၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်တပ်အာဏာမသိမ်းခင်က ချင်းပြည်နယ်မှာ နှစ်ပေါင်းများစွာကြာအထိ လက်နက်ကိုင် ပဋိပက္ခရယ်လို့ ကြီးကြီးမားမား ဖြစ်ပွားခဲ့တာမျိုး မရှိခဲ့ပါဘူး။ အရင်အခြေအနေကို ပြန်ပြောင်း ကြည့်မယ်ဆိုရင် ချင်းအမျိုးသားတပ်ဦး(CNF) နဲ့ သူ့ရဲ့လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားတပ်မတော် (CNA) တို့ဟာ ၂၀၁၂ ခုနှစ်မှာ စစ်တပ်နဲ့ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီခဲ့ပြီးနောက်ပိုင်း ဆယ်စုနှစ်တခုကျော်ကြာအထိ အကြီးစား လက်နက်ကိုင်တိုက်ပွဲတွေမှာ ပါဝင်ပတ်သက်ခဲ့တာ မရှိဘဲ အေးရာအေးကြောင်းပဲ ဖြတ်သန်းခဲ့ပါတယ်။
ဒါပေမဲ့လည်း မြန်မာနိုင်ငံတဝန်း အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြမှုတွေကို စစ်တပ်က အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းမှုခဲ့ပြီးတဲ့နောက် ချင်းတိုင်းရင်းသား ပြည်သူတွေဟာ နိုင်ငံအနှံ့အပြားက တခြားတိုင်းရင်းသားညီအကို မောင်နှမတွေနည်းတူ စစ်တပ်ကို ခုခံတော်လှန်ဖို့ လက်နက်ကိုင်စွဲခဲ့ကြပါတယ်။ အာဏာသိမ်းမှု ၃ နှစ်ကျော်ကြာကာလကို ရောက်လာချိန်မှာတော့ အခုဆိုရင် CNA နဲ့ တခြား တော်လှန်ရေးတပ်ဖွဲ့တွေဟာ ပြည်နယ်ရဲ့ နေရာအများစုကို ထိန်းချုပ်ထားနိုင်နေပြီ ဖြစ်ပါတယ်။
တကယ်တော့ အာဏာသိမ်းမှုမတိုင်ခင်ကတည်းက ချင်းတိုင်းရင်းသား ပြည်သူတွေရဲ့ ရင်ထဲမှာ နှစ်ရှည်လများကြာ မျိုသိပ်ထားခဲ့ရတဲ့ နာကြည်းစရာတွေ ရှိနေခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ အနောက်မြောက်ဘက် အိန္ဒိယနယ်စပ်မှာ တည်ရှိပြီး တောင်တန်းတွေ ထူထပ်ပေါများရာ ချင်းပြည်နယ်ဟာ ဗဟိုအစိုးရအဆက်ဆက်ရဲ့ ခွဲခြားဆက်ဆံမှု၊ လျစ်လျူရှုမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး နိုင်ငံရဲ့ အဆင်းရဲဆုံး ပြည်နယ်တခု ဖြစ်ခဲ့ရပါတယ်။
ဒီနာကြည်းချက်တွေဟာ စစ်တပ်အာဏာသိမ်းမှု၊ စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပေါင်းစပ်သွားချိန်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လို့ခေါ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းဖို့ ချင်းလူငယ်များစွာကို တွန်းအားပေးသလို ဖြစ်စေခဲ့ပါတယ်။
လူငယ်တွေဟာ ရိုးရာအမဲလိုက် တူမီးသေနတ်နဲ့ စတင်တိုက်ပွဲဝင်ခဲ့ရာကနေ အခုအခါမှာတော့ ခေတ်မီ ချေမှုန်းရေး ရိုင်ဖယ်တွေနဲ့ တခြား ပေါ့ပါးပြီး သယ်ဆောင်ရလွယ်ကူတဲ့ သေနတ်အမျိုးအစားတွေအထိပါ အဆင့်မြှင့်တင်လာနိုင်ခဲ့ပါတယ်။ ချင်းအမျိုးသားတပ်ဦး (CNF) ကလည်း အသစ်ဖွဲ့စည်းခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို သူ့ရဲ့ Camp Victoria ဌာနချုပ်မှာ အခြေခံစစ်သင်တန်းတွေ ထောက်ပံ့ပေးခဲ့ပါတယ်။ တဆက်တည်းမှာပဲ CNF ဟာ စစ်တပ်နဲ့ အပစ်အခတ် ရပ်စဲရေးကို အဆုံးသတ်ခဲ့ပြီး အာဏာသိမ်းအလွန်မှာ ပေါ်ပေါက်လာတဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့အတူ တိုက်ပွဲဝင်ရင်း သူ့ရဲ့ စစ်ရေးအင်အားကိုလည်း စတင် ချဲ့ထွင်လာခဲ့ပါတယ်။
