ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ထဲက မြို့ရှောင်လမ်းပိုင်းဟာ မြေပြိုကျမှုတွေ ဖြစ်ပွားခဲ့ပြီး ရက် ၂၀ ကျော် ကြာခဲ့ပေမဲ့ ပြုပြင်မှုမရှိသေးတာကြောင့် အသုံးပြုလို့ မရသေးဘူးလို့ တောင်ကြီးမြို့နယ်နေထိုင်သူတွေက ပြောပါတယ်။
ရာဂီမုန်တိုင်းကြောင့် စက်တင်ဘာလ ၁၁ ရက်နေ့မှာ မိုးသည်းထန်စွာရွာသွန်းခဲ့လို့ လမ်းပိုင်းတလျှောက်ရှိ ကတ္တရာလမ်းတွေ ပဲ့ကျပျက်စီးကုန်တာပါ။
တောင်ကြီးမြို့ခံတဦးက “မြို့ရှောင်လမ်းက အေးသာယာအတက် ပလီလင်းဘက်ကနေ သွားရတာ။ ရိုးရိုးလမ်းကတော့ သွားလို့ရသေးတယ်။ အဆင်းလမ်းဆို ကိုးမြို့ရှင်နတ်နန်းဘက်ကနေ ဝင်လို့ရတယ်။ ဆိုင်ကယ်တွေတော့ ဘေးကပ်မောင်းရင် သွားလို့ ရလောက်သေးတယ်။ ကားကြီးတော့ မရဘူး။ လမ်းမပြင်ရသေးဘူး။ ကြိုးလေးတွေတော့ တားထားတာ တွေ့တယ်“ လို့ ပြောပါတယ်။
ဒီမြို့ရှောင်လမ်းဟာ တောင်ကြီး-အေးသာယာ-ညောင်ရွှေကို သွားလာနိုင်ဖို့ ဖောက်လုပ်ထားတဲ့ လမ်းဖြစ်ပြီး လမ်းပြိုနေတာကြောင့် အိမ်စီးကားနဲ့ ကုန်တင်ကားငယ်တွေ သွားလာလို့ မရသေးပါဘူး။
တောင်ကြီးမြို့ခံတွေရဲ့ ဖေ့ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း တောင်ကြီး (၅) လမ်းဆုံကနေ အေးသာယာ မွေးမြူရေးဇုန်လမ်းပိုင်းအထိ လမ်းပြိုကျမှု ပိုများနေတာကြောင့် ဆိုင်ကယ်စီးသူတွေ၊ ကားသမားတွေအနေနဲ့ သတိပြုဖို့ တိုက်တွန်းထားတာတွေ့ရပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ်တောင်ပိုင်းထဲက ကလော-အောင်ပန်းလမ်းနဲ့ ကလော-သာစည် လမ်းတွေမှာလည်း ရာဂီမုန်တိုင်းကြောင့် မိုးကြီးမြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး ပြုပြင်မှုမပြီးစီးသေးလို့ နှစ်လမ်းသွား၊ ၄ လမ်းသွားတွေကနေ တလမ်းသွားလမ်းတွေအဖြစ် ပြောင်းလဲ မောင်းနှင်နေရတယ်လို့ သိရပါတယ်။