Home
မြန်မာသတင်း
စက်သုံးဆီကြောင့် အဝေးပြေးယာဥ်လိုင်း ကားလက်မှတ်ဈေးနှုန်းများ မြင့်တက်
DVB
·
August 20, 2024

စက်သုံးဆီအခက်အခဲကြောင့် အဝေးပြေးယာဥ်လိုင်း ကားလက်မှတ်ဈေးနှုန်းတွေ မြင့်တက်လာပြီး ဆီအခက်အခဲ ဆက်ဖြစ်နေဦးမယ်ဆိုရင် ယာဥ်လိုင်းတွေ ရပ်နားသွားနိုင်တဲ့ အခြေအနေ ဖြစ်လာနိုင်တယ်လို့ အဝေးပြေးယာဉ်လုပ်ငန်းတွေဆီက သိရပါတယ်။

နယ်မြို့တွေက ပြန်ဆင်းလာတဲ့ အဝေးပြေးယာဥ်လိုင်းတွေ ရန်ကုန်ရောက်တဲ့အခါ စက်သုံးဆီ ဝယ်ယူရတဲ့ အခက်အခဲကြောင့် ကားလက်မှတ်ခဈေးတွေ ပြောင်းလဲလာရပြီး ဈေးတိုးသတ်မှတ်ရတဲ့ အခြေအနေတွေ ဖြစ်လာပါတယ်။

ဒီအခြေအနေကို ရန်ကုန်မှ တောင်ကြီး၊ မန္တလေး၊ မုံရွာ အဓိကထား ပြေးဆွဲနေတဲ့ အဝေးပြေးယာဥ်လိုင်းတလိုင်းမှ တာဝန်ရှိသူတယောက်က အခုလို ပြောပါတယ်။

“ဟိုနေ့ကဆို ဆီက ပထမနေ့က ဆီက ၇ သိန်းခွဲနဲ့ ဝယ်ထည့်ရတယ်၊ ဆီတပေပါကို။ မနေ့တုန်းက ၁၄ သိန်းတဲ့၊ ဒီနေ့ နည်းနည်းပြန်ကျတယ်။ ၁၀ သိန်းတဲ့။ ၁၀ သိန်းပေးပြီး တလီတာကို ဘယ်လောက်ကျသွားလဲ။ ၇,၀၀၀ လောက်ကျတယ်။ ဆီဈေးကြည့်လိုက်တော့ ဆီဆိုင်တွေကအစ ဒီ ဒေါ်လာဈေးနဲ့ ဆီဈေးဆိုရင် တလီတာကို ၇,၀၀၀ ဈေးဆိုရင် ပေါပေါသီသီ သုံးရတယ်။ တလီတာ ၇,၀၀၀ ဈေးဆိုရင် မန်းလေးဆိုရင် ၄ သောင်းခွဲ၊ တောင်ကြီးဆိုရင် ၅ သောင်း ရောင်းမှရမှာ။ အဲ့တော့ ဘယ်သူခံရတာလဲ။”

ကားလက်မှတ်ခတွေ ဈေးနှုန်းပြောင်းလဲရာမှာ ရန်ကုန်-မန္တလေး အထူးကားလက်မှတ်ခတွေက အရင်က ကျပ် ၃၈,၀၀၀ ကနေ ကျပ် ၄၂,၀၀၀၊ ရန်ကုန်-တောင်ကြီး လက်မှတ်က အရင်က ကျပ် ၃၈,၀၀၀ ကျပ်ကနေ ကျပ် ၄၂,၀၀၀၊ ရန်ကုန်-ပုဂံ ခရီးစဥ်က ကျပ် ၃၄,၀၀၀ ကနေ ကျပ် ၃၈,၀၀၀ အထိ ဈေးနှုန်းမြင့်တက်လာပါတယ်။

အထူးကားတွေ လက်မှတ်ခဈေးတက်သလို ရိုရိုးကားလက်မှတ်ခတွေလည်း ကျပ် ၃,၀၀၀ ကနေ ကျပ် ၄,၀၀၀ အထိ မြင့်တက်လာပါတယ်။

လတ်တလော လက်ကျန်ဆီနဲ့ ကားပုံမှန်ထွက်နေတဲ့ ယာဥ်လိုင်းတလိုင်းကတော့ ကားလက်မှတ်ခဈေးနှုန်း အပြောင်းအလဲ မရှိသေးဘဲ လက်ရှိအခြေအနေကို စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

