သီတင်းကျွတ်ကာလအတွင်း စျေးကွက်ဝင် မုန့်မျိုးစုံကန်တော့ခြင်းတွေ စျေးနှုန်း မြင့်တက်တာကြောင့် အရင်နှစ်တွေလောက် အရောင်းမသွက်ဘူးလို့ အရောင်းဆိုင်တချို့ဆီက သိရပါတယ်။
ကန်တော့ခြင်းတွေအနေနဲ့ ပါဝင်တဲ့ မုန့်အမျိုးအစားနဲ့ အရေအတွက်ပေါ် မူတည်ပြီး အနည်းဆုံး ကျပ် ၂၀,၀၀၀ ကနေ ကျပ် ၁ သိန်းကျော်အထိရှိပြီး တန်ဖိုးမြင့်ခြင်းတွေက အရောင်းပါးတယ်လို့ အရောင်းဆိုင်တွေက ပြောပါတယ်။
မုန့်၊ အချိုရည်နဲ့ ကော်ဖီမစ်ထုပ်တွေရဲ့စျေးမှာ မြင့်တက်နေတာကြောင့် ဝယ်ယူသူတွေ အနေနဲ့လည်း ချိန်ဆဝယ်နေရတဲ့ အခြေအနေရှိတယ်လို့ အရောင်းဆိုင်ရှင်တယောက်က ဆိုပါတယ်။
“အရင်နှစ်က ၂ သောင်းလောက်ပဲရှိတဲ့ မုန့်ပုံးက အခု ၃ သောင်းခွဲလောက် ဖြစ်သွားတာ။ စျေးတွေက နှစ်ဆလောက်တက်သွားတော့ ဝယ်တဲ့သူတွေလည်း စဥ်းစားမှာပေါ့။ တန်ဖိုးအသင့်တင့် မုန့်တွေတော့ ရောင်းရတယ်။ နိုင်ငံခြားကဝင်တဲ့ မုန့်ပုံးတွေ မုန့်ခြင်းတွေကတော့ အရောင်းပါးတယ်။”
ကန်တော့ဖို့အတွက် ဝယ်တဲ့သူတွေ အနေနဲ့လည်း အများအတွက် ဝယ်ရတာဖြစ်လို့ ကုန်ကျစရိတ်မများအောင် ချင့်ချိန်ရတဲ့အခြေအနေ ရှိတယ်လို့ ကာယကံရှင်တချို့က ဆိုပါတယ်။
မင်္ဂလာဒုံမြို့နယ်မှာ နေထိုင်သူတယောက်က “နှစ်တိုင်း အစဥ်အလာအရ ကန်တော့နေကြဆိုတော့ မဝယ်မဖြစ်တော့ ဝယ်ရတာပဲလေ။ ငွေကြေးအခက်အခဲလည်း ရှိတော့ အများကြီးတော့ အကုန်ကျမခံနိုင်တော့ဘူး။ မုန့်စျေးတွေက တအားတက်နေတော့ ဝိတ်လျှော့ရတာမျိုး လုပ်ရတယ်။ အရင် လူကြီးတယောက်ကို မုန့်တထုပ်၊ ကော်ဖီမစ် တပါကင် ကန်တော့ရင် အခု မုန့်လောက်ပဲ ကန်တော့နိုင်တော့တာမျိုး” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူတွေရဲ့ဝင်ငွေကျဆင်းခဲ့ပြီး ကုန်စျေးနှုန်း မြင့်တက်ခဲ့တာကြောင့် အထွေထွေကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။