စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ မွန်နဲ့ တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ပြည်တွင်း ပြည်ပရောက် မွန်လူငယ်တွေနဲ့ မွန်ပြည်သူပြည်သားတွေအားလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တက်ညီလက်ညီ တိုက်ပွဲဝင်ကြဖို့ မွန်လက်နက်ကိုင် ၃ ဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
ဒီကနေ့ ကျရောက်တဲ့ ၇၇ ကြိမ်မြောက်မွန်တော်လှန်ရေးနေ့ဂုဏ်ပြုရင်းနဲ့ မွန်လက်ကိုင် ၃ ဖွဲ့ဖြစ်တဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(NMSP-AD)၊ မွန်ပြည်တော်လှန်ရေး တပ်(MSRF)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF)တို့က ထုတ်ပြန် တိုက်တွန်းလိုက်တာပါ။
မွန်အမျိုးသားတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်၊ မွန်ကြမ္မာ မွန်တို့ ဖန်တီးခွင့်ရရှိရေးအတွက် ၁၃၁၀ ခု ဝါခေါင်လပြည့်နေ့မှာ နိုင်ပန်းသာ၊ နိုင်မောင်သိန်းနဲ့ မွန်မျိုးချစ်လူငယ် ၂၇ ဦးတို့ ဦးဆောင် စတင်လာခဲ့တဲ့ မွန်လက်နက်ကိုင်တော်လှန်ရေးဟာ အခု ၂၀၂၄ ခု ဩဂုတ် ၁၉ ရက်မှာ နှစ်ပေါင်း (၇၇) နှစ် ပြည့်မြောက်ပြီ ဖြစ်ပါတယ်။
တော်လှန်ရေးကာလတလျှောက် မွန်လူမျိုးတွေ လိုလားတဲ့ အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အစရှိတဲ့ အခွင့်အရေးတွေ လက်လွတ်ဆုံးရှုံးနေဆဲ ဖြစ်ပြီး လက်ရှိ မင်းအောင်လှိုင်ရဲ့ အာဏာရှင်စစ်တပ်ဟာ မွန်တမျိုးသားလုံးရဲ့ ဘုံရန်သူဖြစ်တဲ့ အကြောင်း ဖော်ပြထားပါတယ်။
မွန်တမျိုးသားလုံးရဲ့ ဘုံရန်သူကို တမျိုးသားလုံးအင်အားစုအသွင်နဲ့ စုစည်းတော်လှန်ဖို့ လိုအပ်နေသလို ဘုံရန်သူစစ်အာဏာရှင်ကို တိုက်ပွဲဝင်နေတဲ့ မွန်ပြည်နယ်အတွင်းရှိ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့အားလုံး စုစည်းတိုက်ပွဲဝင်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း တိုက်တွန်းထားပါတယ်။
တော်လှန်ရေးအင်အားစုတွေက မြန်မာပြည်မြောက်ပိုင်း၊ အနောက်ပိုင်း၊ တခြားတိုင်းနဲ့ ပြည်နယ်တွေမှာ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေကြကာ ရန်သူရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေလည်း ညီညွတ်မှုပျက်ပြားနေကာ အာဏာရှင်စစ်တပ် လွန်စွာယိမ်းယိုင်နေပြီးဖြစ်တဲ့အတွက် ဒီကနေ့ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေအရပ်ရပ်ဟာ အမျိုးသားလွတ် မြောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲတွေအတွက် အကောင်းမွန်ဆုံးအချိန်အခါ ဖြစ်ကြောင်းလည်း ထောက်ပြထားပါတယ်။
မွန်ပြည်နယ်တော်လှန်ရေးနေ့ဟာ ၁၉၄၈ ခုနှစ် ဝါခေါင်လပြည့်နေ့မှာ ကရင်ပြည်နယ် ဇာသပြင်ရှိ ရဲစခန်းတခုကို မွန်လူငယ် ၂၀ ကျော်က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့နေ့ကို မွန်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။