“အများကြီးတော့ တက်ဖို့တော့ မရှိပါဘူး အမ။ ဘာဖြစ်လို့လဲဆိုတော့ နဂိုတည်းက ဒီဟာတွေက အမြဲတမ်း အကြာကြီးဖြစ်နေတာ မဟုတ်တဲ့အတွက် နည်းနည်းတော့တက်မယ်။ ငါးထောင်စ၊ တသောင်းစ အဲ့လောက်ပါပဲ။ မတော်မတရားကြီး တက်ရင်လည်း တော်တန်ရုံလူက အဆင်မပြေကြဘူး။ လမ်းမှာလည်း ကျနော်တို့သွားရတဲ့ရက်တွေ ရှိတယ်။ ကုန်ကျစရိတ်တွေနဲ့ ဆီဖိုးတွေနဲ့ ဘယ်လိုပြောရမလဲ၊ အတိုင်းအတာတခုအထိ စောင့်ကြည့်လို့မှ မရရင်တော့ တက်တော့တက်သွားနိုင်တယ်။ တသောင်းတက်ရင်လည်း တက်မယ်၊ နှစ်သောင်းတက်ရင်လည်း တက်မယ်။ တကယ်လို့မှ မကိုက်ဘူးဆိုရင်လည်း ယာဥ်လိုင်းတွေအနေနဲ့လည်း ရပ်နားဖို့လည်း ရှိကောင်းရှိလိမ့်မယ်။ ကျနော်တို့ကျတော့လည်း ရပ်နားပြီဆိုရင်တော့ ကိုယ့်နေရာကိုယ် ပြန်ရမယ်။ ကိုယ်တွေအနေနဲ့ကလည်း  ထွက်ချင်တိုင်းလည်း ထွက်လို့၊ အသင်းပိုင်တွေရှိတယ်၊ ဂိတ်ပိုင်တွေရှိတယ်။ သူတို့လည်း ကိုက်မကိုက် နောက်ဆုံး စဥ်းစားပြီးတော့ နောက်ဆုံးအဆင့် လုံးလုံးမရတော့ဘူး၊ ရပ်ပြီဆိုရင်တော့ နားပေါ့။ ဒါပဲရှိတာပေါ့။”

စက်သုံးဆီအခက်အခဲက ယာဥ်လိုင်းတွေကို အခေါက်ရေ လျှော့ချပြေးဆွဲတာတွေ၊ စစ်ရေးကြောင့် လားရှိုး အပါအဝင် ရှမ်းပြည်မြောက်ပိုင်းကို ပြေးဆွဲနေတဲ့ ယာဥ်လိုင်းတွေ ရပ်နားရတာ စတာတွေကြောင့် အောင်မင်္ဂလာအဝေးပြေးကွင်း တခုလုံး ခြောက်ကပ်နေသလို အဝေးပြေးယာဉ်လိုင်းတွေ ဆိုက်ရောက်ရာ နေရာမှာလည်း ကားနဲ့လူတွေ ရှင်းလင်းနေပါတယ်။

အောင်မင်္ဂလာအဝေးပြေးဝင်းထဲမှာရှိနေတဲ့ မက်စ် စက်သုံးဆီအရောင်းဆိုင်လည်း ပိတ်ထားပြီး အဝေးပြေးကွင်းအနီးက ဆရာကြီး စက်သုံးဆီ အရောင်းဆိုင်မှာတော့ ဆိုင်ကယ်ဘေးတွဲတွေနဲ့အတူ  အဝေးပြေးကားတွေလည်း စက်သုံးဆီ တန်းစီနေကြရတာ ဖြစ်ပါတယ်။

စက်သုံးဆီအခက်အခဲကြောင့် လက်မှတ်ဈေးနှုန်းတွေ တက်ရပေမဲ့ ဈေးကြီးပေး စီးနင်းကြရတဲ့ ခရီးသွားတွေအတွက် ကိုယ်ချင်းစာ သနားမိတယ်လို့ ယာဥ်လိုင်းကြီးကြပ်သူ တယောက်က ပြောပါတယ်။

“အဝေးပြေးအတွက်သာ သီးသန့်လေးလုပ်ပြီး ပြည်သူအတွက် သီးသန့်များ ကြည့်လို့ရှိရင် သယ်ယူစရိတ်တွေ သက်သာမယ်၊ ပစ္စည်းဈေးတွေကျမယ်၊ ပြည်သူ ပေါပေါသီသီသုံးရမယ်။ ဟုတ်တယ်မဟုတ်ဘူးလား။ အခုက လခစားသမားတွေ သနားဖို့ကောင်းတာ ခရီးသွားဖို့ဆိုတာ ဆီဈေး။ မန္တလေးသာ ဒီလိုဖြစ်နေတာ၊ တောင်ကြီး လေးသောင်းရောင်းတယ်။ ရိုးရိုးကား သုံးသောင်းခွဲ ဘယ်လိုလုပ်စီးကြမှာလဲ။ လေးသောင်းဆိုရင်ပဲ အသွားအပြန် ရှစ်သောင်းဖြစ်ပြီလေ။ လမ်းစားတာနဲ့ဆိုရင် တသိန်းပါမှ။ အသွားနဲ့အပြန်၊ ဒါတောင် ဒီကနေ မြို့ထဲဆိုရင် နှစ်သောင်းခွဲလောက် ပေးရတယ်။ ကိုယ်ချင်းစာတယ်။ သနားတယ်။ ဘာမှမရှိဘူး လုပ်ရတာ။ ကိုယ်လည်း ဘာမှမလုပ်နိုင်ဘူး။”

စက်သုံးဆီ အလုံအလောက် ဖြန့်ဖြူးပေးထားတယ်လို့ စစ်ကောင်စီက ပြောဆိုနေပေမဲ့လည်း ဆီအခက်အခဲက တနေ့ထက်တနေ့ ပိုမိုဆိုးရွားလာပြီး အဝေးပြေးယာဉ်လိုင်းတွေ လက်မှတ်ဈေးနှုန်း မြင့်တက်လာတာနဲ့အတူ အခေါက်ရေ လျှော့ချပြေးဆွဲတာတွေ ဖြစ်လာနေပါတယ်။

ဒါ့အပြင် ရန်ကုန်ပြန်ဝင်လာတဲ့ အဝေးပြေးယာဥ်မောင်းတွေမှာလည်း နားချိန်မရှိဘဲ နေ့ရောညပါ ဆီတန်းစီလာရတဲ့အတွက် ကျန်းမာရေးကို ဂရုမစိုက်နိုင်တဲ့အထိ ဖြစ်လာတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013