ထိုင်း-မြန်မာနယ်စပ် တာချီလိတ်ခရိုင်နဲ့ ချင်းရိုင်းခရိုင်တွေမှာ ဩဂုတ် ၁၃ ရက်ကစ မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် ၂ ရက်ဆက်တိုက် ရေတွေကြီးနေဆဲပဲလို့ TNN ထိုင်း TV သတင်းမှာ ဖော်ပြပါတယ်။
နှစ်နိုင်ငံကို နယ်စပ်မျဉ်းပမာခြားထားတဲ့ မယ်ဆိုင်ချောင်းရေဟာ ကျဉ်းမြောင်းတာကြောင့် ရေတွေဟာ နှစ်နိုင်ငံစလုံးက ရပ်ကွက်တွေထဲ ရေတွေလျှံကျလာတယ်ပြီး မယ်ဆိုင်ဘက်ခြမ်းက ဆိုင်လုမ်းကျွိုင်းဈေးကြီးထဲ ရေတွေပြည့်နေလို့ ဩဂုတ် ၁၄ နဲ့ ၁၅ ရက်တွေအတွင်း ဈေးပိတ်ထားရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ချင်းရိုင်းခရိုင် မယ့်ကျန်းမြို့နယ်ထဲမှာလည်း မဲ့ကျန်းချောင်းရေလျှံကျလာတာကြောင့် ချောင်းအနီးနားတဝိုက် နွန်းကျန်ဈေးနဲ့ ပါတိန်းရပ်ကွက်ရှိ လူနေအိမ်ခြေထဲ ရေတွေဝင်ရောက်နေပါတယ်။
ချင်းရိုင်မြို့နယ် ရာ့ချ်ဘတ်တက္ကသိုလ်အနီးတဝိုက်မှာလည်း မိုးရေနဲ့ တောင်ကျရေတွေရောပြီး ကျောင်းရှေ့မှာ ရေတွေကြီးနေတယ်ပြီး ရေအမြင့်မှာ ကားလမ်းထက်ကနေ စင်တီမီတာ ၃၀ မှ ၄၀ ထိတက်နေသလို လမ်းမကြီးမှာအရှည် ၁ ကီလိုအကွာထိရေတွေဝင်နေလို့ ၄ လမ်းသွားလမ်းကို ၂ လမ်းသာသွားလို့ရပြီး ယာဉ်ကြောတွေ ပိတ်နေပါတယ်။
ချင်းရိုင်းမှာ ဒီနှစ်မိုးရာသီအတွင်း ရေကြီးရေလျှံတာ ၃ ကြိမ်ရှိသွားပြီဖြစ်ပြီး ပြီးခဲ့တဲ့ ၂ ကြိမ်က တနေ့တည်းနဲ့ ရေပြန်ကျပေမဲ့ ဒီတခေါက်ကတော့ ၂ ရက်ကြာတာတောင် ရေမကျသေးဘူးလို့ ဒေသခံတွေကို ကိုးကားပြီး ထိုင်းသတင်းမှာဖော်ပြပါတယ်။
အလားတူ မြန်မာဘက်ခြမ်း တာချီလိတ်မှာလည်း တာလော့ဈေးထဲရေတွေဝင်နေလို့ ဈေးပိတ်ထားရသလို အမှတ် ၁ ချစ်ကြည်ရေးတံတားအောက်မှာလည်း ရေတွေပြည့်နေတယ်၊ အရေးပေါ်သွားလာစရာရှိတဲ့သူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ကြိုးနဲ့ ဆွဲခေါ်သွားရတယ်လို့ ဆိုပါတယ်။
အနိမ့်ပိုင်းရပ်ကွက်က ရေဘေးသင့်ပြည် သူတွေကို ထမင်းဘူးနဲ့ သောက်ရေသန့်တွေ လိုက်လံဝေငှပေးနေတာမှာ ဩဂုတ် ၁၄ ရက် နေ့က ထမင်းဘူး ၁၀၀၀၊ ဩဂုတ် ၁၅ ရက်မှာ ထမင်းဘူး ၈၀၀ ချက်ပြုတ်ဝေငှပေးခဲ့တယ်လို့ ဦးလှမိုး တာချီလိတ်လူမှုကူညီရေးအသင်းရဲ့ လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။
ဩဂုတ် ၁၆ ရက် ဒီကနေ့မှာတော့ ရေတွေတဖြည်းဖြည်းပြန်ကျနေပြီး ရပ်ကွက်သူ ရပ်ကွက်သားနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက သန့်ရှင်းရေးပြန်လုပ်နေကြပြီလို့ တာချီလိတ်မြို့ခံက ပြောပါတယ်၊
Source: TNN News / MGR Online