်လှန်ပြောင်းလဲတဲ့ လေ့လာမှုတွေအတွက် ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ အသက်ဇီဝကို တည်ဆောက်ထားတဲ့ ဘလောက်တုံးတွေလို့ ဆိုနိုင်တဲ့ ပရိုတိန်းတွေဟာ လူသားခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်တိုင်းမှာ မရှိမဖြစ် အရေးပါပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ရှုပ်ထွေးတဲ့ တည်ဆောက်ပုံတွေက သိပ္ပံပညာရှင်တွေအတွက် နှစ်ပေါင်းများစွာ ပဟေဠိ ဖြစ်စေခဲ့ပါတယ်။
အမိုင်နိုအက်ဆစ် ဆီးကွန့်တွေကနေ ပရိုတိန်းတွေရဲ့ သရီးဒီဖွဲ့စည်းပုံတွေကို ခန့်မှန်းဖို့ ကိရိယာဖြစ်တဲ့ AlphaFold2 ကို ဖန်တီးဖို့ ဒဲမစ်ဟာဆာဘစ်နဲ့ ဂျမ်ပါတို့ဟာ အသိဉာဏ်တု နည်းပညာကို အသုံးချခဲ့ကြပါတယ်။ သူတို့ရဲ့ ဒီအောင်မြင်မှုဟာ ဆေးပညာ၊ ဇီဝနည်းပညာနဲ့ တခြားနယ်ပယ်တွေမှာ ပရိုတိန်းနဲ့ ပတ်သက်ပြီး နားလည်မှု၊ ခြယ်လှယ်စီမံမှု၊ အသုံးချမှုပိုင်းမှာ တခေတ်ဆန်းစေခဲ့ပါတယ်။
အခုအခါမှာ AlphaFold2 ကို သိရှိပြီး ပရိုတိန်းအားလုံးရဲ့ ဖွဲ့စည်းပုံကို နားလည်ဖို့ သုံးစွဲနေကြပြီး ဆေးဝါးသစ်တွေ့ရှိမှု၊ ပဋိဇီဝဆေးဒဏ်ခံပြဿနာကို ကိုင်တွယ်မှုကနေ ပလတ်စတစ်ကို ခွဲထုတ်နိုင်တဲ့ အင်ဇိုင်းမ်တွေ ဖန်တီးတာအထိ တီထွင်ဆန်းသစ်မှု အမျိုးမျိုးမှာ မြေပုံတချပ်လို အသုံးချနေကြပါတယ်။ AI အကူအညီနဲ့ ဆေးပညာရဲ့ အနာဂတ်ဟာ ပိုရှင်းလင်းလာစေခဲ့ပါတယ်။
တဖက်မှာလည်း ဒေးဗစ်ဘေကာကို ပရိုတိန်းအသစ်တွေ ဒီဇိုင်းရေးဆွဲရာမှာ ရှေ့ဆောင်ဖြစ်တဲ့ သုတေသနအတွက် ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ဒီလေ့လာမှုဟာ ရောဂါတွေအတွက် ကုသမှုအသစ်တွေ၊ ရေရှည်ဖြေရှင်းနည်းတွေ ပေါ်ပေါက်စေဖို့ လမ်းဖွင့်ပေးခဲ့ပါတယ်။ သူ့ရဲ့လေ့လာမှုဟာ လူကဖန်တီးတဲ့ ဇီဝဗေဒ (synthetic biology) မှာ နယ်မြေသစ်တခု ဖန်တီးပေးခဲ့ပါတယ်။
ဘောဂဗေဒနိုဘယ်ဆုကိုတော့ ဆိုင်မွန်ဂျွန်ဆင်၊ ဒါရန် အဆာမာဂလူနဲ့ ဂျိမ်းစ်ရော်ဘင်ဆင်တို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲချမ်းသာကွာဟမှု၊ ကိုလိုနီဝါဒရဲ့ စီးပွားရေးအကျိုးဆက်တွေနဲ့ ပတ်သက်တဲ့ လေ့လာမှုအတွက် ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ သမိုင်းက ပုံဖော်ပေးတဲ့ အင်စတီကျူးရှင်းတွေဟာ ဒီကနေ့ကမ္ဘာရဲ့ ချမ်းသာဝပြောမှုအပေါ် ဘယ်လို သက်ရောက်မှု ရှိသလဲဆိုတာ လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။
