ထိုင်း-မြန်မာ နှစ်နိုင်ငံကြား အများပြည်သူ ကူးလူးဆက်ဆံသွားလာနိုင်တဲ့ တာချီလိတ်-မယ်ဆိုင် အမှတ် ၁ ချစ်ကြည်ရေးတံတားနဲ့ မြဝတီ-မဲဆောက် အမှတ် ၁ ချစ်ကြည်ရေးတံတားတွေကို ဇွန် ၁ ရက် ဒီနေ့ ဖွင့်ဖို့ နှစ်နိုင်ငံ ခရိုင်တာဝန်ရှိသူတွေ သဘောတူထားကြပေမဲ့ မြန်မာဘက်က သဘောမတူသေးတာကြောင့် မဖွင့်လှစ်နိုင်သေးပါဘူး။
တာချီလိတ်-မယ်ဆိုင် အမှတ် ၁ ချစ်ကြည်ရေးတံတားဖွင့်ဖို့ ခရိုင်အဆင့် အာဏာပိုင်တွေ အစည်းအဝေး ၂ ကြိမ်လုပ်ကာ သဘောတူညီချက်ရပြီး ထိုင်းဘက်ခြမ်းမှာဆိုရင် အကောက်ခွန်ဌာနက သန့်ရှင်းရေးနဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်ထားပြီး ဇွန် ၁ ရက်နေ့မှာ ဖွင့်မယ်လို့ ကြေညာထားခဲ့ပါတယ်။
ဒါပေမဲ့ မြန်မာဘက်ခြမ်းက ဗဟိုအစိုးရရဲ့ ခွင့်ပြုချက် မရရှိသေးတာကြောင့် မဖွင့်နိုင်သေးဘဲ ဒီကနေ့မနက် အနေအထားမှာ တံခါးနှစ်ဖက်လုံး သော့တွေနဲ့ အခိုင်အမာ ခတ်ထားဆဲပဲလို့ နယ်မြေထဲထိ သွားရောက်သတင်းယူနေတဲ့ ထိုင်းပီဘီအက်စ်သတင်းထောက်က ပြောပါတယ်။
အနီးနားနေ ပြည်သူတွေကို မေးမြန်းရာမှာ သူတို့လည်း ရောင်းဝယ်ဖောက်ကားနိုင်ဖို့ တံတားဖွင့်ရက် စောင့်မျှော်နေကြောင်း၊ တံတားပိတ်ထားတာကြာလို့ အရောင်းအဝယ် အေးနေတယ်လို့ ပြောပါတယ်။
ဆိုင်ကယ် ကယ်ရီသမားတယောက်ကလည်း တံတားမဖွင့်လို့ ဝင်ငွေမရှိကြောင်း၊ တံတားဖွင့်ရင် တာချီလိတ်ဘက်ခြမ်းကနေ ဈေးလာဝယ်တဲ့သူတွေကို ကြိုပို့ရလို့ အလုပ်ဖြစ်ကြောင်း၊ အရင်က ဝင်ငွေ တနေ့ ဘတ် ၄၀၀ မှ ၅၀၀ ထိရပေမဲ့ အခု တံတားပိတ်ထားတဲ့ ကာလမှာတော့ ဆိုင်ကယ်စီးသူ မရှိသလောက် ရှားသွားလို့ ဝင်ငွေမရှိဘူးလို့ ပြောပါတယ်။
အလားတူ မြဝတီ-မဲဆောက်ကြားက နှစ်နိုင်ငံချစ်ကြည်ရေးတံတားမှာလည်း ဖွင့်မယ်လို့ ပြောနေတာ ဒီနှစ်ဆန်းပိုင်း ဇန်နဝါရီလကတည်းကဖြစ်ပြီး ထိုင်းဘက်က အကြိမ်ကြိမ် ပြင်ဆင်မှုတွေ လုပ်ထားကြောင်း၊ ဖွင့်မယ်ဆိုတာကို လတိုင်းပြောခဲ့ပြီး ဒီနေ့ထိ မဖွင့်သေးဘူးလို့ မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက ဒီဗွီဘီကို ပြောပါတယ်။
“ထိုင်းဘက်က အမြဲတမ်း အဆင်သင့်ပါပဲ။ ၂၀၂၂ ဇန်နဝါရီ ၁ ရက်နေ့ကတည်းက ပြောနေတာခုထိ၊ ဒီမေလထဲမှာ တာ့ခ်အာဏာပိုင်တွေ အစည်းဝေးလုပ်တာ ၂ ခါ၊ ပြီးခဲ့တဲ့ ဧပြီလမှာလည်း ၃ ခါ စည်းဝေးတယ်၊ နယ်စပ်မှာ လူတွေတင်မကဘဲ မော်တော်ယာဉ်တွေ၊ ကုန်တင်ယာဉ်တွေ ဘယ်လိုသွားမယ်၊ ဘယ်လိုလာမယ်၊ ဘယ်လိုစီမံခန့်ခွဲမယ်ဆိုတာ အစစအရာရာ ၅ ကြိမ်လောက် စည်းဝေးပြီးပြီ။ မြန်မာဘက်ကနေ အလိုက်သင့် အလျားသင့် လက်ခုပ်မတီးသေးဘူးပေါ့ဗျာ။ လက်ခုပ်သံက နှစ်ဖက်တီးမှ မြည်မှာကိုး။”
အခုလိုဖြစ်ရတာဟာ မြန်မာဘက်က အရပ်သားအစိုးရဆိုရင် စီးပွားရေးနဲ့ ကုန်သွယ်ရေးကို ဦးစားပေးပြီး စစ်အစိုးရက လုံခြုံရေးနဲ့ ကာကွယ်ရေးကို ဦးစားပေးကာ စိုးရိမ်စိတ်တွေ လွန်ကဲပြီး မဖွင့်နိုင်သေးတာလို့ ဦးမိုးကြိုးက သုံးသပ်ပြောဆိုပါတယ်။