ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော် ချင်းမိုင်မြို့မှာ စက်တင်ဘာ ၂၄ ရက်စလို့ မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့တာကြောင့် ၁၀ နှစ်ကျော်ကာလအတွင်း အဆိုးဝါးဆုံး စံချိန်တင် ရေကြီးနေပါတယ်။
ချင်းမိုင်မြို့ရဲ့ အထင်ကရနေရာ မယ့်ပင်းမြစ်ရေ ဒီနေ့ နည်းနည်း ပြန်ကျသွားတယ်ဆိုပေမယ့် မယ့်ပင်းမြစ် အနီးတဝိုက်မှာရှိတဲ့ ရပ်ကွက်တွေမှာတော့ ရေလွှမ်းမိုးမှုဒဏ်ကို ခံနေရဆဲပဲ ဖြစ်ပါတယ်။
မယ့်ပင်းမြစ်ရေဟာ စက်တင်ဘာ ၂၆ ရက် မနက် ၃ နာရီမှာ နဝရတ်တံတားအနီး တိုင်းထွာချက်အရ စိုးရိမ်ရေမှတ် ၄ ဒသမ ၂၀ မီတာကို ကျော်လွန်ပြီး ၄ ဒသမ ၉၃ မီတာထိ ရောက်ရှိခဲ့တာကြောင့် ၂၀၁၁ ခုနှစ်က ချင်းမိုင်မှာ အဆိုးရွားဆုံး ရေကြီးတဲ့စံချိန်ကို ကျော်လွန်သွားတာပါ။
ရေကြီးဒဏ်ခံနေရတဲ့ ချင်းမိုင်ရောက် မြန်မာပြည်သား စိုင်းနော်ဆန်က “အစိုးရပိုင်းဆိုရင် ဒီဧရိယာမှာ သဲတွေကို လိုအပ်တဲ့အိမ်တွေကို အိတ် ၃၀ အထိ တယောက်ကို ထိုင်း register နဲ့ ပေးထားတယ်။ အစားအသောက်ကတော့ သိပ်မသေချာဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ပြောင်းတဲ့နေရာက အိမ် ၂ ထပ်ဆိုတော့ အောက်မှာစောင့်မနေတော့ သိပ်မမြင်ရဘူး။ သူများပြောတာတော့ အစားအစာတို့ သောက်ရေတို့ နေ့တိုင်းလာပို့တယ်။ အခု ကြုံဖူးတာတော့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်မှာ ဖြစ်ဖူးတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က ကြုံဖူးတယ်။ ဒီလောက် မမြုပ်ဘူး။ ဒါက ဒုတိယမြောက်ပေါ့” လို့ ပြောပါတယ်။
မယ့်ပင်းမြစ်ရေက တဖြည်းဖြည်း ကျဆင်းသွားတယ်ဆိုပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေမှာ လူနေအိမ်တွေထဲ ခါးလယ်လောက်ထိ ရေရောက်နေတာကို တွေ့ရပါတယ်။
ရေဘေးသင့်သူတွေကို ကူညီပေးသူ ပီတာချောင်က “တကယ်တော့ ဒီနေရာက Learning center ပါ။ ဒါပေမဲ့ အခု ရေကြီးမှုကြောင့် ဒီနေရာတဝိုက်မှာ နေထိုင်သူတွေက သူတို့နေအိမ်တွေမှာ ရေတွေ ဝင်တော့ နေလို့ မရတော့ဘူး။ အိပ်လို့ မရကြဘူး။ ဒီနေရာက အမြင့်ပိုင်းမှာရှိတဲ့ အိမ်ကြီးကြီးဆိုတော့ ဒီရပ်ကွက်က မိသားစုတွေ၊ ကလေးငယ်တွေ ဒီမှာလာပြီး တည်းခိုနေလို့ရတယ်။ လာအိပ်လို့ ရတယ်။ ရေချိုးလို့ရတယ်။ ဒါကြောင့် ဒီအချိန်မှာ စာသင်ကြားမှုတွေကို ခဏ ရပ်ထားပြီးတော့ ဒီမှာ တည်းခိုဖို့ စီစဉ်ပေးထားတာပါ။ ဒီနှစ်က ချင်းမိုင်မှာ အဆိုးဝါးဆုံး ရေကြီးမှုပေါ့။ အထူးသဖြင့် ဒီ Pa Det ဧရိယာမှာ တခါမှာ ဒီလို မကြုံခဲ့ဖူးဘူး” လို့ ပြောပါတယ်။
ရေဘေးသင့် ရပ်ကွက်နေပြည်သူတွေအတွက် စားနပ်ရိက္ခာတွေကို လူမှုကူညီကယ်ဆယ်ရေး အသင်းတွေက တအိမ်တက်ဆင်း သွားရောက်ဝေနေပြီး ကားတွေ၊ ဆိုင်ကယ်တွေ သွားလာလို့မရတဲ့ နေရာတွေမှာ ကယ်ဆယ်ရေး လှေတွေနဲ့ သွားနေရပါတယ်။
ကယ်ဆယ်ရေးမှာ ပါဝင်နေသူတယောက်က “ရေကတော့ တဖြည်းဖြည်းကျနေပါပြီ။ ဒါပေမဲ့ ရေတွေက အဘက်ဘက်က ဝင်လာတာဆိုတော့ ဒီနေရာမှာဆုံပြီး ချောင်းရေလျှံပြီး ဒီမှာ ရေတွေကြီးနေတာပါ။ ကျမတို့ ကူညီ ကယ်ဆယ်ရေး လုပ်ဆောင်နေပါတယ်” လို့ ပြောပါတယ်။
မယ့်ပင်းမြစ်တဘက်တခြမ်းက ပါခွယ်၊ ညဈေး၊ မိန်းမိုင်ကုန်စိမ်းဈေးကြီး၊ ချင်းမိုင်လဲန်းအိမ်ရာ၊ ချန့်ခလန်းလမ်း၊ ဝမ်ဆင်ခမ်းလမ်း၊ နောင်ဟွယ်ရပ်ကွက်၊ ဒုတိယမြို့ရှောင်လမ်း၊ Lanna 3 ဆေးရုံတို့မှာ ရေကြီးနေသလို DoiSuthep တောင်ခြေက ချင်းမိုင်တက္ကသိုလ်မှာလည်း ရေတွေကြီးနေတယ်လို့ သိရပါတယ်။
ရေကြီးမှုဒဏ်ကိုခံနေရတဲ့ ချင်းမိုင်မြို့မှာ စာသင်ကျောင်းတချို့၊ စားသောက်ဆိုင်တချို့နဲ့ စီးပွားရေး လုပ်ငန်းတချို့ကိုလည်း ပိတ်ထားတယ်လို့ သိရပါတယ်။
ဇွဲသစ်