မျက်မှောက်ခေတ် အင်စတီကျူးရှင်းတွေနဲ့ ပတ်သက်ပြီး ယုံကြည်မှုရှိမရှိဆိုတဲ့ မေးခွန်းကိုတော့ နိုဘယ်ဆုရှင် အဆာမာဂလူက အခုလို ဖြေကြားခဲ့ပါတယ်။
ဘောဂဗေဒနိုဗယ်ဆုရှင် ဒါရန်အဆာမာဂလူက “ကျနော့်အနေနဲ့တော့ ယုံကြည်မှု မရှိသလောက်ပါပဲ။ ဆိုလိုတာက အချက်အလက်တွေကို သေချာကြည့်မယ်ဆိုရင် ကျနော် အဲဒါနဲ့ပတ်သက်လို့လည်း ရေးထားပါတယ်။ ဒီမိုကရေစီအပေါ် ထောက်ခံမှုဟာ သမိုင်းတလျှောက် အနိမ့်ဆုံး ရောက်နေပါတယ်။ အထူးသဖြင့် အမေရိကန်မှာပေါ့။ ပြီးတော့ ဂရိမှာ ယူကေမှာ ပြင်သစ်မှာရောပဲ။ ဒါဟာ ဒီမိုကရေစီနဲ့ပတ်သက်ပြီး လူတွေ ဘယ်လောက်စိတ်ပျက်လာကြသလဲဆိုတဲ့ လက္ခဏာပဲလို့ ကျနော်ထင်တယ်။ ဒီမိုကရေစီဟာ ကတိပေးထားသလို လုပ်မပေးနိုင်ဘူးလို့ သူတို့ထင်လာကြပြီလေ။ ကတိအတိုင်း လုပ်ဖို့ဆိုတာ အရေးကြီးတယ်လို့တော့ ကျနော်ထင်ပါတယ်” လို့ ပြောပါတယ်။
ကိုလိုနီခေတ်အလွန်မှာ သယံဇာတတူးဖော်ရေး အင်စတီကျူးရှင်းတွေကိုပဲ အာရုံစိုက်ခဲ့တဲ့ နိုင်ငံတွေက ဆင်းရဲသွားကြပြီး အားလုံးပါဝင်နိုင်တဲ့ စနစ်တွေ တည်ဆောက်ခဲ့ကြတဲ့ နိုင်ငံတွေက ချမ်းသာလာကြတယ်ဆိုတဲ့ အချက်ကို ဖော်ထုတ်တင်ပြနိုင်ခဲ့ပါတယ်။ ကမ္ဘာကြီးမှာ ဆင်းရဲချမ်းသာ မညီမျှမှု ဘာကြောင့် ဒီကနေ့အထိ ရှိနေရသလဲဆိုတဲ့ အချက်ကို နားလည်ဖို့ အသေးစိတ် ပုံစံဆွဲပြနိုင်ခဲ့သလို သမိုင်းဟာ နိုင်ငံတွေရဲ့ စီးပွားရေးအနာဂတ်ကို ဘယ်လို ပုံဖော်သလဲဆိုတာ နားလည်အောင်လည်း ရှင်းပြနိုင်ခဲ့ပါတယ်။
သူတို့ရဲ့လေ့လာမှုတွေဟာ ဆင်းရဲချမ်းသာကွာဟမှုရဲ့ ဇာစ်မြစ်ကို မူဝါဒချမှတ်သူတွေ နားလည်လာအောင်၊ ပိုပြီး သာတူညီမျှဖြစ်တဲ့ ကမ္ဘာဖြစ်အောင် တည်ဆောက်နိုင်ရေး လမ်းပွင့်လာအောင် အခုချိန်အထိ ကူညီပေးနေဆဲ ဖြစ်ပါတယ်။
အသေးဆုံးမျိုးဗီဇအမျှင်လေးကနေ အသိဉာဏ်တုနည်းပညာရဲ့ ကျယ်ပြန့်တဲ့ စွမ်းဆောင်ရည်အထိ၊ ငြိမ်းချမ်းရေးနဲ့ နျူကင်းစင်တဲ့ ကမ္ဘာကြီးဖြစ်ဖို့ တကယ်ခံခဲ့ရသူတွေရဲ့ တောင်းဆိုမှုအထိ၊ ၂၀၂၄ နိုဘယ်ဆုရှင်တွေဟာ ကျနော်တို့ မျက်မှောက်ကမ္ဘာရဲ့ တီထွင်ဆန်းသစ်မှုတွေ၊ အမှန်တရားအတွက် ရူးသွပ်မှုတွေ၊ ရှေ့ဆက်ဖို့ တွန်းအားတွေကို ကိုယ်စားပြုနေပါတယ်။ လူသားမျိုးနွယ်ရဲ့ အကောင်းဆုံးတွေကို ဂုဏ်ပြုတဲ့ နိုဘယ်ဆုတွေဟာ ကြီးမြတ်မှုနောက်ကို လိုက်ကြဖို့ နောက်မျိုးဆက်ကိုပါ စေ့ဆော်ပေးနေပါတယ်။
စိုင်းခေတ်နွေ
Source/ Photo: Reuters