မြန်မာနိုင်ငံမှာ ပဋိပက္ခနဲ့ တင်းမာမှုတွေ တိုးမလာစေဖို့နဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေကို အကာအကွယ်ပေးရေး ဦးစားပေးလုပ်ဆောင်ဖို့ အထူးသဖြင့် မြန်မာစစ်တပ်တာဝန် ရှိသူတွေ အားလုံးကို တောင်းဆိုတဲ့အကြောင်း ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီမှာ ယူကေ အစိုးရက ပြောကြားလိုက်ပါတယ်။
စက်တင်ဘာ ၉ ရက်စွဲနဲ့ ယူကေအစိုးရ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) ရဲ့ အစီရင်ခံစာအပေါ် ၅၇ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ဆွေးနွေးခဲ့တာလို့ ဖော်ပြထားပါတယ်။
IIMM ရဲ့ နောက်ဆုံးအစီရင်ခံစာထဲမှာ မြန်မာစစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် နောက်ထပ် ထိတ်လန့်ဖွယ်ရာ အထောက်အထားတွေကို ဖော်ထုတ်ထားသလို အရပ်သားတွေကို ရက်စက်ကြမ်းကြုတ်စွာ တရားလက်လွတ် သတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ကျား၊ မ အခြေပြု လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ကလေးသူငယ်တွေ အပါအဝင် အတင်းအကျပ် တပ်သားသစ် စုဆောင်းတာတွေဟာ သိသိသာသာ တိုးလာနေတယ်လို့ ဆိုပါတယ်။
အဲဒီလိုကျူးလွန်မှုတွေကနေ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့အပေါ် နိုင်ငံတကာက အရေးယူ ရမှာဖြစ်ပြီး မြန်မာစစ်တပ်အနေနဲ့ ဒီလုပ်ရပ်တွေအတွက် တာဝန်ယူရမယ်လို့လည်း ယူကေအစိုးရက ပြောလိုက်ပါတယ်။
ဒါ့အပြင် IIMM ရဲ့ စေ့စပ်သေချာတဲ့ အထောက်အထားတွေ စုဆောင်းတာတွေ၊ အမုန်းစကားတွေနဲ့ လိင်ပိုင်းဆိုင်ရာနဲ့ ကျား၊ မ ရေးရာအခြေခံ ရာဇ၀တ်မှုတွေအပေါ် မကြာသေးမီက ထုတ်ပြန်ထားတဲ့ အစီရင်ခံစာတွေဟာလည်း ဒီအားထုတ်မှုအတွက် အရေးကြီးသလို ယန္တရားရဲ့ လုပ်ငန်းဆောင်တာအတွက် ယူကေအစိုးရက စတာလင်ပေါင် ၈ သိန်း ပံ့ပိုးပေးခဲ့တဲ့အပေါ် ဂုဏ်ယူကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုတဲ့အမှုကို ထည့်သွင်းစဉ်းစားတာနဲ့ ဒီအမှုမှာ နိုင်ငံတကာကို ပူးပေါင်းပါဝင်ခွင့်ပြုတဲ့အပေါ် ကြိုဆိုလိုက်ပြီး တရားရုံး ယာယီအစီအမံတွေကို လိုက်နာဖို့လည်း မြန်မာနိုင်ငံကို ယူကေအစိုးရက တိုက်တွန်းထားပါတယ်။