ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းတက္ကသိုလ်၊ IST နည်းပညာကျောင်းမှာ အသက် ၁၂ နှစ်ကနေ ၆၇ နှစ် အထိရှိတဲ့ ကျောင်းသား ၁,၇၀၀ လောက်ဟာ တနေရာတည်းမှာ ကွန်ပျူတာပရိုဂရမ်းမင်း သင်ခန်းစာ စုဝေးသင်ယူပြီး ကမ္ဘာ့စံချိန်သစ် တင်ခဲ့ပါတယ်။
အရင်စံချိန်က ၂၀၁၆ ခုနှစ်က အမေရိကန်ပြည်ထောင်စု၊ ဒါးလက်စ်မှာ ကျောင်းသား ၇၂၄ ဦးနဲ့ တင်ထားတာဖြစ်ပါတယ်။
နောက်ဆုံးကောက်ယူမှုအရ အောက်တိုဘာ ၁၂ ရက်နေ့မှာ ပို့ချတဲ့ သင်ခန်းစာကို ၁,၆၆၈ ဦး ပါဝင်တက်ရောက်တယ်လို့ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်း စိစစ်သူ ပေါ်လာ ဆာပင်စကာက အတည်ပြုပါတယ်။
ပေါ်တူဂီဟာ သတင်းအချက်အလက်နည်းပညာ အားကောင်းလာတဲ့ရပ်ဝန်းတခုဖြစ်တယ်ဆိုတာ ကမ္ဘာကို ပြသချင်တာရယ်၊ ကွန်ပျူတာပညာရပ်ကို အများစိတ်ဝင်စားလာစေချင်တာရယ်ကြောင့် အခုစံချိန်တင်မှုကို ပြုလုပ်ခဲ့တာလို့ဆိုပါတယ်။
ကွန်ပျူတာ ကျွမ်းကျင်တတ်မြောက်မှုဆိုတာ လွန်ခဲ့တဲ့ နှစ် ၁၀၀ က စာတတ်မြောက်မှုနဲ့ အလားတူဖြစ်လာပြီး၊ လူတိုင်းဟာ ကွန်ပျူတာသိပ္ပံအကြောင်း၊ ပရိုဂရမ်းမင်း အကြောင်း အနည်းနဲ့အများသိထားသင့်တယ်လို့ IST ကျောင်းအကြီးအကဲ ရိုဂျာရီယို ကိုလာကိုက ပြောပါတယ်။
Source-Reuters