ထန်တလန်မြို့ဟာ ချင်းပြည်နယ်မှာ စစ်ကောင်စီ လက်အောက်ခံတပ်တွေနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ အပြင်းထန်ဆုံး ဖြစ်ပွားခဲ့ရာ နေရာတခု ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှာ CNA နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့-ထန်တလန်တို့ဟာ မြို့တွင်းမှာရှိတဲ့ စစ်ကောင်စီအခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု ကြီးမားခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုအပေါ် စစ်တပ်က လက်တုံ့ပြန်တဲ့အနေနဲ့ မြို့ထဲကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် မိန်းလမ်းမကြီးတလျောက်ရှိ အဆောက်အအုံတွေ မီးလောင် ပျက်စီးခဲ့ပြီး မြို့နေပြည်သူ လူပေါင်း ၁၀,၀၀၀ အားလုံးနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ အဲဒီနောက် စစ်တပ်က မြို့ထဲကို အခါအားလျော်စွာ ပြန်လည် ဝင်ရောက်လာခဲ့ပြီး နေအိမ်တွေ၊ စီးပွားရေး အဆောက်အအုံတွေနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေ အပါအဝင် လူသူကင်းမဲ့နေတဲ့မြို့ကို ယုတ်မာပက်စက်စွာနဲ့ တမင်သက်သက် မီးရှို့ ဖျက်ဆီးခဲ့ကြပါတယ်။
လက်နက်ကိုင်ပဋိပက္ခ ၃ နှစ်ကြာကာလရောက်ချိန်မှာ စစ်မက်ဖြစ်ပွားမှုကို ကြိုတင် တားဆီးနိုင်ဖို့နဲ့ ကမ္ဘာတဝန်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းတွေမှာ ကူညီထောက်ပံ့ပေးနေတဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ နိုင်ငံတကာပဋိပက္ခလေ့လာစောင့်ကြည့်အဖွဲ့ ( International Crisis Group) က ထန်တလန်မြို့အပါအဝင် အနီးဝန်းကျင်ဧရိယာမှာရှိတဲ့ ကျေးရွာတွေနဲ့ ထန်တလန်မြို့ခံတွေ တိမ်းရှောင်နေထိုင်ရာ ယာယီခိုလှုံရာစခန်းတွေကို ကြုံတောင့်ကြုံခဲဆိုသလို သွားရောက် လေ့လာခဲ့ပါတယ်။
အခုအခါမှာတော့ မြို့ရဲ့နေရာအများစုဟာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုနဲ့ မီးရှို့ခံရမှု ဒဏ်ရာဒဏ်ချက်တွေနဲ့ မြို့ပျက်ကြီးတခုလို ဖြစ်နေပါတယ်။ နောက်ပြီး စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားချိန်မှာ မသမာဉာဏ်နဲ့ အကောက်ကြံပြီး မြှပ်နှံထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေဟာ စာသင်ကျောင်းဝင်းထဲအပါအဝင် သဘာဝ ပေါက်ပင် ကိုင်းပင်တွေကြားမှာ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။
