ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီအစပ်၊ ဖယ်ခုံမြို့နယ်မှာရှိတဲ့ လအိကျေးရွာရဲ့ တောင်ပေါ်မှာ တည်ထားတဲ့ စေတီတဆူက ဘုရားဆင်းတုတော်တွေ အောက်တိုဘာ ၁ ရက်နေ့မှာ ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စေတီမှာရှိတဲ့ ဆင်းတုတော် ၇ ခုထက်မနည်း ဦးခေါင်းဖြတ်ခံထားရပြီး ဒေသခံတွေက အောက်တိုဘာ ၁ ရက် ည ၈ နာရီကျော်မှ သတိထားမိတယ်လို့ ဆိုပါတယ်။
လအိကျေးရွာ ဒေသခံတယောက်က “တော်တော်လေးကို ဆိုးပါတယ်။ ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲ မသိဘူး။ ဘာသာရေးမှိုင်းတိုက်တာမျိုး ဖြစ်မယ်လို့ ထင်တယ်။ ခုထိတော့ ဘယ်သူလုပ်မှန်း မသိရသေးဘူး။ စုံစမ်းနေကြတုန်းပဲ” လို့ ပြောပါတယ်။
ဘုရားဆင်းတုတော်တွေ ဖျက်ဆီးခံရမှုအပေါ် နိုင်ငံရေးနဲ့ ဘာသာရေး အဓိကရုဏ်းကို ဦးတည်စေဖို့အတွက် ဖန်တီးလုပ်ဆောင်နေတယ်လို့ ထင်မြင်ကြပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် စစ်ဗျူဟာ အမှတ် ၁ နဲ့ အမှတ် ၈ တို့က ဒီနေ့ အောက်တိုဘာ ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြစ်မှုကျူးလွန်သူကို ရှာဖွေဖို့အတွက် ကျေးရွာမှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေ၊ ဖယ်ခုံ စုပေါင်းအုပ်ချုပ်ရေးကောင်စီအဖွဲ့တွေနဲ့အတူ ပူးပေါင်းဆောင်ရွက် အရေးယူသွားမယ်လို့ ဆိုပါတယ်။
လအိကျေးရွာ တောင်ပေါ်မှာ တည်ထားတဲ့ဘုရားက ကိုဗစ်ကာလအပြီးမှာ ပြန်လည်မွမ်းမံ တည်ထားတာဖြစ်ပြီး ဘာသာရေးအဓိကရုဏ်းတွေ ဖြစ်ပေါ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။