အမေရိကန်ပြည်ထောင်စု၊ မန်ဆာချူးဆက်ပြည်နယ်မှာ ခြင်ကနေ ပျံ့နှံ့လာတဲ့ လူသေစေတတ်တဲ့ ဗိုင်းရပ်စ်က ဒေသခံတွေကို ခြိမ်းခြောက်နေတာကြောင့် မန်ဆာချူးဆက် ရပ်ရွာအသိုင်းအဝိုင်းမှာ သတိကြီးကြီး ထားနေရပါတယ်။
Triple E လို့ ခေါ်ကြတဲ့ အရှေ့ပိုင်း အီကွိုင်းန် ဦးနှောက်ရောင် ဗိုင်းရပ်စ် ပျံ့နှံ့နေမှုကြောင့် တချို့မြို့တွေမှာ ညနေစောင်းရင် ပန်းခြံတွေ ပိတ်တာ၊ ပြင်ပလှုပ်ရှားမှုတွေကို ကန့်သတ်တာနဲ့ အများသူငှာ အခမ်းအနားတွေကို ပြန်လည်စီစဉ်ခြင်းတွေ အပါအဝင် ကာကွယ်ရေး အစီအမံတွေကို လုပ်ဆောင်နေကြပါတယ်။
E ၃ လုံး ဗိုင်းရပ်စ်ဟာ အမေရိက မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ တောင်ပိုင်းအပြင် ကာရေဘီယံ ဒေသတို့မှာ ရှိနေတဲ့ ခြင်က သယ်ဆောင်လာပြီး လူကို ကူးစက်တတ်တဲ့ တိုဂါဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ ရောဂါလို့ ဆိုပါတယ်။
အဖျားတက်၊ ခေါင်းကိုက်၊ အော့အန်၊ ဝမ်းလျှော၊ တက်တာ၊ အမူအကျင့် ပြောင်းလဲတာနဲ့ အိပ်ငိုက်တာတွေဟာ ဗိုင်းရပ်စ်ရဲ့လက္ခဏာတွေ ဖြစ်နိုင်တယ်လို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြကြပြီး ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၃၀ ရာခိုင်နှုန်းလောက်က သေဆုံးသွားကြကြောင်းလည်း သိရပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနဲ့ အပူရှိန် မြင့်တက်မှုတို့ကြောင့် ဒီလို ရှားရှားပါးပါး လူသေဆုံးစေတတ်တဲ့ ဗိုင်းရပ်စ်ပိုး ဖြစ်ပွားမှုကို လှုံ့ဆော်ပေးခဲ့တယ်လို့ သတင်းတွေမှာ ဆိုပါတယ်။
ABC သတင်းဌာနကို ပံ့ပိုးသူ ဒေါက်တာ အာလော့ခ်ပါတယ်လ် က လူတွေကို ဗိုင်းရပ်စ်ပျံ့နှံ့မှုကို တားဆီးရာမှာ အထောက်အကူဖြစ်စေဖို့အတွက် ရေသေတွေ၊ ရေဝပ်တဲ့ နေရာမျိုးတွေကို ဖယ်ရှားရှင်းလင်းဖို့ တိုက်တွန်းခဲ့ပါတယ်။
အထူးသဖြင့် နွေရာသီ ပိုရှည်လျားလာလို့ ပိုပြီး ပူနွေးစိုစွတ်မှုတွေ ရှိလာရင် ဒီထက်ပိုပြီး ပြင်းထန်တဲ့ ဖြစ်ရပ်တွေ တွေ့လာရတော့မယ်လို့လည်း ဒေါက်တာ အာလော့ခ် ပါတယ်လ်က ပြောပါတယ်။
Source-Reuters