ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အခြေစိုက် ရဲတပ်ရင်း ၅ က ရဲတပ်ဖွဲ့ဝင်တယောက် ဩဂုတ် ၁၇ ရက်နေ့က လက်နက်နဲ့တကွ အလင်းဝင်ရောက်ခဲ့ပြီး ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
မှော်ဘီမြို့နယ်၊ ရဲတပ်ရင်း ၅ က ရဲတပ်သား မျိုးချစ်သူဟာ မနေ့က G3 သေနတ် ၁ လက်၊ ကျည်အတောင့် ၁၅၀၊ လက်ပစ်ဗုံး ၁ လုံးတို့နဲ့အတူ ပြည်သူ့ရင်ခွင် ခိုလှုံလာတယ်လို့ တောင်သာမြို့နယ်ပကဖ တာဝန်ရှိသူတယောက်က ပြောပါတယ်။
“စစ်ကောင်စီတပ်က တောင်သာကို ပြီးခဲ့တဲ့ မေလလောက်ထဲက အင်အားဖြည့်ထားချိန် သူလည်း ရောက်နေတယ်လို့ ပြောတယ်။ အခု သူ ရုန်းလို့ရတဲ့အခြေအနေကြောင့် ဒီဘက်ကို ရုန်းထွက်လာတာပါ။ သူ့ရဲ့သဘောထားကို မသိရှိရသေးပါဘူး” လို့ ပြောပါတယ်။
ရဲတပ်သား မျိုးချစ်သူရဲ့ မိသားစုဝင်တွေဟာ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်း နေထိုင်နေကြပြီး လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတဲ့အပေါ် ဂုဏ်ပြုငွေသိန်း ၅၀ ကျပ် ကို ချီးမြှင့်ထားတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် တောင်သာမြို့နယ်ထဲက စစ်သား၊ ရဲ၊ ပျူစောထီးတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ အရှုံးကို သိမြင်ပြီး ပြည်သူ့ရင်ခွင်ကို အမြန်ဆုံးခိုလှုံကြဖို့လည်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။
Photo - တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့