အခုချိန်ထိ အရပ်သားပြည်သူ တဦး တယောက်မှ ထန်တလန်မြို့ကို ပြန်လည်ဝင်ရောက် နေထိုင်နိုင်ခြင်း မရှိသေးပါဘူး။ CNA နဲ့ မဟာမိတ်ကာကွယ်ရေးတပ်ဖွဲ့တွေက မြို့ရဲ့ နေရာအများစုကနေ စစ်တပ်ကို မောင်းထုတ်ခဲ့ပြီး ဖြစ်ပေမဲ့လည်း စစ်ကောင်စီတပ်သား အတော်များများဟာ ကြီးမားခိုင်ခံ့တဲ့ အဆောက်အအုံ ၃ ခုမှာ ပုန်းအောင်းနေကြဆဲ ဖြစ်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ စစ်တပ်ဘက်က လက်ဖြောင့်သေနတ်သမားတွေရဲ့ ချောင်းမြောင်း ပစ်ခတ်မှု အန္တရာယ်ကနေ ရှောင်ရှားနိုင်ဖို့အတွက် မော်တော်ဆိုင်ကယ်တွေနဲ့ အရှိန်မြန်မြန်မောင်းပြီး ကင်းလှည့်လေ့ရှိကြပါတယ်။ မြို့ရဲ့ တချို့နေရာတွေမှာတော့ ထိခိုက်ပျက်စီးတာတွေ မရှိပေမဲ့ တဖြည်းဖြည်းနဲ့ ချုံနွယ်ပိတ်ပေါင်းတွေ ထူထပ် ဖုံးလွှမ်းလာခဲ့ပါတယ်။
CNA နဲ့ မဟာမိတ်အဖွဲ့တွေဟာ မြို့ဝန်းကျင်မှာရှိတဲ့ စွန့်ပစ်အဆောက်အအုံတွေမှာ စခန်းချ နေရာယူထားပါတယ်။
ထန်တလန်မြို့ကနေ ထွက်ပြေးလာခဲ့ရတဲ့ အသက် ၇၆ နှစ်အရွယ် အမျိုးသမီးကြီးတဦးက သူ စစ်ဘေးရှောင်နေရတဲ့ နေအိမ်တခုရဲ့ တံခါးဝမှာထိုင်ရင်း “ကျုပ်က ကျန်းမာရေးကောင်းတာ မဟုတ်ဘူး။ ဒီမှာနေရင်း သေသွားမှာကိုပဲ ကြောက်နေတာ။ ဒီမှာတော့ မသေချင်ဘူး။ သေခြင်းသေ ကိုယ့်အိမ်ကိုယ့်ရာမှာပဲ ခေါင်းချချင်တယ်” လို့ Crisis Group ကို ပြောပါတယ်။
ဒီဇနီးမောင်နှံရဲ့ နေအိမ်ကတော့ ရစရာမရှိအောင် ပျက်စီးသွားခဲ့တာပါ။ သူတို့ဟာ ပိုင်ဆိုင်မှု တပိုင်တနိုင်လေးနဲ့ ထွက်ပြေးလာခဲ့ရပြီး အခုအခါမှာတော့ ထန်တလန်မြို့နဲ့ အတော်လေး အလှမ်းဝေးတဲ့နေရာက အသုံးမပြုတော့တဲ့ အုပ်ချုပ်ရေးရုံးဟောင်းတခုမှာ နေထိုင်နေကြပါတယ်။
၃ နှစ်ကြာကာလကို ရောက်လာတဲ့အထိ တခြား စစ်ဘေးရှောင် ပြည်သူတွေဟာလည်း မိုးဒဏ် လေဒဏ်မခံနိုင်တဲ့ ယာယီတဲလေးတွေမှာ နေထိုင်နေကြရဆဲ ဖြစ်ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဟာ အခုအခါမှာတော့ ကျေးလက်ဧရိယာအားလုံးကို ထိန်းချုပ်ထားပြီး လုံခြုံရေးလည်း ဆောင်ရွက်ပေးထားပါတယ်။ စစ်ဆေးရေးဂိတ်တခုမှာ လုံခြုံရေး တာဝန်ကျနေတဲ့ တပ်ဖွဲ့ဝင် လူငယ်တယောက် ဂီတာတီးပြီး အေးဆေးသက်သာ အနားယူနေတာကို ပုံထဲမှာ မြင်တွေ့ရမှာပါ။ သူ့အနီးအနားမှာတော့ ဘန်ကာ တလုံးရှိပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်က ရှိနေဆဲ ဖြစ်ပါတယ်။
ဓာတ်ပုံတွေကို ကြည့်မယ်ဆိုရင် အမြင်အားဖြင့် အေးချမ်း ငြိမ်သက်နေတယ်လို့ ထင်မှတ်စရာရှိပေမဲ့ ဒေသခံတွေဟာ လက်ရှိဖြစ်နေတဲ့ ပြည်တွင်းစစ်ရဲ့ တစိတ်တပိုင်းအနေနဲ့ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ အန္တရာယ်အောက်မှာ စိုးရိမ် ကြောက်လန့်စွာနဲ့ နေထိုင်နေရပါတယ်။
