EPC က ဝိုင်ဖိုင်ကြိုးတွေကို လိုက်လံဖြတ်တောက်နေတဲ့အတွက် MPT က စိုက်ထူထားတဲ့တိုင်တွေမှာ စာချုပ်နဲ့ ဝိုင်ဖိုင်ကြိုးတွေ သွယ်တန်းနေရတယ်လို့ အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီတွေနဲ့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။
စစ်ကောင်စီရဲ့ လျှပ်စစ်ဌာနက ဓာတ်တိုင်တွေမှာ တရားမဝင်သွယ်တန်းထားတဲ့ ဝိုင်ဖိုင်ကြိုးတွေကို ဖယ်ရှားဖို့ ၂၀၂၁ ခု နိုဝင်ဘာလက ထုတ်ပြန်ခဲ့ပြီးနောက် ရန်ကုန်မှာ ဝိုင်ဖိုင်အင်တာနက်ပြတ်တောက်မှုတွေ ကြုံတွေ့နေကြရပြီး အချို့မြို့နယ်တွေမှာဆိုရင် လျှပ်စစ်ဝန်ထမ်းတွေက ဝိုင်ဖိုင်အင်တာနက်ကြိုးတွေကို မကြာခဏ ခုတ်ဖြတ်ထားတာတွေကြောင့် ရက်ပိုင်းလောက် အင်တာနက်မရတဲ့ အခြေအနေတွေ ဖြစ်နေကြရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
“ရပ်ကွက်တွေထဲက ဓာတ်ကြိုးအဟောင်းတွေလဲမယ်ဆိုရင် ရုံးတွေကို အကြောင်းကြားတယ်။ တချို့ကုမ္ပဏီတွေက ဂရုမစိုက်ကြဘူး။ ဂရုမစိုက်တော့ EPC က အကုန်ခုတ်ဖြတ်သွားတာ။ သူတို့ခုတ်ဖြတ်လို့ ဝိုင်ဖိုင်မရတော့ ကုမ္ပဏီကို အကြောင်းကြားရ၊ ကုမ္ပဏီဘက်က လာတပ်လိုက်၊ ဟိုကခုတ်ဖြတ်လိုက်နဲ့ သံသယာလည်နေတာ။ ရပ်ကွက်တိုင်းမှာဆိုရင် နေ့တိုင်း ဝိုင်ဖိုင်ကြိုးလာပြင်တဲ့သူမပြတ်ဘူး” လို့ ရွှေပေါက္ကံမှာနေထိုင်သူတယောက်က ပြောပါတယ်။
ရန်ကုန်ကမြို့နယ်အသီးသီးမှာ တပ်ဆင်ထားတဲ့ ဝိုင်ဖိုင်အင်တာနက်ကြိုးတွေကို EPC က လိုက်လံဖြတ်တောက်နေတဲ့အတွက် အင်တာနက်ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေဟာ အင်တာနက်ကြိုးသွယ်တန်းဖို့ စိုက်ထူထားတဲ့ MPT ရဲ့ တိုင်တွေမှာ အခကြေးငွေနဲ့ တနှစ်စာချုပ်ချုပ်ဆိုပြီး သွယ်တန်းနေကြရတယ်လို့ ဝိုင်ဖိုင်အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီတွေက ပြောပါတယ်။
“တချို့ကုမ္ပဏီတွေက အခုချိန်ထိ ဓာတ်တိုင်တွေမှာပဲ သွယ်ထားကြတုန်းပဲ။ ဒါပေမဲ့ EPC က ဘာမှတော့မပြောဘူး။ တခုရှိတာက ဓာတ်တိုင်မှာ ရှော့ဖြစ်ရင် အရမ်းစိတ်ဆိုးတာ။ အဲ့ဒီအခါကျရင် ဓာတ်တိုင်က ဝိုင်ဖိုင်ကြိုးတွေကို အကုန်ခုတ်ဖြတ်ပစ်တာ။ အဲ့ဒီလိုတွေဖြစ်နေလို့ တနှစ်စာချုပ်နံ MPT ရဲ့ တိုင်တွေမှာ ပြောင်းချိတ်နေရတာ” လို့ အော်ရီဒူးရဲ့ Network Team တာဝန်ရှိသူတယောက်က ပြောပါတယ်။
ရန်ကုန်မြို့ခံ ပြည်သူတွေအနေနဲ့ ဝိုင်ဖိုင်အင်တာနက်ကြိုး ပြတ်တောက်မှု၊ ကုမ္ပဏီတွေဘက်က ပြင်ဆင်ချိန်နောက်ကျမှုတွေကြောင့် အင်တာနက်သုံးစွဲခတွေ နစ်နာနေကြရပါတယ်။
အခုနောက်အိုင်း ဝိုင်ဖိုင်အင်တာနက်ကြိုးတွေ ပြတ်တောက်မှု ပိုမိုများပြားလာတဲ့အတွက် လိုက်ခံပြင်ဆင်ပေးနေတဲ့ ဝန်ထမ်းတွေဟာ ဓာတ်လိုက်သေဆုံးမှုတွေလည်း ရှိလာပါတယ်။