ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နယ် ဝါရီဆူးပလိုင်ကျေးရွာအနီးက လက်ပံကွင်းစစ်ရှောင်စခန်းမှာ စာသင်နေတဲ့ကလေးငယ်တွေအတွက် မိုးကာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ကယန်းသမီးပျိုများ စစ်ရှောင်ကူညီရေးအသင်း (KPIST) တာဝန်ရှိသူ တယောက်က ပြောပါတယ်။
လက်ပံကွင်း စစ်ရှောင်စခန်းမှာ အိမ်ခြေ ၂၃၅ အိမ်ရှိပြီး လူဦးရေ ၉၆၀ ကျော်နေထိုင်နေကာ ၄ တန်းအထိ ကျောင်းတက်နေတဲ့ ကလေးငယ်အရေအတွက် ၇၀ ကျော်ကို ဆရာ/မ ၅ ယောက်က ပညာသင်ကြားပေးနေတယ်လို့ ဆိုပါတယ်။
“ကလေးတွေ ခုလက်ရှိတက်နေရတဲ့ကျောင်းက မိုးလည်းမလုံ၊ နေထွက်လာရင်နေကပူ၊ အခန်းခွဲထားတာကမရှိ၊ KG ကနေ ၄ တန်းအထိ ကျောင်းသားတွေက ခက်ခက်ခဲခဲ ကျပ်ကျပ် တည်းတည်းနဲ့ သင်ယူနေရပါတယ်ဗျ။”
ခုလက်ရှိမှာ စာသင်ကျောင်းဆောက်ဖို့အတွက် ဝါးတိုင် ဝါးတန်းတွေနဲ့ ကျောင်းကိုယ်ထည်ကို ဆောက်လုပ်ထားပြီး နံဘေးက အကာ နဲ့ အမိုးအတွက် မိုးကာတွေလိုအပ်နေတယ်လို့ ဆိုပါတယ်။
လက်ပံကွင်း စစ်ရှောင်ပြည်သူတွေဟာလည်း စာသင်ကျောင်းအနီးနားမှာ စုပေါင်းပြီး ချက်ပြုတ်စားသောက်နေရတယ်လို့ သိရပါတယ်။
မူလနေရာက လက်ရှိအချိန်အထိ ရေကြီးနေဆဲဖြစ်ပြီး ဒီနေ့မှာတော့ နှစ်ပေစာလောက် လျော့သွားတယ်လို့ သိရပါတယ်။
ခုလက်ရှိအချိန်မှာ နန်းမယ်ခုံကျေးရွာအနီးက စပါးခင် ဧက ၃၆၀၀ ကျော်လည်း ရေလွှမ်းမိုးခံလိုက်ရတဲ့အတွက် စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေလည်း လိုအပ်နေပါတယ်။