အနီးအနားကျေးရွာတွေမှာရှိတဲ့ ဘုရားကျောင်းတွေလို လေကြောင်းတိုက်ခိုက်ခံရတဲ့ အဖြစ်မျိုး ဖြစ်မှာစိုးတဲ့အတွက် ခရစ်ယာန်ဘာသာဝင်တွေဟာ ဘုရားကျောင်းကို အသုံးမပြုကြတော့ဘဲ ပုံထဲမှာ မြင်တွေ့ရတဲ့ နေအိမ်လို ရွာထဲမှာရှိတဲ့ အိမ်ကြီးအချို့မှာပဲ သိုသိုသိပ်သိပ်နဲ့ ဝတ်ပြုဆုတောင်းမှုတွေ ပြုလုပ်ကြပါတယ်။
ဘာသာရေးအဆောက်အအုံတွေဟာ စစ်ပွဲရဲ့ အကျိုးဆက်အနေနဲ့ မတော်တဆ ထိခိုက်ပျက်စီးတာမျိုးမဟုတ်ဘဲ အပေါ်ကပုံထဲမှာ မြင်တွေ့ရတဲ့ ထန်တလန်ရှိ Johnson Memorial Baptist ခရစ်ယာန်ဘုရားကျောင်းလိုပဲ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းကနေ တိုက်ခိုက်တာ ဒါမှမဟုတ် မီးရှို့ဖျက်ဆီးတာ ခံခဲ့ရပါတယ်။ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေမှာတော့ ဘာသာရေး အဆောက်အအုံတွေကို အထူးကာကွယ် စောင့်ရှောက်ရမယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်တွေဟာ Baptist ဘုရားကျောင်းကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှာ လက်နက်ကြီးနဲ့ပစ်ပြီး ပထမအကြိမ်အနေနဲ့ ဖျက်ဆီးခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၂ ခုနှစ်၊ မေလမှာ မီးတင်ရှို့ခဲ့ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အစီရင်ခံ ဖော်ပြချက်အရ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်ကာလအတွင်း စစ်တပ်ဟာ ချင်းပြည်နယ်မှာရှိတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၅ ကျောင်းနဲ့ ခရစ်ယာန်ဘုရားကျောင်း ၆၇ ကျောင်းထက်မနည်းကို ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ ဒီမတော်တဆမှု အရေအတွက်ရဲ့ အသေးစိတ် အတည်ပြုချက်တွေကို လေ့လာသုံးသပ်သူတွေနဲ့ ပညာရှင်တွေက စာရင်းပြုစုထားတာပါ။
စစ်တပ်ဟာ ထန်တလန် မြို့နယ်ဆေးရုံကိုလည်း လေကြောင်းကနေရော လက်နက်ကြီးနဲ့ပါ ပစ်ခတ် ဖျက်ဆီးခဲ့ပါတယ်။
CNF ကွပ်ကဲရေးမှူးက ဆေးရုံရဲ့ ပျက်စီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးနေတဲ့ပုံပါ။ တော်လှန်ရေး တပ်ဖွဲ့တွေက မြို့ရဲ့ နေရာအများစုကို တဖြည်းဖြည်းနဲ့ ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းချိန်ကာလမှာ ဒီဆေးရုံနဲ့ ဆေးရုံဝန်းကျင်နေရာတွေမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တာတွေ ရှိခဲ့ပါတယ်။ ဆေးရုံနံရံတွေမှာ ကျည်ဆန်ရာတွေ ဆန်ခါပေါက်လို ဖြစ်နေတာကို မြင်တွေ့ရမှာပါ။ နောက်ပြီး မပေါက်ကွဲသေးဘဲ ကျန်ရှိနေတဲ့ လက်နက်ခဲယမ်းတွေဟာ အနာဂတ်မှာ ဆေးရုံကို ပြန်လည် ပြုပြင်ရှင်းလင်းရေး လုပ်ဆောင်မယ့်သူတွေအတွက် ကြီးမားတဲ့ အန္တရာယ်တခုအနေနဲ့ ရှိနေဆဲ ဖြစ်ပါတယ်။
