စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေလုပ်နေတဲ့ ရန်ကုန်က တက်ကြွလှုပ်ရှားသူ လူငယ်နှစ်ယောက် အဖမ်းခံရပြီးနောက်မှာ နောက်ထပ်လည်း ဖမ်းဆီးခံရတာတွေ ရှိလာနေပါတယ်။
ရန်ကုန်က တက်ကြွလှုပ်ရှားသူ လူငယ်နှစ်ယောက်ဖြစ်တဲ့ ကိုရှိန်းဝေအောင်နဲ့ ကိုပိုင်ဖြိုးမင်းတို့ အောက်တိုဘာ ၉ ရက်နေ့ညက အဖမ်းခံရပြီးနောက် နောက်ဆက်တွဲအနေနဲ့ ရန်ကုန်က တချို့နေရာတွေကို ဝင်စီးနင်းဖမ်းဆီးတာတွေရှိတယ်လို့ ရန်ကုန်သပိတ်အင်အားစုတွေက DVB ကိုပြောပါတယ်။
သပိတ်အင်အားစုဝင်တယောက်က “လောလောဆယ်မှာ အခြေအနေက သိပ်ရှုပ်ထွေးတော့ ကျနော် ချုံ့ပြီးပြောနိုင်တာ တခုရှိတာကဘာလဲဆိုတော့ ဒီရဲဘော်တွေကို ကျနော်တို့ အဲနေ့မနက်က သတင်းထုတ်ပြန်လိုက်တယ်။ အဲအခြေအနေမှာပဲ တဘက်က Safe House တလုံး အိမ်တအိမ်ကို ဝင်စီးတယ်။ ကျနော်တို့ သတင်းအချက်အလက် တချို့ရတယ်။ တခြားဆက်စပ်ပြီးတော့ ဖမ်းစီးမှုတွေ၊ စစ်ဆေးမှုတွေ ဝင်ရောက်စီးနင်းမှုတွေ ရှိနေတယ်လို့ ကျနော်တို့ အကြမ်းဖျင်းပြောလို့ရတယ်ပေါ့နော်” လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က ဧည့်စာရင်းစစ်တဲ့ပုံစံနဲ့ဝင်ဖမ်းတာဖြစ်ပြီး အောက်တိုဘာ ၉ ရက်နေ့ တညတည်းမှာပဲ ကိုရှိန်းဝေအောင်နဲ့ ကိုပိုင်ဖြိုးမင်း အပါအဝင် ၁၂ ယောက် အဖမ်းခံရတယ်လို့ ဆိုပါတယ်။
အဖမ်းခံရတဲ့ ၁၂ ယောက်ထဲမှာ ကိုရှိန်းဝေအောင်ရဲ့ မိဘနှစ်ပါးနဲ့ အစ်မဖြစ်သူပါ ပါတယ်လို့ ရန်ကုန် သပိတ်အင်အားစုတွေက DVB ကိုအတည်ပြုပါတယ်။
လက်ရှိမှာတော့ ကိုရှိန်းေ၀အောင်နဲ့ ကိုပိုင်ဖြိုးမင်းတို့က စစ်ကြောရေးထဲရောက်နေတယ်လို့ ယူဆထားပြီး ကိုရှိန်းဝေအောင်ရဲ့မိသားစုတွေနဲ့ကတော့ အဆက်အသွယ်မရသေးဘူးလို့ ဆိုပါတယ်။
သပိတ်အင်အားစုဝင်တယောက်က “စုစုပေါင်း ၁၂ ယောက်လောက်အဖမ်းခံရတယ် အဲညမှာ။ သူက တပြိုင်နက်တည်းဝင်ပြီးစီးတဲ့သဘော။ ရှေ့မှာ ကိုရှိန်းဝေအောင်တို့ထဲက ရဲဘော်တယောက် နှစ်ယောက်အဖမ်းခံရတာရှိတယ်။ အဲဒီ အခြေအနေတွေကနေ စောင့်ကြည့်ပြီးတော့မှ တပြိုင်နက်တည်း ဝင်စီးတာဆိုတော့ အဲညမှာပဲဖမ်းခံရတာက အနည်းဆုံး ၆ ယောက် လောက်ရှိတယ်။ နောက်ရက်တွေမှာ ဆက်ဖမ်းတာက ၄ ယောက်လောက်ရှိတယ်” လို့ ပြောပါတယ်။
နိုင်ငံတကာလွတ်ငြိမ်းချမ်းခွင့်အဖွဲ့ကတော့ ကိုပိုင်ဖြိုးမင်းနဲ့ ကိုရှိန်းဝေအောင်ဟာ စစ်ကြောရေး တနေရာမှာ ညှဉ်းပန်းနှိပ်စက်ခံရနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ ထုတ်ပြန်ထားပြီး စစ်ကောင်စီအနေနဲ့ ကိုပိုင်ဖြိုးမင်းနဲ့ ကိုရှိန်းဝေအောင်တို့နဲ့မိသားစုဝင်တွေကို နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ရာဇဝတ်မှုတခုခု ကျူးလွန်တာမျိုးမရှိရင် ချက်ချင်းလွှတ်ပေးရမှာဖြစ်ပြီး သူတို့တွေ ဘယ်နေရာမှာ ဘယ်လိုအခြေအနေရှိနေတယ်ဆိုတာကို ထုတ်ပြန်ပေးဖို့ တောင်းဆိုထားပါတယ်။