Home
နိုင်ငံတကာ
ထိုင်းညွန့်ပေါင်းအစိုးရသစ် ဝန်ကြီးစာရင်း ထွက်ရှိ
DVB
·
September 3, 2024
Photo - Reuters

ထိုင်းညွန့်ပေါင်းအစိုးရအဖွဲ့သစ်ရဲ့ ဝန်ကြီးစာရင်း အပြီးသတ်ပြီဖြစ်ပြီး ဘုရင့်အတည်ပြုချက် ရအောင် ဒီတပတ်တည်းမှာ တင်ပြသွားမယ်လို့ ဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်က ပြောကြားလိုက်ပါတယ်။

အစိုးရအဖွဲ့ဝင်ဖြစ်လာမယ့် ၃၅ ယောက်စလုံးရဲ့ နောက်ကြောင်းနဲ့ အရည်အချင်းကို သေသေချာချာ စိစစ်ထားတာဖြစ်ပြီး ဒီတပတ်အကုန်လောက်မှာ ဘုရင်အတည်ပြုချက်ရဖို့ မျှော်လင့်ထားကြောင်း ဝန်ကြီးချုပ်သစ်က ပြောပါတယ်။

ဖဲထောင်းထန်းရှေ့က ဝန်ကြီးချုပ် ဆေထာ ထဝီးဆင်ဟာ ပြစ်ဒဏ်ကျခံခဲ့ဖူးသူကို ဝန်ကြီးချုပ်ရုံးဝန်ကြီး ခန့်အပ်တဲ့အတွက် ကျင့်ဝတ်ချိုးဖောက်ရာ ရောက်တယ်ဆိုပြီး ရာထူးက ဖယ်ရှားခံခဲ့ရပါတယ်။

ဒါကြောင့် ဖဲထောင်းထန်းကို ဝန်ကြီးချုပ်သစ်အဖြစ် အောက်လွှတ်တော်က ဩဂုတ် ၁၆ ရက်မှာ ရွေးကောက်ခဲ့တာ ဖြစ်ပါတယ်။

အတည်ပြုနိုင်ပြီဆိုရင် ဖွေ့ထိုင်းပါတီ ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရဟာ စက်တင်ဘာ ၁၅ ရက်နေ့ ကျမ်းကျိန်မှာဖြစ်တယ်လို့ ဆိုပါတယ်။

အစိုးရသစ်မှာ ဖွေ့ထိုင်းပါတီက ၁၇ နေရာယူမှာဖြစ်ပြီး ကာကွယ်ရေး၊ ပို့ဆောင်ရေး၊ ဘဏ္ဍာရေး၊ ခရီးသွားလုပ်ငန်းနဲ့ အားကစား၊ ကျန်းမာရေး၊ နိုင်ငံခြားရေးလို အဓိက ဝန်ကြီးနေရာတွေနဲ့ ဒုဝန်ကြီးချုပ် ၂ နေရာ ပါဝင်ပါတယ်။

အင်အားအကြီးဆုံးမဟာမိတ် ဘွမ်ဂျိုင်ထိုင်း ပါတီကတော့ ဝန်ကြီး ၈ နေရာရမှာဖြစ်ပြီး အရင်အစိုးရလက်ထက်ကအတိုင်း နေရာတွေမပြောင်းလဲဘဲ ပါတီခေါင်းဆောင်ဖြစ်သူက ဒုဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးနေရာ ဆက်ယူမှာ ဖြစ်ပါတယ်။

United Thai Nation ပါတီ (UTN) က ဝန်ကြီးနဲ့ ဒုဝန်ကြီး ၄ နေရာရပြီး အခြားပါတီငယ် ၃ ခုကလည်း တနေရာနဲ့ ၂ နေရာစီ ရကြမှာဖြစ်ပါတယ်။

တချိန်က ဖွေ့ထိုင်းရဲ့ပြိုင်ဘက်ဟောင်းဖြစ်ခဲ့တဲ့ ဒီမိုကရက်ပါတီပါ ညွန့်ပေါင်းအစိုးရမှာ ပါဝင်လာပြီး စိုက်ပျိုးရေးဝန်ကြီးနေရာကို ပါတီခေါင်းဆောင်က ရမှာဖြစ်သလို ဒုဝန်ကြီး ၂ နေရာလည်းရမှာ ဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013