ထန်တလန်မြို့ ပြန်လည်ရရှိရေးတိုက်ပွဲ ဘယ်လောက် ပြင်းထန်ခဲ့သလဲဆိုတာ တခြားအဆောက်အအုံတွေရဲ့ အပျက်အစီးတွေကလည်း သက်သေပြနေပါတယ်။ ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်တွေဟာ ဒီဟိုတယ်အဆောက်အအုံဟောင်းကို သိမ်းပိုက်ပြီး သူတို့ရဲ့ ခံတပ်အနေနဲ့ အသုံးပြုခဲ့ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင် ဝင်ရောက်မှုကို အဟန့်အတား ဖြစ်စေဖို့အတွက် အဆောက်အအုံရဲ့ အောက်ခြေမှာလည်း ဝါးချွန်တွေ၊ ပျဉ်ချပ်တွေနဲ့ ကာရံထားခဲ့ပါတယ်။ ဒါပေမဲ့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဟာ တခြားနေရာက စစ်ကောင်စီတပ်တွေထံကနေ သိမ်းဆည်းရရှိတဲ့ ဗုံးပစ်လောင်ချာတွေရဲ့ ပစ်ကူနဲ့ အဆောက်အအုံကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အခုအခါမှာတော့ CNA နဲ့ မဟာမိတ်တပ်တွေဟာ ရန်သူရဲ့ လှုပ်ရှားမှု ဒါမှမဟုတ် စစ်ရေးအခြေအနေကို အကဲခတ် စောင့်ကြည့်ထောက်လှမ်းရာ နေရာအဖြစ် ဒီအဆောက်အအုံကို အသုံးပြုပါတယ်။ ပုံထဲမှာ မြင်တွေ့ရတာကတော့ CNA ဒေသကွပ်ကဲရေးမှူးက စစ်ကောင်စီတပ်သားတွေ ထိန်းချုပ်ထားဆဲဖြစ်တဲ့ အဆောက်အအုံတွေကို လှမ်းပြနေတဲ့ပုံပါ။ အဆောက်အအုံ ၃ ခုမှာ စစ်ကောင်စီတပ်သားတွေ ပုန်းအောင်းနေဆဲ ဖြစ်ပေမဲ့ တော်လှန်ရေး တပ်တွေက ဝိုင်းရံ ပိတ်ဆို့ထားတာကြောင့် အစာရေဆာနဲ့ လက်နက်ခဲယမ်းတွေ ပြတ်တောက်နေသလို သူတို့ပုန်းခိုရာ စတုတ္ထမြောက် အဆောက်အအုံဟာလည်း Crisis Group ထန်တလန်မြို့ကို လာရောက်ချိန်မှာ တော်လှန်ရေးတပ်တွေရဲ့ သိမ်းပိုက်ခြင်း ခံခဲ့ရတာပါ။ စစ်တပ်အနေနဲ့ သူ့ရဲ့ တပ်သားတွေဆီကို ထောက်ပံ့ရေးပစ္စည်းတွေ လေကြောင်းကနေ ချပေးနိုင်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ ပစ္စည်းအများစုဟာ တော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲပဲ ရောက်ရှိခဲ့ပါတယ်။ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေ ပုန်းခိုရာနေရာ ၃ ခုဟာလည်း ကျဆုံးလုနီးပါး အခြေအနေမှာ ရှိနေပါတယ်။
CNA ကွပ်ကဲရေးမှူးက တခြားအဆောက်အအုံဘက်ခြမ်းကနေ စစ်ကောင်စီတပ်သားတွေ ပုန်းအောင်းရာ ဒုတိယမြောက် အဆောက်အအုံကို အကဲခတ်နေတဲ့ပုံပါ။ အဆောက်အအုံချင်းက နီးနေတာမို့ မှောင်ရိပ်ထဲကနေ သတိထားပြီး ထောက်လှမ်းနေတာပါ။
CNA ဟာ ထန်တလန်မြို့မှာ အခြေစိုက်ထားတဲ့ ဒရုန်းတပ်ဖွဲ့လည်း ပိုင်ဆိုင်ထားပြီး ကိုယ်တိုင် ဖန်တီးထုတ်လုပ်ထားတဲ့ ဒရုန်းတွေနဲ့ တွဲဖက်အသုံးပြုနိုင်တဲ့ စစ်လက်နက်ပစ္စည်းတွေကိုလည်း ကိုယ်တိုင်ထုတ်လုပ်ပါတယ်။ ကင်းထောက်ဒရုန်းတွေရော တိုက်ခိုက်ရေးဒရုန်းတွေကိုပါ အသုံးပြုပြီး စစ်ဆင်ရေး လုပ်ဆောင်နေပေမဲ့ စစ်ကောင်စီ တပ်သားတွေမှာ ဒရုန်းထိန်းချုပ်မှု ဒါမှမဟုတ် ဆက်သွယ်ရေးလမ်းကြောင်းကိုတွေကို ဟန့်တား ဖြတ်တောက်နိုင်တဲ့ jammer စက် တပ်ဆင်ထားတဲ့အတွက် ဒရုန်းစစ်ဆင်ရေးရဲ့ ထိရောက်မှုကတော့ လတ်တလောမှာ ထင်သလောက် ခရီးမပေါက်နိုင်သေးဘဲ ရှိနေပါတယ်။
