Home
မြန်မာသတင်း
ရခိုင်တွင် စပါးဈေးကျပြီး ဝယ်သူမရှိသလောက် ဖြစ်နေ
DVB
·
October 6, 2024

ရခိုင်မှာ စပါးဈေးကျပြီး စပါးဝယ်ယူသူတွေလည်း မရှိသလောက်နည်းပါးနေတယ်လို့ ဒေသတွင်း လယ်ယာလုပ်ကိုင်သူတွေဆီကနေ သိရပါတယ်။

၂၀၂၃ ခုနစ်က စိုက်ပျိုးရိတ်သိမ်းထားတဲ့စပါးတွေဟာ လက်ရှိ ၂၀၂၄ ခုနစ် စိုက်ပျိုးတဲ့ စပါးတွေရိတ်သိမ်းချိန်နီးလာတဲ့အထိ ရောင်းမထွက်နိုင်ကြသေးဘူးလို့ ပုဏ္ဏားကျွန်းမြို့နယ်က ဒေသခံ လယ်သမားတယောက်က ပြောပါတယ်။

“စပါးကအဝယ်မရှိဘူး။ လယ်သမားတွေမှာ ပြီးခဲ့တဲ့နှစ်က စပါးတွေဒီအတိုင်းနီးပါး ရှိနေကြသေးတယ်။ ဝယ်တဲ့သူတွေရှိတယ်ကြားရင် လိုက်မေးကြတယ်။ မဝယ်တော့ဘူး။ အဝယ်ရပ်ထားတယ် ဆိုတာနဲ့ပဲပြီးရတယ်။ စျေးလည်းတအားနှိမ်ကြတယ်။ စိုက်ပျိုးထားတဲ့ စရိတ်တောင်မကာမိအောင် စျေးက အရမ်းနည်းနေတယ်” လို့ ပြောပါတယ်။

ရခိုင်မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာနောက်ဆုံးသီတင်းပတ်ကစပြီး အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေစတင်ခဲ့ပြီးနောက်မှာ စစ်ကောင်စီတပ်က လမ်းကြောင်းတွေအားလုံး ပိတ်ဆိုခဲ့ရာကနေ ဆန်စပါးအရောင်းဝယ်လုပ်ငန်းတွေဟာလည်း ရပ်တန့်သွားခဲ့ရတာဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း ရခိုင်က စပါးအဓိကထွက်တဲ့မြို့နယ်တွေမှာ စပါးတွေ ရောင်းမထွက်ဘဲ သောင်တင်နေခဲ့ပြီး လယ်သမားတွေဟာ ပိုပြီးကြပ်တည်းနေကြရတယ်လို့ မြောက်ဦးဒေသခံ လယ်သမားတယောက်က ပြောပါတယ်။

“တခါတခါ ထမင်းတောင်မစားကြတော့ဘူးလားလို့ အောက်မေ့ရတယ်။ စပါးက အဲလောက်ထိကို အဝယ်နည်းတာ။ အခြေအနေတွေက မငြိမ်၊ လမ်းတွေကဆက်ပိတ်ခံထားရတုန်းဆိုတော့ ဆန်စပါးနဲ့ အရင်လို ကုန်သွယ်လို့ အဆင်မပြေကြဘူး။ ဒေသထဲက ဆန်စက်ကြီးတွေဆို ပိတ်ထားရတယ်။ သူတို့စက်ကြီးတွေ ပိတ်ထားတော့ လယ်သမားတွေရဲ့စပါးတွေက ဘယ်နေရာမှ မရောက်ဘူးဖြစ်နေရတယ်။ ဒီနှစ်က လယ်သမားတွေတော်တော်ကြပ်တည်းရတဲ့နှစ်ပဲ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေက မိုးနှောင်းကာလပိုင်းတွေဆိုရင် ပေါ်ဆန်းမွှေးစပါး ၅၂ ဘူးဝင် တင်း ၁၀ဝ ကို ကျပ် ၁၀ သိန်းကနေ ၁၀ သိန်းကျော်အထိရှိတတ်ပြီး အခုနှစ်အတွင်းမှာတော့ ကျပ် ၆ သိန်းလောက်ပဲ ရှိနေတာ ဖြစ်ပါတယ်။

ရခိုင်မှာ မိုးစပါးကိုအဓိကစိုက်ပျိုးပြီး စိုက်ပျိုးမှုအများဆုံး မြို့နယ်တွေကတော့ မြောက်ဦး၊ ကျောက်တော်၊ မင်းပြားနဲ့ ပုဏ္ဏားကျွန်းတို့ဖြစ်ပြီး အခုနှစ် ၂၀၂၄ မိုးစပါးစိုက်ပျိုးရာသီမှာတော့ စိုက်ပျိုးစရိတ်ကြီးမားမှုအပါအဝင် တိုက်ပွဲအခြေအနေတွေကြောင့် လယ်ဧကတွေကိုလည်း လျှော့ချ လုပ်ကိုင်ခဲ့ကြရတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013