သီတင်းကျွတ်ကာလ ကန်တော့ခံ မုန့်ပုံးနှင့် လူသုံးကုန်ပစ္စည်း အများဆုံးရောင်းချရ
DVB
·
October 12, 2019
သီတင်းကျွတ်ကန်တော့ခံပစ္စည်းတွေအနေနဲ့ မုန့်ပုံးတွေနဲ့ လူသုံးကုန်ပစ္စည်းအများဆုံး ရောင်းရတယ်လို့ ဘိုကလေးဈေး ဂမုန်းပွင့်က တာဝန်ရှိသူက ပြောပါတယ်။
သီတင်းကျွတ်ပွဲတော်မှာ သက်ကြီးဝါကြီးနဲ့ မိဘဆရာသမားတွေကို ကန်တော့ခံပစ္စည်းအမျိုးမျိုးနဲ့ ကန်တော့ကြတာက မြန်မာလူမျိုးတို့ရဲ့ အစဉ်အလာတခု ဖြစ်ပါတယ်။
နှစ်စဉ်တိုင်း ကန်တော့ခံပစ္စည်း အမျိုးမျိုးကို အများပြည်သူ ဝယ်ယူတဲ့နေရာမှာ မုန့်ပုံး၊ စားသောက်ကုန်တွေနဲ့ လူသုံးကုန်အဝတ်အထည်တွေကို ဝယ်ယူသူရဲ့အကြိုက်အလိုက် အမျိုးအစားအစုံ ရောင်းနေရတယ်လို့ ဗိုလ်တထောင်မြို့နယ် ဂမုန်းပွင့်ဘိုကလေးဈေး ကုန်တိုက် တာဝန်ရှိသူ ဦးစိုးဝင်းက ပြောပါတယ်။
ဂမုန်းပွင့်ကုန်တိုက်အနေနဲ့ ၂၄ နှစ်ပြည့်မွေးနေ့ ရှိတဲ့အတွက် အောက်တိုဘာ ၁ ရက်ကနေ ၆ ရက်အထိ ၂၄ ရာခိုင်နှုန်း discount ဈေးဝယ်ယူသက်သာခွင့်နဲ့ သီတင်းကျွတ်ဈေးရောင်းပွဲအနေနဲ့ အောက်တိုဘာ ၈ ရက်ကနေ ၁၅ ရက်အထိ ၂၀ ရာခိုင်နှုန်း discount တွေ ချပေးထားတယ်လို့ ဆိုပါတယ်။
သီးတင်းကျွတ်ကာလမှာ လူကြီးသူမတွေကို လိုက်ကန်တော့ပြီး မုန့်ဖိုးရတာကအပျော်ဆုံးလို့ လူငယ်တွေက ပြောပါတယ်။
အများပြည်သူ အားလပ်ရက်ဖြစ်တဲ့ သီတင်းကျွတ်ပွဲမှာ ရောင်စုံဆီမီးထွန်းကြတာ နဲ့ သက်ကြီးဝါကြီးတွေ၊ မိဘတွေကို တပည့်၊ သားသမီးတွေက ကန်တော့ခံပစ္စည်းအမျိုးမျိုးနဲ့ ကန်တော့ကြပါတယ်။
ဒါ့အပြင် သီတင်းကျွတ် ရက်တွေဟာ ရပ်ဝေးရပ်နည်းမှာရှိတဲ့ မောင်နှမသားချင်းတွေ ပြန်လည်ဆုံကြတဲ့ စည်းစည်းလုံးလုံးရှိစေတဲ့ ပွဲတော်တခုလို့လည်း ဆိုကြပါတယ်။
မေစု