ထန်တလန်မြို့ကနေ ကားနဲ့သွားမယ်ဆို တရက်ကြာခရီးအကွာ အိန္ဒိယနယ်စပ်နဲ့ နီးကပ်နေတဲ့ လှပတဲ့ တောင်ကြားထဲမှာတော့ ချင်းအမျိုးသားတပ်ဦး CNF နဲ့ သူ့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားတပ်မတော် CNA ဌာနချုပ် Camp Victoria တည်ရှိပါတယ်။
အပေါ်က ရုပ်ပုံထဲမှာ မြင်တွေ့ရတာကတော့ တော်လှန်ရေး လူငယ်တပ်သားသစ်တွေ စစ်ရေးပြနေတဲ့ပုံပါ။ အခြေခံစစ်သင်တန်းကို ရက်သတ္တပတ်များစွာကြာ တက်ရောက်ပြီးတဲ့နောက်မှာတော့ သူတို့ဟာ CNA ရဲ့ ကျရာနေရာ အသီးသီးမှာ ဒါမှမဟုတ် ချင်းပြည်နယ်တဝန်းမှာရှိတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထဲက တခုမှာ တာဝန်ကိုယ်စီ ထမ်းရွက်သွားကြမှာပါ။
ကျောင်းနေအရွယ်ရောက်နေတဲ့ ချင်းတိုင်းရင်းသူ ကလေးငယ်မလေးတယောက် သူ့ရဲ့ အိမ်ရှေ့တံခါးပေါက် သံဆန်ခါကြားကနေ မပီပြင်ဝိုးတဝါးဖြစ်နေတဲ့ သူ့ရဲ့ရှေ့ရေးကို လှမ်းမျှော်တွေးနေတဲ့ ပုံများလား။ ချင်းတိုင်းရင်းသား ပြည်သူတွေရဲ့ အနာဂတ်ဟာ မသေချာ မရေရာမှုတွေ၊ အခက်အခဲ အတားအဆီးတွေနဲ့ ယောက်ယက်ခတ်နေရဦးမယ့် အနေအထားမှာ ရှိနေပါတယ်။
ချင်းပြည်နယ်ဟာ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုလက်အောက်ကနေ လွတ်မြောက်လုနီးပါးဖြစ်နေပြီ ဆိုပေမဲ့ နေပြည်တော်မှာ စစ်ကောင်စီ အာဏာရှိနေသမျှ ကာလပတ်လုံး လေကြောင်းတိုက်ခိုက်မှု အန္တရာယ်က အမြဲ ရှိနေမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ချင်းလက်နက်ကိုင်တပ်ဖွဲ့တွေအကြား ဂိုဏ်းဂဏကွဲမှုကနေ ပြည်နယ်တွင်းမှာ ပိုမိုပြင်းထန်တဲ့ ပဋိပက္ခတွေ ဖြစ်ပွားလာနိုင်ခြေရှိတဲ့ တင်းမာမှုတွေကလည်း ရှိနေပြန်ပါတယ်။ လုံခြုံရေးအခြေအနေကို တည်ငြိမ်အောင် ထိန်းကျောင်းနိုင်ပြီ ဆိုရင်တောင်မှ ပျက်စီးသွားတဲ့ အခြေခံအဆောက်အအုံတွေ ပြန်လည်တည်ဆောက်ရေး၊ ရွှေ့ပြောင်းပြည်သူတွေ ပြန်လည် နေရာချထားရေး၊ လူမှုဝန်ဆောင်မှုတွေ ပေးအပ်ရေး စတဲ့ ကြီးလေးတဲ့ တာဝန်တွေကို အကောင်အထည်ဖော်ဖို့ဆိုတာ အချိန်အတော်ကြာ ယူရဦးမှာပါ။
အခုလို ခက်ခဲကျပ်တည်းနေချိန်မှာ ချင်းတိုင်းရင်းသားပြည်သူတွေ ဒါမှမဟုတ် အိန္ဒိယနယ်စပ်တလျှောက် ရွှေ့ပြောင်းနေထိုင်နေရသူတွေထံကို လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ရောက်ရှိမှုကလည်း မဖြစ်စလောက်ဆိုသလို အလွန့်ကို နည်းပါးတဲ့အတွက် ကူညီထောက်ပံ့မှုတွေ လိုအပ်လျက် ရှိနေပါတယ်။
ရစ်ချတ်ဟော်ဆေး
Ref: Richard Horsey/ International Crisis Group
Photos Courtesy- CRISIS GROUP / Richard Horsey